စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် အမေရိကန် အထူးတပ်ဖွဲ့ဝင်များ။
အရှေ့အလယ်ပိုင်း ဒေသတွင် နိုင်ငံကြီး နှစ်ခု၏ အင်အားပြိုင်ဆိုင်ရာ သွယ်ဝိုက်စစ်ပွဲတစ်ခု ဖြစ်လာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုကို ရုရှားက သတိပေး ပြောကြားလိုက်သည်။
အမေရိကန်က ဆီးရီးယား သမ္မတဘာရှာအယ်လ် အာဆက်ဒ်ကို ဆန့်ကျင်နေသည့် သူပုန်များအား ကူညီရန် အထူးတိုက်ခိုက်ရေးအဖွဲ့များကို ဆီးရီးယားသို့ စေလွှတ်သွားမည်ဟု ကြေညာခဲ့ပြီးနောက် ရုရှားက ယခုလို တုံ့ပြန်လာခြင်း ဖြစ်သည်။ ရုရှားနိုင်ငံသည် အာဆက်ဒ်ကို စစ်ရေးအရ ကျောထောက်နောက်ခံ ပေးထားပြီး ဆီးရီးယား သူပုန်များကို ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိသည်။
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က ဆီးရီးယား စစ်ပွဲတွင် အမေရိကန်နှင့် ရုရှားတို့ ရည်မှန်းချက် တူညီစွာ ပိုမိုပူးပေါင်း လုပ်ဆောင်ရန် လိုအပ်လာပြီဟု ဆိုသည်။ အမေရိကန်က ၎င်းတို့၏ အထူးတပ်ဖွဲ့ဝင်
၅၀ ကို ဆီးရီးယားသို့ ပို့ဆောင်ကာ သူပုန်တပ်များကို လေ့ကျင့်မှု၊ အကြံပေးမှုနှင့် အခြားသော အကူအညီများ ထောက်ပံ့သွားစေမည်ဟု ကြေညာထားသည်။ ယင်းသည် အမေရိကန်၏ မြေပြင်တပ်ဖွဲ့များ ဆီးရီးယားတွင် ပထမဆုံးအကြိမ် စစ်ဆင်ရေး လုပ်ဆောင်လာခြင်း ဖြစ်သည်။
လက်ဗ်ရော့ဗ်က “အမေရိကန်ရဲ့ လုပ်ရပ်ဟာ ဆီးရီးယား အစိုးရရဲ့ ဦးဆောင်နိုင်မှုကို လုံးဝမျက်ကွယ်ပြုထားပြီး ပညာသားမပါတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့တော့ အမေရိကန်ရော၊ ရုရှားပါ အရှေ့အလယ်ပိုင်းဒေသမှာ သွယ်ဝိုက်စစ်ပွဲတစ်ခု ဖန်တီးဖို့ ဆန္ဒမရှိဘူးလို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားကတော့ အဲဒီကို ဦးတည်စပြုနေပါပြီ။ အမေရိကန်နဲ့ ရုရှားတို့ ဆီးရီးယား အရေးမှာ ပိုမိုပူးပေါင်း
လုပ်ဆောင်ခြင်းဟာ ကောင်းမွန်တဲ့ ဖြေရှင်းမှု ဖြစ်လာပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီး အက်ရှ်ကာတာက အထူးတပ်ဖွဲ့များ ဆီးရီးယားသို့ စေလွှတ်ရန် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို “ကျွန်တော်တို့ရဲ့ မူဝါဒက အခြေခံကျကျပါပဲ။
ဒေသတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေကို မဟာဗျူဟာရေးရာ အဆင့်မြှင့်တင်နိုင်အောင် ကူညီဖို့ပါ။ ဒါဟာ အမေရိကန် တပ်ဖွဲ့တွေအတွက် အန္တရာယ်များတဲ့ အခြေအနေ ဖြစ်နိုင်သလား။ ဒါက မေးစရာ မဟုတ်ပါဘူး။
ဖြစ်နိုင်မှာပါပဲ”ဟု ဖြေကြားသွားသည်။
အမေရိကန်သည် ဆီးရီးယားတွင် မြေပြင်တပ်ဖွဲ့များ စေလွှတ်ရေး တောင်းဆိုမှုများကို ကာလရှည်ကြာ မျက်ကွယ်ပြုနေခဲ့ပြီး အာဆက်ဒ်ဘက်မှ ရုရှားပါဝင်လာချိန်တွင် သဘောထား ပြောင်းလဲလာခြင်း ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။