အမေရိကန် လေ့ကျင့်ပေးထားသည့် ဆီးရီးယား သူပုန်များကို ရုရှားလေတပ် ဗုံးကြဲ



အမေရိကန် လေ့ကျင့်ပေးထားသည့် ဆီးရီးယား သူပုန်များကို ရုရှား လေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့ကြောင့် စစ်အေးခေတ် နောက်ပိုင်း အရှေ့အလယ်ပိုင်း ဒေသတွင် ရုရှားနှင့် အမေရိကန်တို့ ဆန့်ကျင်ဘက် အားပြိုင်ရပ်တည်မည့် အခြေအနေမျိုး တစ်ကျော့ပြန် ပေါ်ပေါက်လာဖွယ် ရှိနေသည်။ ရုရှားနှင့် အမေရိကန်တို့သည် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်ရန် မူအားဖြင့် သဘောတူညီထားသော်လည်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မိမိတို့သည် မဟာမိတ် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်၏ ရန်သူတိုင်းကို တိုက်ခိုက်သွားမည်ဟု ကြေညာထားသည်။

တစ်ဖက်တွင် အာဆက်ဒ်ကို တော်လှန်နေသည့် သူပုန်အဖွဲ့ အချို့ကို အမေရိကန် ထောက်လှမ်းရေးဌာန (စီအိုင်အေ)က လေ့ကျင့်ပေးထားရာ အင်အားကြီး နှစ်နိုင်ငံ၏ ရပ်တည်ချက်များ ထိပ်တိုက် ရင်ဆိုင်တွေ့မည့် သဘော ဖြစ်လာသည်။

ယခု သီတင်းပတ် အတွင်းတွင် စီအိုင်အေက လေ့ကျင့်ပေးထားသည့် သူပုန် အဖွဲ့တစ်ခုကို ရုရှား ဂျက်လေယာဉ်များက နှစ်ရက်တိုင် ဗုံးကြဲခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ဦးစီးမှူးက ပြောကြားခဲ့သည်။ အဆိုပါ သူပုန်တပ်ဖွဲ့ အခြေစိုက်စခန်း ဗုံးကြဲခံရမှုက ဆီးရီးယား အရေးသည် ပြည်တွင်းစစ် အနေအထားမှ ကမ္ဘာလုံးဆိုင်ရာ ပြဿနာ တစ်ရပ်အဖြစ် ပိုမို ပီပြင် ထင်ရှားလာစေခဲ့သည်။

အခြားသော သတင်းများအရ ပြီးခဲ့သည့် ၁၀ ရက်မျှအတွင်း အီရန်တပ်ဖွဲ့ဝင် ရာပေါင်းများစွာသည်လည်း ဆီးရီးယားသို့ ဆိုက်ရောက်လာပြီး အစိုးရ တပ်များနှင့် ပူးပေါင်း တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။ လက်ဘနွန် သတင်းရင်းမြစ်များက အာဆက်ဒ်၏ ရန်သူတော် သူပုန်တပ်များကို အီရန်တို့က မြေပြင်ထိုးစစ်တစ်ရပ် ဆင်နွှဲရန် စတင်ပြင်ဆင်နေပြီဟု ယူဆရကြောင်း ဆိုသည်။

အဆိုပါ အီရန်တပ်များသည် အာဆက်ဒ်၏ မဟာမိတ် လက်ဘနွန် ဟစ်ဇ်ဘိုလာ ပြောက်ကျားများ၊ အီရတ်မှ ဝင်ရောက်လာသည့် ရှီးဟိုက် စစ်သွေးကြွများ၊ ဆီးရီးယား စစ်တပ်များနှင့် ပူးပေါင်းတိုက်ခိုက်ရန် စီစဉ်ထားပြီး ၎င်းတို့ကို ရုရှားက လေကြောင်းပစ်ကူ ပေးသွားဖွယ် ရှိနေကြောင်းလည်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။