ရခိုင်ပြည်နယ်ကို မည်သည့်ပါတီက ဦးဆောင်နိုင်မည်လဲ….?


ဝေဟင်အောင် - Review

မြန်မာနိုင်ငံ၏ ကံကြမ္မာအလှည့်အပြောင်းအတွက် ဒုတိယလှိုင်းဟု သတ်မှတ်သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည် ရက်ပေါင်း ၂၀ ခန့်လောက်သာ လိုတော့သည်။ နိုဝင်ဘာ ၈ ရက်နေ့သည် မြန်မာသမိုင်းကို တဆစ်ချိုးပြောင်းတော့မည်။ ဒုတိယတကြိမ် မဲပေးကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် လွှတ်လပ်ရေး ရကတည်းက ရွေးကောက်ပွဲကို နှစ်ကြိမ်ဆက် ကျင်းပခဲ့သည်မှာ မရှိခဲ့ဖူးချေ။ မြန်မာနိုင်ငံရေးသမိုင်းတွင် ရွေးကောက်ပွဲဖြင့် မိမိတို့ ခေါင်းဆောင်ကို ရွေးချယ်ခဲ့မှုမှာ သုံးကြိမ်သာရှိခဲ့သည်။ သို့သော် တကြိမ်မှ ချောချောချူချူမဖြစ်ခဲ့။ ယခုတစ်ကြိမ်ကား သတိကြီးစွာဖြင့် စောင့်ကြည့်ရတော့မည်။ မြန်မာနိုင်ငံထဲမှ ရခိုင်ပြည်နယ်သည် အစိပ်အပိုင်းတစ်ခုဖြစ်သည့်အတွက် မိမိတို့ပြည်နယ်ကို ထိန်းကျောင်းမည့် ပါတီကို ငေးကြည့်ရင်း ရင်ခုန်မိသည်။ ရခိုင်ပြည်နယ်တွင် ပါတီပေါင်း ၂၂ ပါတီ ၀င်ရောက် ချိန်ပြိုင်ကြမည်။ ထိုအထဲတွင် ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ရခိုင်ပြည်နယ်အနှံတွင် နေရာစုံနီးပါး ၀င်ပြိုင်ကြမည်။ သူတို့နောက်တွင် ပါတီငယ်များက အစီအရီနေရာယူထားသည်။ ပါတီငယ်များနောက်တွင် တစ်သီးပုဂ္ဂလအမတ်များကလည်း အံ့ဖွယ်လောက်ပင် များပြားနေသည်။ တစ်သီးပုဂ္ဂလအမတ်လောင်းများသည် တိုင်းနှင့်ပြည်နယ် ၁၄ ခုတွင် ရခိုင်ပြည်သည် အများဆုံးဖြစ်သည်။ သို့ရာတွင် ရခိုင်ပြည်နယ်တွင် အဓိကပြိုင်ဆိုင်ကြရမည်မှာ ရခိုင်အမျိုးသားပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့သည် အဓိက ပြိုင်ဘက်များဖြစ်လာကြမည်။ ပြိုင်ဆိုင်မှုလည်း တဖြည်းဖြည်းဖြင့် ပိုမိုပြင်ထန်လာသည်ကို တွေ့လာရသည်။

“ကျွန်တော်တို့က ၂၀၁၀ ခုနှစ်က ကဲ့သို့ ဆိုးဆိုးရွားရွား မရှုံးနိုင်ပါဘူး။ ကျွန်တော်တို့က နေရာတော်တော်များများနိုင်မှာပါ”ဟု ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါက်တာစန်းရွှေက DNJ ဂျာနယ်မှ မေးမြန်ခန့်တခုတွင် ဖြေကြားခဲ့သည်။ ဒေါက်တာစန်ရွှေ၏ စကားအရကို ထောက်ရှုကြည့်ရန် လိုအပ်လာပြီ။ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ထိ ရခိုင်ပြည်နယ်၏ အစိုးရအဖွဲ့ကို အဓိက မောင်းနှင်းခဲ့သည်မှာ ကြံ့ခိုင်ရေးပါတီသာဖြစ်သည်။ ကြံ့ခိုင်ရေးပါတီသည် နောက်ထပ်တဖန် ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်ဖို့ အစီအမံများကို ပြုပြင်လာသည်ကိုကား တွေ့နေရသည်။

ရခိုင်ပြည်နယ်၏ ပြည်နယ်လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၄၇ ဦးဖြင့် ဖွဲ့စည်းထားသည်။ ထိုအထဲတွင် စစ်တပ်မှ ၁၂ ဦး၊ ချင်းတိုင်းရင်းသားရေးရာ ၁ ဦးနှင့် ရွေးကောက်ခံ တက်ရောက်လာရမည့်သူမှာ တစ်မြို့နယ်လျှင် ၂ ဦးကျနှုန်းဆိုလျှင် ၁၇ မြို့နယ်အတွက် ၃၄ ဦးထိ ရွေးကောက်ခံရမည်ဖြစ်သည်။ ထို ၃၄ ဦးတွင် ကြံခိုင်ရေးပါတီမှ ၉ ဦးခန့် အနိုင်ရခဲ့လျှင် စစ်တပ်မှ ၁၂ ဦးနှင့် ချင်းရေးရာဝန်ကြီး ၁ ဦးဖြင့် ပူပေါင်းပြီး ပြည်နယ်လွှတ်တော်ကို ထိန်းချုပ်သွားနိုင်မည့် အခြေအနေရှိနေသည်။ ပြည်နယ်ပါလီမန်ကို ထိန်းချုပ်နိုင်ဖို့အတွက် ၀န်ကြီးချုပ်လောင်းများကိုပင် အသေအချာ ပြုလုပ်ထားသည်ကို တွေ့ရသည်။ ဗိုလ်ချုပ်ဟောင်းနှင့် ၀န်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကို စစ်တပ်အများစု လွှမ်းမိုးထားသည့် အမ်းမြို့နယ် အမှတ် (၁)နေရာမှ ၀င်ရောက် အရွေးခံရန် ပြင်ထားသည်။ ထို့အပြင် ပြည်ထောင်စုထဲတွင် အတိုင်းအတာတခုလောက်ထိ နေရာရ လူသိများသည့် ဒေါက်တာစံရွှေအောင်ကိုလည်း မင်းပြားမြို့နယ် အမှတ် (၂)နေရာတွင် ၀င်ပြိုင်ခိုင်ထားသည်။ တခြားသော ဗိုလ်မှူးအဆင့်ရှိသည့် အမတ်လောင်းများကိုလည်း နေရာတိုင်းအလိုလိုတွင် ထည့်သွင်းပြိုင်ဆိုင်ခိုင်းထားသည်။ နောက်ထပ် ၀ှက်ဖဲတချပ်အဖြစ် ပြည်ထောင်စုနှင့် ကြံ့ခိုင်ရေးပါတီတွင် ၂၀၀၈ ဖွဲ့စည်းပုံကြီးကလည်းရှိနေသေးသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်မှ ၂၅% က အပြီးသား လွှတ်တော်တွင် နေရာယူထားပြီဖြစ်သည်။ ပုဒ်မ ၂၆၁ အရ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက တိုက်ရိုက်အကြံပြုပြီး ပြည်နယ်လွှတ်တော်က အတည်ပြုပေးရသည့် စနစ်သည်လည်း ရခိုင်ပြည်နယ်ကို ထိန်းချုပ်သည့် စနစ်ဖြစ်နေသည်။ ပြည်နယ်ဝန်ကြီးချုပ်မှ တခြားသော ၀န်ကြီးဌာနမှ ၀န်ကြီးများကို ရွေးချယ်ပြီး သမ္မတသို့ တင်ပြပြီး အတည်ပြုရန်သာဖြစ်သည်ဟု ပါရှိသည်။ ရခိုင်ပြည်၏ အစိုးရအဖွဲ့ကို ၀န်ကြီးချုပ်၊ ၀န်ကြီးများနှင့် ဥပဒေပြုရေးတို့မှ ထိန်းကျောင်းထားသည်။ ပြည်နယ်၏ အဓိကလုပ်ငန်းမှာ ဖွံ့ဖြိုးရေးသာဖြစ်သည်။ ဥပဒေပြုရေးကား အဖြစ်သဘောလောက်သာ ပါရှိသည်။ ဥပဒေပြုရေးကို အဓိက ပြုလုပ်ကြသည်မှာ ပြည်ထောင်စု လွှတ်တော်သာဖြစ်သည်။

“ပြည်နယ်လွှတ်တော်မှာ နေရာအများစုကို အနိုင်ရရှိအောင် ကြိုးစားပြီး ပြည်နယ်ပါလီမန်ကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ အများစု အနိုင်ရအောင် ၀န်းရံပေးကြပါ”ဟု ရွေးကောက်ပွဲအတွက် စည်းရုံးရေးကာလ တလျှောက်လုံးတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်၏ လက်သုံးစကားဖြစ်သည်။ ဤသည်ပင်လျှင် ရခိုင်အမျိုးသားပါတီ၏ မူဝါဒလည်းဖြစ်သည်။ ဒေါက်တာအေးမောင်၏ စကားကို ထောက်ရှုခြင်းအားဖြင့် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်ပါလီမန်ကို ထိန်းချုပ်ဖို့အတွက် အပြင်းအထန် ကြိုးစားလာသည်ဟု ဆိုရမည်။ ဒေါက်တာအေးမောင်ကိုယ်တိုင်း ပြည်ထောင်စု လွှတ်တော်ဖြစ်သည့် အမျိုးသားလွှတ်တော်မှနေ ပြည်နယ်လွှတ်တော်သို့ ၀င်ရောက်လာခဲ့သည်။ မာန်အောင်မြို့နယ် အမှတ်(၂) နေရာမှ ၀င်ရောက် ချိန်းပြိုင်မည်ဖြစ်သည်။ “ပြည်နယ်ပါလီကို ထိန်းချုပ်ပြီး ပြည်နယ်ရဲ့ ရသင့်ရထိုက်တဲ့ ရပိုင်ခွင့်တွေကို တောင်းဆိုပြီး ဒေသဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဆိုထားသည်။ ရခိုင်အမျိုးသားအနေဖြင့် ပြည်နယ်ပါလီမန်ကို ထိန်းချုပ်ဖို့အတွက် ပြည်နယ်လွှတ်တော်၏ အမတ်နေရာ ၄၇ နေရာတွင် အနည်းဆုံး ၂၅ နေရာ ရရှိမှ ပြည်နယ်လွှတ်တော်၏ အမတ်နေရာအများစုကို ချုပ်ကိုင်ထားနိုင်မည်။ သို့ရာတွင် သူတို့ ၀င်ပြိုင်ရမည့်နေရာမှာ မြို့နယ် ၁၇ မျိုးအတွက် တစ်မြို့နယ်လျှင် ၂ ဦးနှုန်းအရ ၃၄ နေရာထိ ၀င်ရောက်ချိန်ပြိုင်ရမည်။ ထိုအထဲတွင် ၂၅ နေရာ အနိုင်ရမှ ပါလီမန်ကို ထိန်းချုပ်နိုင်မည်။ သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်၏ ဦးသျှောင်ဖြစ်သည့် ပြည်နယ်ဝန်ကြီးချုပ်ကိုမူ သမ္မတမှ တိုက်ရိုက်ခန့်အပ်ပြီး ပြည်နယ်လွှတ်တော်မှ အတည်ပြုချုပ်အရသာ ဆိုသည့် ပုဒ်မ ၂၆၁ အရ ပြည်နယ်ဝန်ကြီးချုပ်ကိုကား ရဖို့ရန် မလွယ်ကူပေ။ သို့ရာတွင် ပြည်ထောင်စုလွှတ်တော်တွင် အတိုက်အခံပါတီဖြစ်သည့် NLD မှ အနိုင်ရခဲ့လျှင် တစ်မျိုးတမည် ပြောင်းလဲနိုင်စရာရှိသည်။ ထို့အပြင် သမ္မတနှင့် ဆွေးနွေးပြီး ပြည်နယ်ကို ထိန်းချုပ်ခွင့်ကို တောင်းဆိုလျှင် ရနိုင်သည့် အချက် တချက်တော့ ခြွင်းချက်အဖြစ် ရှိနေသေးသည်။

ဤနေရာတွင် ရခိုင်အမျိုးသားပါတီအနေဖြင့် ၂၅ နေရာ အနိုင်ရနိုင်ခြေ ရှိသလားဆိုသည့် အချက်လည်း စဉ်စားစရာဖြစ်လာသည်။ ကြံ့ခိုင်ရေးပါတီတွင် သူတို့အဖွဲ့ဝင်များနှင့် သူတို့ပါတီဖွဲ့စည်းပုံအရ စနစ်တကျရှိနေသည်။ ရပ်/ကျေးထိ ကြံ့ခိုင်ရေးပါတီ၏ လက်တက်များကို တွေ့ရသည်။ ကျေးရွှာ၏ အုပ်ချုပ်ရေးပိုင်းနှင့် အသိုင်းအ၀ိုင်းတို့သည် ကြံ့ခိုင်ရေးပါတီဝင်များမှ နေရာယူထားကြသည်။ သူတို့တွင် သူတို့ပါတီဝင်တို့ဖြင့် အခိုင်အမာတည်ဆောက်ထားကြသည်။ ကြံ့ခိုင်ရေးပါတီကို ရှောင်လွဲကြည့်လိုက်လျှင် ကျန်နေသည့် မဲဆန္ဒရှင်များကို အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီနှင့် တစ်သီးပုဂ္ဂလတို့က အချင်းချင်း ခွဲဝေရမည့် သဘောရှိနေသည်။ ရခိုင်မျိုးချစ်ပါတီသည် ရခိုင်အမျိုးသားပါတီကို မကျေနပ်ချက်အရ ပေါ်ပေါက်လာသည့် ပုံစံမျိုးဖြစ်နေသည့်အတွက် ရခိုင်အမျိုးသားပါတီရရှိမည့် မဲဆန္ဒရှင်များထဲမှ တချို့တ၀က်ကို ဖဲထုတ်သွားနိုင်သည်။ ထို့အပြင် တစ်သီးပုဂ္ဂလဦးရေ များနေခြင်းသည်လည်း မဲခွဲသွားစေနိုင်သည့် အကြောင်းအရာထဲတွင် တချက်အပါအ၀င်ဖြစ်သည်။ တစ်သီးပုဂ္ဂလထဲတွင် သူတို့ဝင်ပြိုင်သည့် ဒေသများအတွက် လူရိုသေ ရှင်ရိုသေ ပုဂ္ဂိုလ်များ ပါဝင်နေသည်။ ထိုတစ်သီးပုဂ္ဂလများကိုလည်း ထည့်သွင်းစဉ်စားရမည်ဖြစ်သည်။ တစ်သီးပုဂ္ဂလထဲတွင် ကြံ့ခိုင်ရေးမှ သပ်လျိုများလည်း ပါဝင်နေသည်ဟု သတင်းအချက်အလက် အချို့ကိုလည်း ရရှိထားသည်။ တချို့ တစ်သီးပုဂ္ဂလအမတ်လောင်းများမှ ရခိုင်အမျိုးသားပါတီ၏ အမတ်လောင်းရွေးချယ်ရေးအရ မကျေနပ်သည့်အတွက် ၀င်ပြိုင်သူများလည်း ပါဝင်နေသည်။ လက်ရှိတွင် ရခိုင်အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီနှင့် တစ်သီးပုဂ္ဂလတို့သည် အချင်းချင်းကြား မည်သို့ ညှိုနှိုင်းပြီး ၂၀၁၆ ခုနှစ် ရခိုင်ပြည်နယ် နိုင်ငံရေးအခင်းအကျင်းကို ထိန်းချုပ်မည်ကို စိတ်ဝင်စားဖွယ်ဖြစ်နေသည်။ အဓိက ပြိုင်ဘက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဘက်ကို ဦးတည် ချိန်းပြိုင်ခြင်းထက် အချင်းချင်းကြား ပြိုင်ဆိုင်ခြင်းက တစ်ဖက်သား အလေးသာစေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှာကား ပြည်နယ်ပါလီမန်ထက် ပြည်ထောင်စု ပါလီမန်ကို အဓိက ချိန်းရွယ်နေသည့် သဘောကို တွေ့ရသည်။ သူတို့အနေဖြင့် ရခိုင်မြေပြင်သည် ဘုမ္မိနတ်သန် မဖြစ်လောက်ချေ။ သို့ရာတွင် တစ်နေရာစ၊ နှစ်နေရာစလောက်ထိ နိုင်ခြေကားရှိနေသည်။ ထိုနည်းတူ တခြားသော ပါတီများအနေဖြင့်လည်း ရခိုင်ပြည်နယ်၏ မြေပြင်သည် သူတို့အတွက် မလွယ်ကူလောက်ပေ။ ယခင်ရွေးကောက်ပွဲများတွင်လည်း တခြားပါတီများက တစ်နေရာ နှစ်နေရာက်သာ အနိုင်ရခဲ့သည့် သာဓကများရှိသည်။ ယခုတကြိမ်လည်း ထိုထက် မပိုနိုင်လောက်ချေ။

ရခိုင်ပြည်နယ်၏ ပြည်နယ်အာဏာကို ထိန်းချုပ်သောအခါ အဓိကနေရာအများစုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးဘက်ကို အလေးသာစေသည်အချက် အချို့ကိုလည်း တွေ့ရသည်။ ပြည်နယ်၏ အမြင့်ဆုံး ပုဂ္ဂိုလ်မှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်ပြီး ဒုတိယအာဏာအရှိဆုံးမှာ နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီးဖြစ်နေသည်။ နယ်စပ်ရေးနှင့် လုံခြုံရေးဝန်ကြီးကို စစ်တပ်၏ ကာချုပ်မှ တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်သည်။ ထိုနေရာအတွက် အဓိက တာဝန်ယူထားသည်မှာ စစ်တပ်ဖြစ်နေသည်။ တတိအမြင့်ဆုံး အာဏာကို အထွေထွေအုပ်ချုပ်ရေးဌာနမှ အတွင်းရေးမှူးဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဌာနမှ အတွင်းရေးမှူသည်လည်း အစိုးရ ၀န်ထမ်းဌာနမှ ဆွဲတင်လာခြင်းဖြစ်သည်။ ပြည်နယ်လွှတ်တော်၏ ဥက္ကဌသည် ပြည်ထောင်စုအစိုးရ၏ လက်ဝါးအောက်တွင်သာရှိနေခြင်းက ကြံ့ခိုင်ရေးပါတီဘက်ကို အလေးသာစေသည်။

ဒီမိုကရေစီစနစ်၏ အသက်သည် မိမိတို့ ခေါင်းဆောင်ကို မဲပေးခြင်းဖြင့် ရွေးချယ်ပြီး လွှတ်တော်အတွင်း တိုက်ပွဲဝင် တောင်းဆိုသည့် စနစ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံသည် ဒီမိုကရေစီ စံနှုန်းစံညွှန်များနှင့် များစွာ လွဲချော်နေသည်ကား ပြည်သူတိုင်းအသိပင်။ သို့ရာတွင် ရသည့်နေရာမှ ရသည့်အခွင့်အရေးကို အသုံးချပြီး တိုင်းပြည်အတွက် လူမျိုးအတွက် ထွက်ပေါက်ကိုကား ဖောက်ထွက်သွားရမည်။ ပြည်နယ်ပါလီမန်ကို ထိန်းချုပ်ဖို့အတွက် ပြည်သူ အခန်းကဏ္ဍက များစွာ အရေးပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်မှ တခြားသော ဒေသဖွံ့ဖြိုးရေးများကို လုပ်ဆောင်နိုင်မည်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲနိုင်မှ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ကို ပြောင်းလဲ စိန်ခေါ်နိုင်မည်ဖြစ်သည်။ အရေးကြီးသည် ပညာရေး၊ ကျန်းမာရေးတို့ကား ပြည်ထောင်စုအစိုးရ၏ လက်အောက်မှာ ထားခြင်းပင် မရိုးမသားမှုများစွာ ရှိနေသည်ကို တွေ့ရှိရသည်။ တိုင်းပြည်တစ်ပြည်၏ အဓိက မောင်းနှင်းရမည့် ပညာရေး၊ ကျန်းမာရေးကို ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ကိုင်တွယ် နေခြင်းသည်ပင် ဒီမိုကရေစီ၏ အနစ်သာရနှင့် သွေးဖီနေခြင်းဖြစ်သည်။

သို့သော် ရသည့် အခွင့်အရေးကို ရအောင်ယူပြီး တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်ကြရမည်မှာ ပြည်သူတို့၏ တာဝန်ဖြစ်သည်။ ပြည်သည် ပြည်သူအလုပ်ကို လုပ်ဆောင်ရမည်။ ပြည်သူတို့၏ လူထုတိုက်ပွဲသည်ကား ဒီမိုကရေစီ၏ အနစ်သာရဖြစ်သည်။ လူထုတိုက်ပွဲအတွက် မည်သို့ ပြင်ဆင်ရမည်ကို ခေါင်းဆောင်များက စနစ်တကျ ပုံဖော်ပေးရမည်။ ၂၀၀၈ ဖွဲ့စည်းပုံကို လူထုတိုက်ပွဲဖြင့် မည်မျှတိုက်ခိုက် တောင်းဆို ပြောင်းလဲနိုင်မလဲဆိုသည်မှာ ၂၀၁၅-၂၀၂၀ ထိ ကြားကာလ ၅ နှစ်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။ ရခိုင်ပြည်နယ်၏ ပြည်နယ်ပါလီမန်ကို ထိန်းချုပ်မည့် ကြံ့ခိုင်ရေးပါတီသည်လည်း ပြည်သူအပေါ်တွင် မည်မျှ စေတနာရှိပြီး မည်မျှ ပြုပြင်ပြောင်းလဲနိုင်ရမည်ဆိုသည်မှာကား စိတ်ဝင်စားဖွယ်ဖြစ်သလို ရခိုင်အမျိုးသားပါတီမှ ရခိုင်အမျိုးချစ်ပါတီနှင့် တစ်သီးပုဂ္ဂလတို့ကို ဆွဲခေါ်ပြီး မဟာမိတ်ပြုကာ ပြည်သူအားဖြင့် ပြည်နယ်ပါလီမန်ကို ထိန်းချုပ်ကာ ပြည်ထောင်စုအစိုးရကို မည်မျှ တိုက်ရည်ခိုက်ရည်အပြည့်ဖြင့် တောင်းဆိုလုပ်ဆောင်နိုင်မည်ကိုကား မကြာခင်ကာလတခုမှ စောင့်ကြည့်ရတော့မည်ဖြစ်သည်။

ဝေဟင်အောင်

___ Development Media Group
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။