မြောက်ဦးတွင် ကိုယ်ဝန်သည်တစ်ဦး အငြင်းပွားဖွယ်ရာ ရုတ်တရက် သေဆုံးမှု ဆေးစစ်ချက်အဖြေထုတ်ပေးရန် ဒေသခံများ တောင်းဆို

မြောက်ဦး၊ အောက်တိုဘာ ၁၂ ရက်

မြောက်ဦးမြို့နယ်ဆေးရုံမှာ ယမန်နေ့ အောက်တိုဘာ ၁၁ ရက်နေ့ညက ကိုယ်ဝန်သည်တစ်ဦးကို ဆေးထိုးအပြီး ၇ မိနစ်ခန့်အတွင်းမှာ ရုတ်တရက်သေဆုံးစေခဲ့မှုနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့နယ်မှာ ရုတ်ရုတ်သဲသဲဖြစ်ခဲ့ပါတယ်။

အဆိုပါ သေဆုံးသူ ကိုယ်ဝန်သည်မှာ မြောက်ဦးမြို့နယ် တောင်ရပ် ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး အမည်မှာ မမီမီကျော် (အသက် ၂၇) (ဘ) ဦးကျော်ဝင်း ဖြစ်ကြောင်း သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ညက မမီမီကျော် (သေဆုံးသူ) ကို မြောက်ဦးမြို့နယ် ဆေးရုံ တာဝန်ခံ ဆရာဝန် ခွန်မောင်အိုးက ဆေးစာရွက်တစ်ခု ရေးပေးခဲ့ပြီး သူနာပြုကို ဆေးထိုးစေရာမှာ ငါးမိနစ်အတွင်း အသက်ရှုမွမ်းကြပ်လာပြီး အောက်ဆီဂျင် ပေးခဲ့ရတယ်လို့ သိရပါတယ်။ နောက်ထပ် ၂ မိနစ်ခန့်အကြာမှာတော့ မမီမီကျော်မှာ သွေးများအန်ပြီး အသားအရည်များမှာလည်း စိမ်းညိုလာပြီး ၂ မိနစ်အတွင်းမှာပဲ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ သေဆုံးမှုနဲ့ ပတ်သက်ပြီး မြောက်ဦးမြို့နယ်ဒေသခံများက ဆရာဝန် ခွန်မောင်အိုးကို ဆေးစစ်ချက်ထုတ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

မမီမီကျော် သေဆုံးစဉ်မှာ သူနဲ့အတူ ဗိုက်ထဲက ကလေးပါပါရှိသွားပြီး ကလေးမှာ သားယောင်္ကျားဖြစ်ကြောင်းနှင့် ပထမဆုံး ရင်သွေးဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါ သေဆုံးမှုအတွက် လွတ်လပ်သောဆရာဝန်ကြီးများရဲ့ ဆေးစစ်ချက်ကိုသာ လိုလားကြောင်း ဒေသခံများက ပြောပါတယ်။

ဆရာဝန် ခွန်မောင်အိုးမှာ တပ်မတော်ကနေ လွန်ခဲ့တဲ့ တစ်လခန့်ကနေ ပြောင်းရွှေ့လာတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး ယခင် ကျောက်ဖြူမြို့နယ်မှာ တာဝန်ကျခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြောက်ဦးဆေးရုံကို ပြည်သူလူထုက ယုံကြည်မှုကျဆင်းမှုများဖြစ်ပေါ်နေပြီး ဆေးရုံတာဝန်ရှိသူများအနေနဲ့ အဖြစ်မှန်ကို ပွင့်လင်းမြင်သာမှုဖြစ်ပေါ်စေဖို့ ဒေသခံများက တောင်းဆိုနေကြပါတယ်။

မြောက်ဦးဆေးရုံကို ဆက်သွယ်မေးမြန်းချက်အရ - အမည်မဖော်လိုတဲ့ တာဝန်ကျ သူနာပြုတစ်ဦးက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးအနေနဲ့ ဆေးစစ်ချက်အဖြေမှန် ထုတ်ပြန်နိုင်ဖို့ စီစဉ်နေပြီး ရလဒ်တစ်စုံတရာ ထွက်မပေါ်သေးခင်မှာ ဒီထက်ပိုပြီး ဘာတစ်ခုမှ ပြောကြားဖို့ မရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။

မမီမီကျော်ရဲ့ နာရေးကိုတော့ ဒီကနေ့ နေ့လည် ၂ နာရီမှာ မြောက်ဦးမြို့နယ် မင်းသားကျွန်း သချိုင်းမှာ မီးသဂြိုလ်မှာဖြစ်ကြောင်း သိရပါတယ်။

Credit: RIA 
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။