စစ်တွေ၊ အောက်တိုဘာ ၁၇ ရက်

နိုဝင်ဘ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အကြို စည်းရုံးမဲဆွယ်မှုများအပေါ် အခြေခံ၍ လက်ရှိ အစိုးရ၏ အရေးယူဆောင်ရွက်မှုများအပေါ် သံသယရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC က ယနေ့ အောက်တိုဘာလ ၁၇ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် ဗိုလ်ချူပ်နေ၀င်း အာဏာသိမ်းချိန်မှ စတင်ကာ ယခုအချိန်ထိ အုပ်ချူပ်သူ အစိုးရ တစ်ရပ်အား ပြည်သူလူထုမှ လွတ်လပ်စွာ ရွေးကောက်တင်မြှောက်ခွင့် မရရှိခဲ့ကြောင်းနှင့် ယခု ရွေးကောက်ပွဲမှာလည်း တပ်မတော်က လက်ဝါးကြီးအုပ် ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ ကျင်းပရသည်ဖြစ်၍ ဒီမိုကရေစီ စံချိန်စံနှုန်းများဖြင့် မကိုက်ညီကြောင်း ဖော်ပြပါရှိသည်။
ယင်းအပြင် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးရေး အခြေအနေများနှင့်ပတ်သက်၍ လူထုထောက်ခံမှုအားကောင်းသည့် ပါတီနှင့် ခေါင်းဆောင်များအပေါ် နည်းမျိုးစုံသုံးကာ အပုပ်ချတိုက်ခိုက်ခြင်း၊ ဘာသာရေးလူမျိုးရေးကို အခြေခံ၍ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်များ ဆုံးရှုံးစေရန် ဟန့်တားနှောင့်ယှက်မှုများကို ပြုလုပ်နေခြင်းများအပေါ် အစိုးရအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ခြင်းများ မပြုခြင်းသည် အစိုးရ၏ စေတနာကို သံသယပွားဖွယ်ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းရုံးကို ၁၉၈၈ ကျောင်းသားလှုပ်ရှားမှု အရေးတော်ပုံနောက်ပိုင်း နယ်စပ်ဒေသများသို့ တိမ်းရှောင်သွားခဲ့ကြသည့် ရခိုင်ကျောင်းသားလူငယ်များကို စုရုံးကာ ထိုင်း-မြန်မာနယ်စပ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
___RIA

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။