အရှေ့အလယ်ပိုင်း ဒေသတွင် ဗြိတိသျှ တော်ဝင်လေတပ် တိုက်လေယာဉ်များ အနေဖြင့် အရေးကြုံပါက ရုရှား တိုက်လေယာဉ်များကို ပစ်ချရန် ခွင့်ပြုထားသည်ဆိုသော သတင်းအပေါ် ဖြေရှင်းရန် ရုရှားအစိုးရက ဗြိတိန် သံအရာရှိ တစ်ဦးကို ဆင့်ခေါ်ခဲ့ကြောင်း သိရှိရသည်။
ဗြိတိန် သတင်းဌာနများက အီရတ်တွင် အခြေစိုက်ထားသည့် ဗြိတိန်လေတပ် Tornado တိုက်လေယာဉ်များတွင် အပူလှိုင်း ခြေရာခံ ပစ်မှတ်ရှာ ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ပေးထားပြီး ရုရှားလေတပ်နှင့် ဝေဟင်စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း ဖော်ပြခဲ့ကြသည်။ ယင်းသတင်းနှင့် ပတ်သက်၍ မိမိတို့ အခိုင်အမာ သိရှိလိုကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက မော်စကိုရှိ ဗြိတိန် သံရုံးသို့ အကြောင်းကြားခဲ့ပြီး ဗြိတိန်၏ ကာကွယ်ရေးဆိုင်ရာ သံမှူးက သွားရောက် ဖြေရှင်းခဲ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထွက်ပေါ်လာသည့် သတင်းများသည် တိကျ မှန်ကန်မှု မရှိကြောင်း ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာသည်။ ထို့အပြင် သံမှူးက ဗြိတိန် အနေဖြင့် ဆီးရီးယားတွင် ရုရှားလေတပ်က ဆင်နွှဲနေသည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်းလည်း ထပ်မံ အသိပေးခဲ့ကြောင်း သိရှိရသည်။
ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ရုရှားသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကိုသာ တိုက်ခိုက်မည်ဟု ကြေညာခဲ့သော်လည်း အိုင်အက်စ်တို့အပြင် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆက်ဒ်ကို ပုန်ကန်ဆန့်ကျင်သည့် အခြားသူပုန်များကိုပါ ပစ်မှတ်ထားနေကြောင်း စွပ်စွဲထားသည်။
သတင်းစာများတွင် ဖော်ပြမှုနှင့် ပတ်သက်၍ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနသို့ ဗြိတိန်၏ ကာကွယ်ရေးဆိုင်ရာ သံအရာရှိ သွားရောက် ဆွေးနွေး ဖြေရှင်းခဲ့ရမှုနှင့် ပတ်သက်ပြီး “ရုရှားအစိုးရက သတင်းစာတွေမှာ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိချင်နေတယ်။ အီရတ်မှာ တပ်စွဲထားတဲ့ တော်ဝင်လေတပ်ရဲ့ စည်းမျဉ်း သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းတွေက ဖော်ပြထားတာဟာ တိကျမှု မရှိပါဘူး။ ဗြိတိန်ရဲ့ ကာကွယ်ရေးဆိုင်ရာ သံအရာရှိက ဆီးရီးယားမှာ ရုရှားရဲ့ စစ်ဆင်ရေး အကောင်အထည် ဖော်နေမှုတွေကို စိုးရိမ်ကြောင်း ထပ်ပြီး အသိပေးခဲ့ပါတယ်။ အထူးသဖြင့် နိုင်ငံတကာက တရားဝင် အသိအမှတ် ပြုထားတဲ့ ဆန့်ကျင်ရေး တပ်ဖွဲ့တွေကိုပါ တိုက်ခိုက်နေတာကိုပေါ့။ ပြီးတော့ ရုရှားအနေနဲ့ လမ်းညွှန်စနစ် မပါဝင်တဲ့ လက်နက်တွေကို အသုံးပြုနေခြင်းဖြင့် အရပ်သားတွေပါ ထိခိုက်သေဆုံးမှု အကြီးအကျယ် ဖြစ်ပေါ်လာနိုင်ပါတယ်”ဟု ဗြိတိန် ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားခဲ့သည်။
ရုရှားသည် စက်တင်ဘာ ၃၀ တွင် အိုင်အက်စ်တို့ကို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်ဆင်ရေးများ စတင်ခဲ့သော်လည်း ဆီးရီးယားတွင် လေကြောင်းထိုးစစ်များ ဆင်နွှဲနေသည့် အမေရိကန် ဦးဆောင်သည့် မဟာမိတ်များနှင့် ပူးပေါင်းမှု မရှိဘဲ သီးခြားလုပ်ဆောင်နေခြင်း ဖြစ်သည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။