“သမ္မတကြီး” ဆိုသည့် စကားလုံးပါ ကဗျာအား Facebook တွင် ရေးသားသဖြင့် သက်ဆိုင်ရာက လိုက်လံရှာဖွေနေ၍ ကဗျာဆရာ မောင်ဆောင်းခ ရှောင်တိမ်းနေရဟုဆို


“ သမ္မတကြီး” ဆိုသည့် စကားလုံးပါ ကဗျာအား Facebook တွင် ရေးသား ဖော်ပြခဲ့သဖြင့် သက်ဆိုင်ရာ၏ လိုက်လံ ရှာဖွေခြင်း ခံနေရသော ကဗျာဆရာ မောင်ဆောင်းခမှာ လက်ရှိတွင် ရှောင်တိမ်း နေရကြောင်း ကာယကံရှင်က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားသည်။

အဆိုပါကဗျာကို အောက်တိုဘာ ၈ ရက် ညနေပိုင်းက လူမှုကွန်ရက် Facebook တွင် ရေးသား ဖော်ပြခဲ့ပြီးနောက် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးမှူးဇော်က ‘ဤ လုပ်ရပ်အတွက် တာဝန်ယူဖို့သာ ပြင်ထားပါ’ ဟုရေးသား၍ ယင်းနေ့တွင်ပင် ထပ်ဆင့် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

“အခြေအနေကတော့ ကျွန်တော်ရှောင်နေပါတယ်။ သူတို့ဘက်က ဖမ်းဝရမ်း ထုတ်ထားတာလည်း မရှိဘူး။ တရားရုံးက ဆင့်ခေါ်တာလည်း မရှိဘူး။ ဒါပေမဲ့ကျွန်တော့်အိမ်ကိုတော့ သက်ဆိုင်ရာက နေ့တိုင်းနီးပါး လာတယ်။ အရင်နေ့တွေကဆိုရင် တိုင်း ရဲတပ်ဖွဲ့ကပါ လာသွားတယ်။ အခုဆိုရင်လည်း အိမ် ကို စောင့်ကြည့်ခြင်း ခံနေရပါတယ်။ ပြီးတော့ ဦးမှူးဇော်ကနေ ကျွန်တော့်ကို အရေးယူမယ်လို့ 7 Days မှာ ပြောထားတယ်။ အွန်လိုင်းမှာလည်း ရေးထားတယ်။ တရားရုံးကနေ ကျွန်တော့်ကို တရားစွဲဖို့ ဆင့်ခေါ်စာ ရောက်လာရင်တော့ သွားရောက် ရင်ဆိုင်မယ်။ ဒီကာလမှာတော့ ကျွန်တော် ရင်မဆိုင်ဘူး။ အခုရေးခဲ့တဲ့ ကဗျာတစ်ပုဒ်ကလည်း တစ်ယောက်ယောက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်လိုစိတ် လုံးဝမပါဝင်ဘူးလို့ ယုံကြည်တယ်။ ဒါက အနုပညာ လွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ကိစ္စလို့လည်း ထင်တယ်” ဟု ကဗျာဆရာ မောင်ဆောင်းခက အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါကဗျာကို ယင်းနေ့ ညနေ ၅ နာရီခန့်တွင် ပို့စ်တင်ခဲ့ပြီး ည ၇ နာရီခန့်တွင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏  Hmuu Zaw အမည်ရှိ Facebook အကောင့်မှ Share ပြုလုပ်ခဲ့ပြီး ည ၁၀ နာရီခန့်တွင် မိမိ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ လာခဲ့ကြောင်း ကဗျာဆရာ မောင်ဆောင်းခက ပြောကြားသည်။

ထို့ပြင် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးသည် ယင်းကဲ့သို့ ရေးသားမှုအပေါ် “ဥပဒေကြောင်းအရ အရေးယူဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ် “ဟု အောက်တိုဘာ ၉ ရက်ထုတ် 7 Days သတင်းစာတွင် ဖြေကြားထားသည်။

ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်နေ မောင်ဆောင်းခ(ခ)ကိုစည်သူအောင်သည် ကဗျာချစ်သူများအသင်း(PLA)၏ တာဝန်ခံ အဖြစ်လည်းကောင်း၊ မဲပေးမှု အသိပညာပေးခြင်း ဆောင်ရွက်နေသည့် (Independent Youth For Change) ၏ ဦးဆောင်သူ တစ်ဦး အဖြစ်လည်းကောင်း ဆောင်ရွက်နေသူဖြစ်ပြီး လက်ပံတန်းတွင် ကျောင်းသားများ အကြမ်းဖက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လက်ပတ်ဖြူ လှုပ်ရှားမှု ပြုလုပ်ရာတွင်လည်း ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

“အခုဆို ကျွန်တော် ရှောင်တိမ်းနေရတာ ငါးရက်လောက်ရှိပြီ။ မိသားစုအနေနဲ့ အရမ်းဒုက္ခရောက်တယ်။ အိမ်မှာဆိုလည်း ကျွန်တော့်ကြောင့် အဖေက အစာ မစားတော့ဘူး။ အိပ်ရာထဲ လဲနေတယ်။ ကျွန်တော် ပို့စ်တင် ပြီး မကြာခင်မှာပဲ ရဲတွေ ရောက်လာတာကို ကြည့်ခြင်းအားဖြင့် သူတို့ကို လာထိပါးတဲ့လူလို့ ထင်ရတယ်ဆိုရင် ချက်ချင်းဆိုသလို သူတို့ရဲ့တရားဥပဒေ စိုးမိုးမှုက လျင်မြန်တယ်လို့ ပြောရမယ်။ ပြည်သူတွေ တကယ် ကြုံနေရတဲ့ မူခင်းတွေမှာဆိုရင် ရဲတပ်ဖွဲ့က ဘယ်နေရာ သွားနေမှန်း မသိဘူး။ ပြောချင်တာက သူတို့ရဲ့တရားဥပဒေ စိုးမိုးမှုက သမ္မတကြီး အတွက်ပဲ သီးသန့် ထားတာလား။ အစိုးရအတွက်ပဲ သီးသန့်ထားတာလား။ ကျွန်တော်တို့ ပြည်သူတွေ တကယ်နစ်နာမှုတွေကျတော့ ဘယ်သူက တာဝန်ယူပေးမလဲ”ဟု ကဗျာ ဆရာမောင်ဆောင်းခက ပြောကြားသည်။

မောင်ဆောင်းခသည်  Facebook တွင် ပုံရိပ်အမည်ရှိ ကဗျာတစ်ပုဒ်အား အောက်တိုဘာ ၈ ရက်တွင် ရေးသားခဲ့ပြီး ယင်းကဗျာမှာ  “ ငါ့ရဲ့ . . . မှာ သမ္မတကြီးပုံ တက်တူးနဲ့။ ငါ့ချစ်ဇနီးဟာ ငါနဲ့ လက်ထပ်ပြီးမှ င့ါကို အော့နှလုံး နာလို့မဆုံး... “ဟူ၍ ဖြစ်သည်။        

မောင်ဆောင်းခအား ဖမ်းဆီးရန် လိုက်လံရှာဖွေခြင်း ဟုတ် မဟုတ်နှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ အဆင့်မြင့် ရဲအရာရှိတစ်ဦးက “အဲဒီလိုတော့ ကြားတယ်။ ကျွန်တော်တို့ဆီကို တော့ တိုင်ချက် လာမဖွင့်သေးတဲ့အတွက် အမှု ဖွင့်ထားတာမရှိဘူး။ ဒါပေမဲ့ စရဖကတော့ လိုက်ပြီး စုံစမ်းနေတယ်လို့ပဲ ကြားတယ်” ဟု အောက်တိုဘာ ၁၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။        

Writer:
ကြည်နိုင်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။