တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းနှင့်ပတ်သတ်၍ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ သဘောထား ကြေငြာချက်။
စာစိုင် အမှတ်။ ။ (၅ / ၂၀၁၅)
ရက်စွဲ။ အောက်တိုဘာလ (၂၀)ရက် ၂၀၁၅- ခု
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ်လက်မှတ်ရေးထိုးခဲ့ခြင်းနှင့်ပတ်သတ်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၏ သဘောထားကို အောက်ပါ အတိုင်း ဖော်ပြအပ်ပါသည်။
(၁) နိုင်ငံတော်အစိုးရမှ ဖွဲ့စည်းပေးထားသည့် (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ဖွဲ့စည်းထားသည့် (NCCT)တို့သည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA)ကို (၂) နှစ် နီးပါးကြာ ညှိ့နိုင်းဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီမူ့ ရခဲ့သည်မှာ ပြည်တွင်းငြိမ်းချမ်းရေး ခြေလှမ်းသစ်တစ်ခု အောင်မြင်ခြင်းဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ မှတ်ယူသည်။သို့သော် အားလုံးပါဝင်ရေး မူနန့် ပတ်သတ်၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သဘောထား အနည်းငယ်ကွဲလွဲကာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရာတွင် မိမိတို့နှင့် ဘဝတူတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်ခြင်းမရှိသည်ကို မိမိတို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)မှ များစွာစိတ်မကောင်းဖြစ်မိပါသည်။
(၂) မိမိတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှဘဝတူလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်ရေးမူကို ယနေ့အထိလက်ကိုင်ထားပြီး နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာပါက လက်မှတ်မရေးထိုးသည့် အဖွဲ့အစည်းများပါဝင်လာနိုင်ရေးကို ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။
ဤကြားထဲ အစိုးရမှ စစ်ရေးအရ ဖိအားပေးမူ့များ မလုပ်ဆောင်နိုင်စေရန် ဘဝတူတိုင်းရင်းသား အဖွဲ့အစည်းများနှင့် မိမိတို့ အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၃) နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနေစဉ်ကြားကာလတွင် ရခိုင်ပြည်သူများဘဝလုံခြုံရေး ရခိုင်ပြည်ဖွံဖြိုးတိုးတက်ရေးတို့အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ အစိုးရနှင့်သော်လည်းကောင်း နိုင်ငံတကာ အဖွဲ့အစည်းများနှင့်သော်လည်းကောင်း အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၄) ရခိုင်ပြည်သူများရသင့်ရထိုက်သည့် အခွင့်အရေးများ မရသရွေ့ မိမိတို့ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALA)အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးနှင့် တပ်ပေါင်းစည်းရေးကိုဖြစ်စေ လက်နက်ဖျက်သိမ်းရေး ဖြစ်စေ လုံးဝလက်ခံမည် မဟုတ်ပဲ ရခိုင်ပြည်သူများကို အကာအကွယ်ပေးနိုင်မည့် ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော် (ALA) အဖြစ်ဖြင့်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်။
အတွင်းရေးမူ့။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)
ဆက်သွယ်ရန်။ 09450035991
http://www.arakanalp.com/?p=2808

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။