အောက်တိုဘာ ၁ ရက်က တိုကျိုဆင်ခြေဖုံး ယိုကိုဆူကာရှိ အမေရိကန် ရေတပ်စခန်းသို့ ရောက်ရှိလာသော USS Ronald Reagan (Photo: AFP)
ဂျပန်သည် လုံခြုံရေးဥပဒေသစ်များ ပြဋ္ဌာန်းခဲ့ပြီးနောက် အမေရိကန်နှင့်ကာကွယ်ရေးဆက်ဆံမှု တိုးမြှင့်နေစဉ် အမေရိကန်၏ နျူစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Ronald Reagan သည် ဂျပန်နိုင်ငံရှိ ယိုကိုဆူကာ ရေတပ်ဆိပ်ကမ်းသို့ အောက်တိုဘာ ၁ ရက်တွင် ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၁ ခုနှစ် မတ်က ဂျပန်တွင် အင်အားပြင်းငလျင်နှင့် ဆူနာမီဖြစ်ပွားစဉ် အမေရိကန်၏ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးအစီအစဉ်၌ ယင်းသင်္ဘောက ပါဝင်ကူညီပေးခဲ့ဖူးသည်။
ယင်းသင်္ဘောကို ကြိုဆိုသည့်အခမ်းအနား၌ အမေရိကန်ရေတပ် ဦးစီးမှူး ရေးမာဘတ်စ်က အဆိုပါသင်္ဘောရောက်ရှိလာမှုနှင့် ကြိဆိုခံရမှုတို့သည် ဒေသတွင်းလုံခြုံရေး နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်ကတိပြုမှုတို့၏ ထင်ရှားသောသင်္ကေတများဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယင်းဆိပ်ကမ်းအပြင်ဘက်၌ အရပ်သားအဖွဲ့ငယ်တစ်ဖွဲ့တို့က အဆိုပါသင်္ဘောဆိုက်ကပ်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ယခုသင်္ဘောသည် ဂျပန်တွင် အခြေစိုက်သော အမေရိကန်၏ ပထမဆုံး နျူစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS George Washington နေရာတွင် အစားထိုးမည်ဖြစ်သည်။
ဂျပန်သို့ ၂၀၀၈ ခုနှစ်တွင် စတင်ရောက်ရှိခဲ့သော USS George Washington လေယာဉ်တင်သင်္ဘောသည် အလုံးစုံစစ်ဆေးပြုပြင်မှုလုပ်ဆောင်ရန်အတွက် ပြီးခဲ့သောမေတွင် ဂျပန်မှ ပြန်လည်ထွက်ခွာခဲ့သည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။