ပျောက်ဆုံး ကုန်တင်သင်္ဘော နစ်မြုပ်သွားပြီဟု အမေရိကန် ကမ်းခြေစောင့်တပ် ယုံကြည်နေ



မုန်တိုင်း တိုက်ခတ်နေစဉ် ကာရေဘီယန် ပင်လယ်အတွင်း ပျောက်ဆုံးသွားသည့် ကုန်တင် သင်္ဘောသည် နစ်မြုပ်သွားပြီဟု ယုံကြည်ရကြောင်း အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့က ကြေညာခဲ့သည်။

တိုင်ဖွန်းမုန်တိုင်း ယာကွင်း တိုက်ခတ်နေစဉ် အတောအတွင်း အယ်လ်ဖာရို သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ၉၆ နာရီ အကြာတွင် ကမ်းခြေစောင့်တပ်က ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။ ကမ်းခြေစောင့် တပ်ဖွဲ့က သင်္ဘောကို နောက်ဆုံး ထောက်လှမ်းတွေ့ရှိသည့် နေရာအနီးတဝိုက်တွင် သင်္ဘော၏ အစိတ်အပိုင်း အချို့ကိုသာ တွေ့ရှိရကြောင်း ဆိုသည်။

ယခုအခါ ကမ်းခြေစောင့်တပ်သည် သင်္ဘောပေါ်တွင် လိုက်ပါသွားသူများအနက် အသက်ရှင် ကျန်သူများ ရှိမရှိကို ပိုမို အာရုံစိုက် ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။ ကမ်းခြေစောင့်တပ်မှ ဗိုလ်ကြီး မာ့ခ်ဖီဒါက သင်္ဘောပေါ်တွင် အသက်ကယ် အင်္ကျီများ၊ အသက်ကယ်လှေများ လုံလောက်စွာ ပါသွားသဖြင့် အသက်ရှင် လွတ်မြောက်သူများ ရှိနိုင်သည်ဟု မျှော်လင့်ကြောင်း အောက်တိုဘာ ၅ ရက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အသက်ရှင် ကျန်ရစ်သူတွေကို လိုက်ရှာနေပါတယ်။ အသက်ရှင် ကျန်သူတွေ ရှိနေနိုင်ကြောင်း အထောက်အထား သေးသေးလေးကအစ ကျွန်တော်တို့  ရှာဖွေနေပါတယ်”ဟု ၎င်းက ဆိုသည်။ လတ်တလောတွင် သင်္ဘော နောက်ဆုံး အဆက်အသွယ် ပြတ်တောက်သွားသည့် နေရာတဝိုက် ကာရေဘီယန် ပင်လယ်ပြင်တွင် ၂၂၅ စတုရန်းမိုင် ဇုန်သတ်မှတ်ကာ ရှာဖွေမှုများ ပြုလုပ်နေသည်။

သင်္ဘောပေါ်တွင် အမေရိကန် နိုင်ငံသား ၂၈ ဦး၊ ပိုလန်နိုင်ငံသား ၅ ဦးတို့ လိုက်ပါသွားပြီး ပြီးခဲ့သည့် သီတင်းပတ်က မုန်တိုင်း တိုက်ခတ်နေစဉ် ဘဟားမားစ် ကမ်းလွန်၌ အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ ကမ်းခြေစောင့်တပ် ရေယာဉ် HC-130သည် ရေမိုင် ၁၀၀၀ ကျော်မျှ ခုတ်မောင်း ရှာဖွေခဲ့သော်လည်း သင်္ဘောကို မတွေ့ခဲ့ချေ။

အယ်လ်ဖာရို သင်္ဘောသည် ဖလော်ရီဒါရှိ ဂျက်ဆန်ဗီးလ်မှ ပွာတိုရီကိုနိုင်ငံ၊ ဆန်ဟွမ်သို့ ဦးတည် ခုတ်မောင်းခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ကမ်းခြေစောင့်တပ်သည် သင်္ဘောကို လိုက်မရှာတော့ဘဲ အသက်ရှင် ကျန်ရစ်သူများကိုသာ အာရုံစိုက် ရှာဖွေသွားမည်ဟုလည်း သိရှိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။