၂၀၀၇ ခုနှစ် စက်တင်ဘာလက မြန်မာနိုင်ငံတ၀န်း၌ ထိုမျှလောက် ကြီးကျယ်မည်ဟု မထင်ခဲ့သော ရဟန်းသံဃာများ၏ စစ် အာဏာ ရှင် ဆန့်ကျင်ရေး၊ လွတ်လပ်မှုနှင့် ဒီမိုကရေစီပေးရေး တိုက်ပွဲကြီး ဖြစ်ပွားခဲ့ပါသည်။
စက်တင်ဘာ ၅ ရက်တွင် ပခုက္ကူ၌ သံဃာများကို စစ်တပ်က ရိုက်နှက်ခဲ့ရာမှစ၍ ထိုတိုက်ပွဲကြီး ဖြစ်ပေါ်လာလေသည်။ ယခု ဆိုလျှင် ၈ နှစ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။
ရန်ကုန်မြို့ ကြေးသွန်းဘုရားရှေ့၌ မေတ္တာသုတ်ရွတ်ကာ စစ်သားများကို တောင်းပန်တိုးလျှိုးနေသော သံဃာများ၏ခေါင်းကို တုတ်များဖြင့် ရိုက်ချလိုက်ကြသည်မှာ ပြည်သူများရင်ထဲ မမေ့နိုင်စရာဖြစ်၏။ အထက်မှ အမိန့်ပေး၍ လက်အောက်ငယ်သားများက ပစ်ဆို လျှင် လည်း ပစ်ကြရလေသည်။
၁၉၇၄ အလုပ်သမား အရေးအခင်းက စစ်သားများ မုဆိုးဒူးထောက်ထိုင်ကာ လူအုပ်ထဲချိန်၍ သေနတ်ဖြင့်ပစ်သည့် မြင်ကွင်းကို လည်း မိမိ တို့ ယခုအထိ မမေ့နိုင်သေးပေ။ စစ်အုပ်ချုပ်မှုတလျှောက်လုံးတွင် အဆန်းတကြယ် မဟုတ်တော့သော ဖြစ်ရိုးဖြစ်စဉ် လူသတ်ပွဲများလို ဖြစ်နေလေသည်။
ယနေ့ အရပ်သားအစိုးရဟု ကြွေးကြော်လာသော စစ်တပိုင်းအစိုးရ အပြောင်းအလဲကို ဖော်ဆောင်သည်ဟု သူတို့ကိုယ်တိုင် ပြောဆို လာသော အစိုးရသည် ၅ နှစ်သက်တမ်းကို ကျော်လွှားသွားပေတော့မည်။ ၅ နှစ်ရှိလာသည့်တိုင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ က စစ် အာရှင်တို့၏ လူထုကို နှိပ်စက်သတ်ဖြတ်မှုများကို ၀န်မခံနိုင်ခဲ့ကြပေ။
၁၃၀၀ ပြည့် အရေးတော်ပုံတုန်းက ဗြိတိသျှနယ်ချဲ့ အစိုးရသည် ဗိုလ်အောင်ကျော်ကို အသက်သေဆုံးသည်အထိ ရိုက်နှက်ခဲ့သည်မှအစ အလုပ်သမားသပိတ်ကြီးကို ဖြိုခွဲခဲ့ပုံ၊ လယ်သမားများကို မြင်းများဖြင့် နင်းခဲ့ပုံ၊ ကျောင်းသားများအား ရန်ကုန် အတွင်းဝန်ရုံးထောင့် တွင် တုတ်ဖြင့်ရိုက်၊ မြင်းများဖြင့် ဖြိုခွဲခဲ့ပုံများကို စုံစမ်းရေးကော်မရှင်ဖွဲ့၍ စုံစမ်းစစ်ဆေးစေသည်။
ထို့နောက် လန်ဒန်ရှိ အစိုးရအဖွဲ့ကို တင်ပြရသည်။ မြန်မာနိုင်ငံရှိ စစ်အာဏာရှင်များသည် ထိုကဲ့သို့ အစီရင်ခံစာများကို လုပ်ထုံး လုပ်နည်း အရ လုပ် မလုပ်ကား မသိရသော်လည်း အစီရင်ခံစာများကို မှန်မှန်ကန်ကန် တင်ပြခြင်း မရှိခဲ့ပေ။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က ရန်ကုန် တက္ကသိုလ်တွင် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်အစိုးရက အသေအပျောက်စာရင်း ကြေညာ ရာ၌ တကယ့်အဖြစ်မှန်နှင့် အဆပေါင်းများစွာ ကွာခြားသွားလေသည်။
၂၀၀၃ ခုနှစ် မေ ၃၀ ဒီပဲယင်း ရိုက်နှက်ပွဲကြီးတုန်းကလည်း မှန်ကန်သော အစီရင်ခံစာ မတင်ပြခဲ့သလို အသေအပျောက်စာရင်း လည်း တိတိကျကျ ကမ္ဘာကို မချပြနိုင်ခဲ့ပေ။ ကိုယ်တွေ့ တွေ့ကြုံရသူများ၏ ပြောဆိုချက်များကိုသာ လူထုက သိခွင့်ရလေသည်။
၁၉၈၈ လူထုလှုပ်ရှားမှုကြီးဆိုလျှင် လူသောင်းနှင့်ချီ သေဆုံးနိုင်သည်ဟု ကိုယ်တွေ့ကြုံရသူများ၊ မြင်တွေ့ရသူများ၊ ဗီဒီယိုခွေများ၏ သက်သေခံချက်အရဆိုလျှင် ကြောက်ခမန်းလိလိဖြစ်သော လူသတ်ပွဲကြီး ဖြစ်ပါသည်။
ထို့ကြောင့်လည်း မဆလ အစိုးရ ပြုတ်ကျသွားပြီး စစ်တပ်က အာဏာသိမ်းလိုက်ခြင်းဖြစ်၏။ လူထုကို မျက်လှည့်ပြကာ အာရုံပြောင်း လိုက်ခြင်းလည်း ဖြစ်ပါသည်။ နေရာတိုင်းတွင် လူထုကမတိုက်သောမြို့ မရှိ၊ နယ် မရှိ။ လူထုမပါသောနေရာ မရှိပေ။ သူပုန်နယ်မြေများ တွင်ပင် ဆန္ဒပြပွဲ ပြုလုပ်ကြလေသည်။
ထိုကဲ့သို့ပင် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရွှေဝါရောင် တော်လှန်ရေးသည်လည်း တနိုင်ငံလုံးကို ပျံ့နှံ့သွားခဲ့လေသည်။ ၈၈ အရေး တော် ပုံကြီးလောက် မကျယ်ပြန့်ခင်မှာပင် စစ်အစိုးရက ထိန်းလိုက်သောကြောင့် ထိုချိန်ကဖြစ်ပေါ်ခဲ့သော အခြေအနေလောက် ပို၍ သွေးချောင်းစီးမသွားခြင်း ဖြစ်ပါသည်။
တိုက်ပွဲစကတည်းက ရွှေတိဂုံ စေတီအနီးရှိ ကြေးသွန်းဘုရားသို့ မိမိရောက်ခဲ့လေသည်။ ကြေးသွန်းဘုရားမှ သံဃာတပ်ကြီး စတင်ချီတက်ခဲ့သည်ကိုလည်း ဘေးမှလိုက်အားပေးရင်း သံဃာများ၏ မေတ္တာပို့ အမျှဝေသော အသံများကို ကြားယောင်နေခဲ့ပါသည်။
နေ့စဉ်ဆက်ရက် ရန်ကုန်မြို့အတွင်းရှိ ကျောင်းတိုက်များမှ သံဃာများကြွချီလာကာ ဘေးမှ ကျောင်းသားများနှင့် လူထုက ၀န်းရံပြီး ချီတက်ပွဲမှာ အားကောင်းလာသည်။ တိတ်ဆိတ်ငြိမ်သက်ကာ မေတ္တာပို့ အမျှဝေသံသာ လမ်းများပေါ် ဖုံးလွှမ်းခဲ့သည်။
တနေ့ပြီးတနေ့ကြာလာကာ လူထုကလည်း တခဲနက်ပါဝင်ခဲ့၏။ ကျိုက္ကဆံကွင်း အ.ထ.က(၃) ရှေ့တွင် ပတ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ဂျပန်သတင်းထောက် တဦး ကုန်သည်ကြီးများဟိုတယ်(ယခု ဆူးလေ ရှန်ဂရီလာ)ရှေ့တွင် ပစ်သတ်ခံခဲ့ရသည်။ ဂျပန် သတင်းထောက် အပစ်ခံရသည့်နေ့မှာ ရွှေဝါရောင် တော်လှန်ရေး အမြင့်ဆုံးရောက်ရှိချိန် ဖြစ်ပါသည်။ ထိုဂျပန် သတင်းထောက် အပစ်ခံရချိန်တွင် မိမိတို့ ထိုအနားတွင်မရှိပါ။ ထိုစဉ်က အချိန်နှင့်တပြေးညီ ကမ္ဘာကို သတင်းများ တင်ပြနိုင်သော သတင်းဌာနမှာ အယ်လ်ဂျာဇီးယား ဖြစ်ပါသည်။
သံဃာတပ်ကြီးနှင့်အတူ ပြည်သူလူထုသည် ဆူးလေးဘုရားလမ်းပေါ်တွင် ရှိနေကြသည်။ ထိုစဉ်က ၃၆ လမ်းတွင် ၀ါးခယ်မ သခင် သိန်းမောင်ထံ ၀င်ရောက်နေရာမှ ရွှေအမြူတေ မဂ္ဂဇင်း တိုက်သို့ သွားရောက်ခဲ့သည်။ သေနတ်သံများ ကြားရသောအခါ ဆူးလေ ဘုရား လမ်းဘက်သွားဖို့ ထွက်သည်။ ရွှေအမြုတေ အယ်ဒီတာ ကိုဝင်းငြိမ်းက “ဆရာ ပစ်နေသံတွေ ကြားတယ်။ သတိထား နော်” ဟု စိုးရိမ်တကြီး သတိပေးရှာ၏။ ဟုတ်ကဲ့၊ ဟုတ်ကဲ့ဟု ခေါင်းညိတ်ကာ တံခါးကိုဖွင့်၍ ဆင်းခဲ့လေသည်။
ယခု Orchid ဟိုတယ်၊ ယခင် City Star ဟိုတယ်ရှေ့မှဖြတ်ကာ ၃၃ လမ်းရှိ ကိုဝံသ(သတင်းစာဆရာ မောင်ဝံသ)ထံသွားဖို့ လျှောက် လာသည်။ ၃၄ လမ်းမှနေ ၃၃ လမ်းသို့ အဖြတ်၌ လမ်းပေါ်တွင် မိမိသာ ထီးထီးကြီးဖြစ်နေပါသည်။ ထိုစဉ် ဆူးလေဘုရားဘက်မှ နေ၍ ရဲအရာရှိ ၂ ယောက်နှင့် ရဲသား ၅ ယောက် ပြေးလာပါသည်။ ရှေ့ဆက်မတိုးနဲ့၊ နောက်ပြန်ဆုတ်၊ နောက်ပြန်ဆုတ်ဟု ရဲအရာရှိက အော်သည်။ ၃၃ လမ်းရောက်ဖို့ သုံးလေးလှမ်းသာ လိုတော့သည်။ ရဲများက သေနတ်ဖြင့်ချိန်ထား၏။ မိမိက ရှေ့ဆက်တိုးခဲ့သည်။
ရည်ရွယ်ချက်မှာ ၃၃ လမ်းထိပ်ရှိ မောင်ဝံသအိမ် ရောက်ဖို့သာဖြစ်သည်။ သူတို့ကလည်း သေနတ်ဖြင့်ချိန်ပြီး ရှေ့ဆက်မတိုးဖို့သာ အော် လေသည်။ မိမိလည်း ၃၃ လမ်းထိပ် ရောက်သွားသည်။ ထိုစဉ် သေနတ်သံတချက် ကြားလိုက်ရသည်။ မိမိလည်း ၃၃ လမ်းထဲ ရောက် သွားကာ မောင်ဝံသအိမ်ရှေ့ ပြေးသွားခဲ့လေသည်။ သေနတ်က မိမိကိုပဲပစ်သလား၊ တခြားနေရာကိုပင် မှန်သွားသလား မသိပေ။ ရှေ့ခန်းတွင်ထိုင်နေသော ကိုဝံသက “လာဗျို့၊ လာ လာ” ဟုခေါ်ကာ ရှေ့ဘာဂျာတံခါးကို ဆွဲဖွင့်ပေးလိုက်လေသည်။ အတွေးအမြင် ရှေ့ခန်းထဲရောက်သည်နှင့် ကိုဝံသကလည်း ဆွဲတံခါးကို သော့ခတ်လိုက်ပါသည်။ “ဒီချိန်ကြီးမှာ ခင်ဗျား ဘယ်ကနေ လှည့်လာတာလဲ”၊ “ဒီဘက်အခြေအနေ သိချင်တာနဲ့ လာကြည့်တာဗျာ”ဟု ပြောလိုက်သည်။
ထိုအချိန်တွင် သူ့အခန်းထဲမှနေ လူသံများကို ကြားနေရသလို ရဲများ၏ နောက်ဆုတ်ဖို့ အော်သံများကိုလည်း ကြားနေရလေသည်။ စစ်သားများလည်း ဆူးလေဘုရားလမ်းပေါ် ဖြန့်တက်လာပေပြီ။ ကိုဝံသကို ခွင့်တောင်းပြီး မိမိက အခန်းထဲမှ ထွက်ဖို့ပြင်ပါသည်။ သူက “ခဏနေပါဦးဗျာ၊ နားပြီးမှသွားပါ” ဟု ပြောသော်လည်း သူ့ကိုခွင့်တောင်းကာ တံခါးဖွင့်ခိုင်းပြီး ထွက်လာခဲ့သည်။
မြို့တော်ခန်းမဘက် မသွားတော့ဘဲ အနော်ရထာလမ်းဘက် ထွက်လာခဲ့၏။ လူအများမှာမူ ဆူးလေဘက် သို့မဟုတ် အနော်ရထာ လမ်းပေါ် ရောက်နေ၍ ၃၃ လမ်းထဲတွင် မည်သူ့ကိုမှ မတွေ့ရပေ။
မီးသတ်နှင့် မျက်နှာချင်းဆိုင် ဆူးလေဘုရားလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်ထဲတွင် လူများ စုဝေးရောက်နေကြသည်။ မိမိလည်း ထိုနေရာ သွားကြည့်လေသည်။ စစ်တပ်နှင့် ရဲများက လမ်းပေါ်မထွက်ဖို့ ပြောနေ၏။ လူများမှာလည်း ရှေ့သို့တိုးသွားလိုက်၊ မျက်ရည် ယိုဗုံးများဖြင့်ပစ်လျှင် နောက်ဆုတ်လိုက်နှင့် လူထုသည် ယူနီဖောင်းနှင့် သေနတ်များကို မကြောက်ကြတော့ပေ။
ထိုစဉ် သေနတ်သံများ ကြားရသဖြင့် မိမိလည်း အနော်ရထာလမ်းဘက် ပြေးခဲ့လေသည်။ ထိုစဉ် ဘေးတွင် ကဗျာဆရာ လှသန်း(ကွယ်လွန်)ကို တွေ့လိုက်ရသောအခါ တယောက်နှင့်တယောက် လက်တွဲကာ လျှောက်လာခဲ့သည်။ မိုးဂျာနယ်တိုက် ရောက်သောအခါ အယ်ဒီတာ ယမုံ ကိုလည်း တွေ့လိုက်ရသည်။
စာပေသမားများမှာ ထိုရွှေဝါရောင် တော်လှန်ရေးကြီးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါသည်။
မိမိတို့ စကားပြောနေကြစဉ် ဆူးလေဘက်မှ သေနတ်သံများကို ကြားလိုက်ရသဖြင့် မိမိတို့ တိုက်ခန်းများဘက်ကွယ်ကာ ရပ်လိုက်ကြပါသည်။
ထိုအချိန်တွင် လူအုပ်ကြီးသည် ပြိုဆင်းလာသလို သေနတ်မှန် ဒဏ်ရာရသူများကို သယ်လာသည်ကိုလည်း တွေ့လိုက်ရပါသည်။ ဗိုက်တွင် သေနတ်မှန်ထားသည့် အသက် ၆၀ အရွယ် အဖွားအိုတယောက်ကို လူငယ်များက သယ်လာလေသည်။ ထိုလူငယ်များတွင် ဗမာများပါသလို မွတ်စလင်များလည်းပါ၏။ သူတို့က ထိုဒဏ်ရာရ အဖွားအိုကို ဘားလမ်းရှိ မွတ်စလင်ဆေးရုံသို့ သယ်သွားကြခြင်းဖြစ်သည်။
မိမိနှင့် ကိုလှသန်း၊ ကိုယမုံတို့ ထိုလူအုပ်နောက် လိုက်ခဲ့ကြသည်။ သို့သော် ဆေးရုံသို့ မရောက်ခဲ့ကြပေ။ ထိုလူငယ်များက သေနတ် ဒဏ်ရာကြောင့် သူတို့ရှေ့ကျလာသော ထိုအဖွားအိုကို ပွေ့ချီကာ ဆေးရုံသို့ သယ်သွားကြခြင်းဖြစ်ပါသည်။
သံဃာတော်များနှင့် လူအုပ်ကြီးမှာ အနော်ရထာလမ်းမှနေ သိမ်ဖြူဘက်သို့ ဆက်ချီတက်သွားကြလေသည်။ နောက်တနေ့တွင် တိုက်ပွဲမှာ ပို၍ကြီးလာသည်။ ဖြိုခွဲမှုများမှာလည်း ရက်စက်သထက် ရက်စက်လာပါသည်။
သတင်းနည်းပညာခေတ်သည် လွန်ခဲ့သော အနှစ် ၂၀၊ ၁၉၈၈ ခုနှစ်ထက် ပိုတိုးတက်လာသောကြောင့် စစ်အာဏာရှင်တို့၏ အကြမ်း ဖက်မှုများမှာ ကမ္ဘာတွင် ပျံ့သွား၏။ အယ်လ်ဂျာဇီးယားလို၊ DVB လို ရုပ်သံဌာနများက သတင်းများ အဆက်မပြတ်ရယူကာ ကမ္ဘာအနှံ့ ထုတ်လွှင့်ပေးသည်။
ရွှေဝါရောင် တော်လှန်ရေးသည် ပြည်သူလူထု၏ ထောက်ခံမှုကို တခဲနက်ရရှိလိုက်သလို ၈၈ တော်လှန်ရေးနှင့် ၈၈ စိတ်ဓာတ်ကို ပြည်သူက မမေ့သေးကြောင်း သက်သေပြလိုက်သည်။ ရဟန်း၊ သံဃာများကလည်း စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုကို မလံမလှဲပဲ စိတ် ဓာတ်ပြင်းထန်ကြောင်း ပြသလိုက်ကြသည်။
Saffron Revolution ဆိုသည်ကို ရွှေဝါရောင် တော်လှန်ရေးအဖြစ် မည်သူက အမည်ပေး သတ်မှတ်လိုက်သည်ကိုမသိ။ Newsweek လား၊ Times လား၊ VOA လား၊ BBC လားမသိ။ တိုက်ပွဲတွင်ပါဝင်သော ရဟန်းသံဃာများလား၊ စာပေပညာရှင်များကလား၊ ပြည်သူလူထုကလား မသိ။ ထိုနာမည်နှင့် ထိုတိုက်ပွဲမှာ ကမ္ဘာကျော်သွားခဲ့သည်။ ထိုတိုက်ပွဲ၏ အကျိုးဆက်ကြောင့်ပင် စစ်အာဏာရှင်များသည် ယူနီဖောင်းချွတ်ကာ အရပ်ဝတ်အဖြစ် ပြောင်းလဲခဲ့ကြသည်။
၂၀၀၇ ပြီးနောက် ၂၀၀၈ တွင် ဖွဲ့စည်းပုံကို အတည်ပြုကြသည်။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ နာဂစ်မုန်တိုင်း ကြောင့် ကသောင်းကနင်း ဖြစ်နေသည့်ကြားမှပင် အတည်ပြုခဲ့ခြင်းဖြစ်၏။
ရွှေဝါရောင် တော်လှန်ရေးကို ပြည်သူအားလုံး မမေ့သင့်ပေ။ စစ်အာဏာရှင်တို့၏ လက်ကိုင်တုတ်အဖြစ် သံဃာများမှာ မည်သည့် အချိန် တွင်မှ မရှိခဲ့ပေ။
ယနေ့သံဃာများနှင့် သံဃာအဖွဲ့အစည်းအားလုံး၊ ကျောင်းသားများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီအားလုံး ရွှေဝါရောင် တော်လှန်ရေးကြီးမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သော တော်လှန်ရေးကြီးအဖြစ် ရင်ထဲမှတ်သားကာ ရွှေဝါရောင်အလံကို မြင့် မား စွာ လွှင့်ထူကြရပေမည်။ ။
http://burma.irrawaddy.org/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။