ရန်ကုန်၊ အောက်တိုဘာ ၂၀

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် တောင်ကုတ်သို့ လာရောက်ပြီး ကိုင်းရှည်ကွင်းတွင် လူထုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်မည်ဟု သတင်း ရရှိသည်။
“ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရားဟောသွားတဲ့ ကိုင်းရှည်ကွင်းမှာဘဲ လူထုနဲ့ တွေ့ဆုံပွဲ လုပ်မယ်လို့ သိရပါတယ်” ဟု ရခိုင်လူမှုကွန်ရက် (တောင်ကုတ်)မှ ဥက္ကဋ္ဌ ဖြစ်သူ ဦးဇေယျာကျော်က ပြောသည်။
တောင်ကုတ်မြို့နယ် ရွာမကျေးရွာတွင် မနက်ဖြန် ပြုလုပ်မည့် သမ္မတ၏ လူထုတွေ့ဆုံပွဲသို့ သွားရောက်ရန် ကားများကို စီစဉ်ထားပြီး ကြံ့ခိုင်ရေး ပါတီဝင်များက တစ်အိမ်တက်ဆင်း စည်းရုံးမှုများ ပြုလုပ်နေသည်ဟု ဒေသခံ ကိုလှဝေက ပြောကြားသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ၁၆ ရက်နေ့က ကိုင်းရှည်ကွင်းတွင် မဲဆွယ်စည်းရုံးရေး တရားဟောပြောရာ လူပေါင်းသောင်းနှင့် ချီပြီး တက်ရောက်နားထောင်ခဲ့ကြသည်။
၎င်းနောက်ပိုင်း အောက်တိုဘာလ ၁၈ ရက်နေ့ က တောင်ကုတ် ဒေသခံများက ရခိုင်အမျိုးသား ပါတီကို ထောက်ခံကြောင်း အင်အားပြသရာ ကားအစီး (၁၀၀) နှင့် လူပေါင်း တစ်သောင်းနီးပါးခန့်က ၀ိုင်းရံကာ မြို့ကို ပတ်ပြီး ချီတက် အင်အားပြခဲ့သည်။
“ တောင်ကုတ်မြို့မှာ ပြည်မက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လာတယ်။ တရားဟော သွားတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကလည်း စတိတ်ရှိုးပွဲတွေလုပ်ပြီး မဲဆွယ်တာတွေ ရှိနေတယ်။ ကျွန်တော်တို့ ရခိုင်မှာလည်း ကိုယ်ပိုင် အမျိုးသားပါတီ ရှိတယ်ဆိုပြီး ပြသလိုတဲ့ အတွက် လူထု အင်အားပြပွဲ ကို ပြုလုပ်တာ ဖြစ် ပါတယ်။ ကျွန်တော် အသက် ၄၁ နှစ်မှာ ဒီလို လူထု ချီတက်ပွဲမျိုးကို မတွေ့ ဖူးသေးပါဘူး” ဟု လူထုချီတက်ပွဲကို တက်ရောက်ခဲ့သူ ကိုလှဝေက နိရဉ္စရာသို့ ပြောဆိုသည်။
ယခု တစ်ဖန် နိုင်ငံတော် သမ္မတမှ တောင်ကုတ်မြို့ကို လာရောက်ပြီး လူထုတွေ့ဆုံပွဲကို ပြုလုပ်မည် ဖြစ်သဖြင့် ရခိုင်ပြည်နယ် အတွင်း အင်အားကြီး ပါတီသုံးခု၏ အားပြိုင်မှုမှာ ပိုမို ပြင်းထန်လာသည့် သဘောရှိကြောင်း တောင်ကုတ် ဒေသခံများက သုံးသပ် ပြောဆိုသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။