မိနစ် ၁၂၀ အလွန် ကောလင်းမိုးည


ဒေါ်မည်းပိုတို့ သားအမိအား တွေ့ရစဉ်/ဓာတ်ပုံ − ညီညီဇော်

အောက်တိုဘာ ၉ ရက် ညနေက ကောလင်းမြို့မှာ မိုးတွေက သဲသဲမဲမဲရွာနေပြီး တောင်ကျရေများကြောင့် မြို့ကလေးအတွင်း ရေတွေ ဖွေးဖွေးလှုပ်နေသည်။ ကုန်းခေါင်ခေါင်မှာ ရေပြင်ကျယ်တွေက တစ်စထက်တစ်စ လွှမ်းမိုးလာသည်။ ကောလင်းပြည်သူ့ဆေးရုံဝင်းအတွင်းတွင်လည်း ရေတွေအပြည့်ဖြစ်နေသည်။ ယခုနှစ်အတွင်း ကောလင်းမြို့လေးမှာ ရေတွေ ကြိမ်ဖန်များစွာ ကြီးခဲ့ သော်လည်း ဆေးရုံပေါ်အထိ ရေမတက်ခဲ့သောကြောင့် အချိန်တန် လျှင် ၀င်းထဲကရေတွေ ပြန်လည်ကျဆင်းသွားမှာပဲဟု လွယ်လွယ်ပင် ထင်မှတ်ခဲ့ကြလေသည်။


ထိုသို့ မိုးတွေသဲကြီးမဲကြီးရွာကာ ရေတွေ ပတ်လည်ဝိုင်းနေသည့် ကောလင်းပြည်သူ့ဆေးရုံ အတွင်းသို့ ရောက်ရှိနေသော လူနာငါးဆယ်ကျော်တွင် ဒေါ်မည်းပိုဟု အမည်ရသည့် ကိုယ်ဝန်ဆောင် သည် အမျိုးသမီးတစ်ယောက် လည်း ပါဝင်သည်။ ဒေါ်မည်းပိုက ကန့်ဘလူနယ်အနီး တောင်ဘို့လှ ဆိုသည့် ရွာကနေ ကလေးမီးဖွားရန်အတွက် ထိုနေ့မတိုင်မီကတည်းက ဆေးရုံသို့ ရောက်ရှိနေခဲ့ ခြင်းဖြစ်သည်။

ယခင်ကတော့ ဒေါ်မည်းပို တစ်ယောက် ဆေးရုံဆေးခန်းသို့ လာလေ့မရှိပေ။ လွန်ခဲ့သောငါးလ  ခန့်က ရွာသို့ဆေးကုသရန် ရောက်  ရှိလာခဲ့သည့် ကောလင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခင်မောင် သန်း၏ တိုက်တွန်းမှုကြောင့် မ လာချင့်လာချင်ဖြင့် ရောက်လာခဲ့ တာဖြစ်သည်။ ဆရာဝန်ကြီးက ဆေးရုံလာဖို့ တိုက်တွန်းရတာက လည်း အကြောင်းရှိသည်။ ဒေါ် မည်းပို ယခုလွယ်ထားရသည့် ကိုယ်ဝန်သည် ၁၂ ယောက်မြောက် ကိုယ်ဝန်ဖြစ်သည်။ ဒေါ် မည်းပိုက အသက်(၄၄)နှစ်ရှိပြီ။ အသက်ကလည်းကြီး၊ မွေးလာတဲ့ ကလေးအရေအတွက်ကလည်း များနေပြီဖြစ်သည်။ သာ၍ဆိုး သည်က ယခုလွယ်ထားရသည့် ကိုယ်ဝန်သည် ကလေးကန့်လန့်ဖြစ်နေသည်။ နောက်ပြီး ၁၁ယောက်မြောက် ကိုယ်ဝန်တုန်းက သွေးတစ်ခါသွန်ခဲ့ဖူးသည်။ ယခင် ကလေးတွေတုန်းကတော့ ဒေါ် မည်းပိုက ရွာမှာတင် အရပ်လက် သည်နှင့် အလွယ်တကူပင် မွေးခဲ့တာဖြစ်သည်။ သို့သော် ကလေးတချို့အဖတ်မတင်။ သည်ကိုယ် ၀န်မှာကျတော့ ဒေါ်မည်းပိုရော ကလေးအတွက်ပါ အန္တရာယ်တွေ ရှိလာနိုင်သည်။ နောက်ပြီး ဒေါ် မည်းပိုမှာ ကလေးမွေးဖွားနှုန်းက များနေပြီမို့ အထက်ကို စာတင်ပြီး သားကြောဖြတ်ပေးရန်လည်း ဆရာဝန်ကြီးက ဆန္ဒရှိနေခဲ့သည်။ ထို့ကြောင့် ဆရာဝန်ကြီးက ဆေးရုံ လာမွေးရန် ဆက်ဆက်မှာခဲ့ရ သည်။

ဒေါ်မည်းပိုတို့က ကြုံရာကျ ပန်း လုပ်ကိုင်စားသောက်ရတာ ဖြစ်သည်။ မြို့ပေါ်ဆေးရုံ ကလေး တက်မွေးဖို့ဆိုတာ ငွေပိုငွေလျှံမရှိ သည့် သူတို့အဖို့ ဘယ်လိုမှမလွယ်။ ဒါကြောင့် လင်ယောက်ျားနှင့်တိုင်ပင်ကာ ငွေကလေး နှစ် သောင်းကို သုံးကျပ်တိုးဖြင့် ချေးငှားပြီး မြို့ပေါ်တက်ရန် စီစဉ်ကြသည်။ သို့သော် မြို့ပေါ်ကို လင်မယားနှစ်ယောက်တည်း သွားလို့ကလည်းမဖြစ်။ ဒေါ်မည်းပိုတို့နေတာက ချောင်းနှုတ်ခမ်းလေး ပေါ် မေးတင်ကာနေရတာဖြစ် သည်။ ရာသီဥတုတွေက ဆိုးရွားနေသည်မို့ လင်မယားနှစ်ယောက် အပြင်သွားနေချိန် လက်ရှိရှိနေသည့် ကလေးသုံးယောက် တစ်ခုခုဖြစ်မှာစိုးသည်။ ထို့ကြောင့် အသက် (၁၁) နှစ်အရွယ်သား၊ အသက် (၇)နှစ်နှင့် (၅) နှစ်အရွယ် သမီးနှစ်ယောက် စုစုပေါင်းကလေး သုံးယောက်ကို လက်ဆွဲကာ လင် မယားနှစ်ယောက် ကောလင်းဆေးရုံဆီ ခြေလျင်တစ်ခါ၊ သုံးဘီးတစ်လှည့်ဖြင့် နေကုန်ခရီးဆက်ကာ လာခဲ့ရသည်။

အောက်တိုဘာ ၉ ရက်နေ့ ညနေပိုင်းမှာတော့ ဒေါ်မည်းပို တစ်ယောက် ဗိုက်နာလာခဲ့သည်။ ထိုအချိန်တွင် မိုးကလည်း သဲကြီး မဲကြီးရွာချကာ ရေတွေကလည်း တဖြည်းဖြည်းများသည်ထက်များ လာနေသည်။ ဆေးရုံဝင်းအတွင်း မှာပင် ရေတွေက လူကြီးခါးတစ် ၀က်ခန့်မြုပ်နေပြီဖြစ်သည်။ဆေးရုံ ကို တောင်ကျရေတွေကပတ်လည် ၀န်းရံနေပြီဖြစ်သည်။ ဒေါ်မည်းပို ကို ခွဲစိတ်မွေးဖွားပေးရန် လိုအပ်လာ၍ ဆရာဝန်ကြီးက ခွင့်ပြုပေး လိုက်သည်။ ညနေ ၆ နာရီကျော် ကျော်မှာတော့ ဒေါ်မည်းပိုကို ခွဲ မွေးရန် ဆရာဝန်နှင့်သူနာပြုများ၊ ဆေးရုံအလုပ်သမားများ စီစဉ်ရ တော့သည်။

ပုံမှန်ဆိုလျှင် လူနာကို မေ့ ဆေးပေးကုသမည်ဆိုပါက မေ့ ဆေးဆရာဝန်က တာဝန်ယူရ သော်လည်း ကောလင်းဆေးရုံတွင် မေ့ဆေးဆရာဝန် သီးသန့်မရှိပေ။ ထို့ကြောင့် ယခုဆေးရုံတွင် လုပ် သက်နှစ်(၂၀) ကျော်ရှိ အထက် တန်းသူနာပြုဆရာမကြီး ဒေါ်ခင် ၀င်းက မေ့ဆေးပေးရန် လူနာ၏ ခေါင်းပိုင်းတွင် တာဝန်ယူပေး သည်။ ဆရာမကြီးနှင့်အတူ သူနာ ပြုဆရာမ ဒေါ်အေးအေးမွန်နှင့် ဒေါ်နွေးနွေးသိမ့်တို့လည်း ခွဲစိတ်မှု ကို ကူညီနေကြသည်။

ညနေ ၆နာရီခွဲတွင် ဒေါ်မည်းပိုကို ခွဲစိတ်မှုစတင်သည်။ ဒေါ် မည်းပိုမှာ အသက်ကြီးကာကလေး  မွေးဖွားမှုများခဲ့သဖြင့် သားအိမ်မှာ ပျော့အိနေပြီဖြစ်သည်။ နောက်ပြီး ယခင်က သွေးသွန်ခဲ့ဖူးသဖြင့် သားအိမ်မှာ အားမကောင်းတော့။ သွေးကြောတွေက ပုံမှန်ထက်များနေသဖြင့် ခွဲလိုက်တိုင်း သွေး တွေက ပန်းထွက်သည်။

ခွဲစိတ်မှုစတင်ပြီး နာရီဝက် ကျော်ကြာ ည ၇ နာရီ ၁၀ မိနစ်၌ ဒေါ်မည်းပို၏ ၀မ်းဗိုက်တွင်းမှ ကလေးကို ကောင်းမွန်စွာထုတ်ယူ နိုင်ခဲ့သည်။ သားယောက်ျားလေး ဖြစ်ပြီး ခုနစ်ပေါင်ခန့်ရှိသည်။ကော လင်းဆေးရုံ၏ လက်ထောက် ဆ ရာဝန်နှစ်ဦးဖြစ်သည့် ဒေါက်တာ ဆန်းမြတ်သူနှင့် ဒေါက်တာ စိုင်း ဟန်မိန်းတို့မှာ အာရုံအပြည့်ဝင် စားကာ ဂရုတစိုက် လုပ်နေကြရ သဖြင့် ပတ်ဝန်းကျင်ကို ဂရုမပြုမိ။ ဒေါ်မည်းပို၏ ၀မ်းဗိုက်အရေပြား နှင့် အဆီလွှာကို ပြန်ချုပ်နေတုန်း ဗြုန်းဆို မီးပြတ်ကာ ခွဲခန်းတစ်ခုလုံး မှောင်မည်းသွားသည်။ အပြင်တွင် ရာသီဥတုက ဆိုးရွားနေသဖြင့် လျှပ်စစ်မီး ဖြတ်လိုက်သည်ထင်သည်။ အရန်သင့်ယူထားသည့် လက်နှိပ်ဓာတ်မီးနှစ်လက်ဖြင့် ခွဲစိတ်မှုကို ခေတ္တလက်စသတ်ကာ ရပ်တန့်ထားရသည်။ မီးပြတ်ပြီဆိုသည်နှင့် ခွဲခန်းပြင်ပတွင် အဆင်သင့်စောင့်နေသည့် ဆေးရုံလုပ်သားမှ မီးစက်တစ်ခါတည်း ပြေးနှိုးရသည်။ မကြာမီ မီးစက်ကြောင့် လျှပ်စစ်မီးပြန်လင်းပြီး ခွဲစိတ်မှုအလုပ် ဆက်လုပ်ကြသည်။


ရေလွှမ်းမိုးခံရသည့် ကောလင်းမြို့ဆေးရုံတွင် ရေကြီးနေသည့်ကြားမှပင် အရေးပေါ်လူနာအား ခွဲစိတ်ကုသပေးနေသော ဆရာဝန်နှင့် သူနာပြုများကို အောက်တိုဘာ ၉ ရက်က တွေ့ရစဉ်/ဓာတ်ပုံ − ကိုဖုန်း(ကောလင်း)

ထိုသို့လုပ်နေရင်း ခေါင်းရင်း တွင်ရှိနေသည့် အထက်တန်းသူနာ ပြုဆရာမကြီး ဒေါ်ခင်ဝင်းက ခွဲ စိတ်ခန်း၏ ရေထွက်ပေါက်မှ ရေ တွေ တစိမ့်စိမ့်ဝင်လာတာ တွေ့ လိုက်ရသည်။ ဆရာဝန်တွေကို တော့ ဆေးကုသမှု အနှောင့်အ ယှက်ဖြစ်သွားမည်စိုး၍ မပြော သေးဘဲ သူနာပြုဆရာမလေး ဒေါ် နွေးနွေးသိမ့်ကို မျက်နှာရိပ်မျက်နှာ ကဲပြလိုက်သည်။ ဒေါ်နွေးနွေးသိမ့် ကတော့ ခွဲခန်းထဲ ရေတွေဝင်လာ ပြီဖြစ်၍ အနည်းငယ် လန့်သွား သည်။ ဒေါ်အေးအေးမွန်ကတော့ သူ့ခြေထောက်အောက် ရောက် လာသည့် ရေတွေကြောင့် ၀တ် ထားသည့် ခွဲခန်းဝတ်စုံဘောင်းဘီ အနားတွေ စိုစိစိဖြစ်လာတာ သတိထားမိခဲ့သည်။

ဆရာမကြီး ဒေါ်ခင်ဝင်းက ဆရာဝန်တွေသိမည်စိုး၍ ခွဲခန်းထဲ က ရေတွေထဲသွားသည့်အခါ ခြေ ထောက်ကို တတ်နိုင်သမျှ အသံလုံအောင် လျှောက်သော်လည်း စီးထားသည့် လည်ရှည်ဖိနပ်တွေ ကြောင့် တဗွက်ဗွက်နှင့် အသံတွေ ထွက်လာခဲ့သည်။ ဆရာဝန်နှစ်ဦး လည်း ထိုအချိန်မှ သတိထားမိလာ ကာ အောက်ငုံ့ကြည့်မိတော့ခွဲခန်း ထဲမှာ ရေတွေက အပြည့်ဝင် ရောက်နေပြီဖြစ်ကြောင်း သိလိုက် ရသည်။

ထို့နောက် အောက်ဆီဂျင် စက်အပါအ၀င် လျှပ်စစ်နှင့်အသုံး ပြုရသည့် ဆေးရုံသုံးစက်ပစ္စည်း တွေ ခုံအမြင့်ပေါ် တင်ကြသည်။ ရေတွေ ၀င်ရောက်လာသော် လည်း ခွဲစိတ်မှုမှာ ရပ်တန့်ထား၍မရတော့။ သည်လောက် ရေပတ်လည်ဝိုင်းကာ ရာသီဥတု ဆိုးရွားနေချိန် အခြားဆေးရုံပို့ဖို့ မပြောနှင့် ဆေးရုံဝင်းထဲပင်ဆင်းရန် မလွယ်တော့။ နောက်ဆုံး ခွဲစိတ်ကုသမှုကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ ဆရာဝန်တွေ သူနာပြုတွေအဖို့ ခွဲစိတ်ခန်းအတွေ့အကြုံတွေက များစွာကြုံဖူးခဲ့ကြသော်လည်း ယခုကဲ့သို့ ရေတွေထဲ ခွဲစိတ်ကုသမှုပြုလုပ်သည့်အခါ စိုးရိမ်မှုတော့ရှိခဲ့ကြသည်။ လူနာအတွက်လည်း စိုးရိမ်ရသကဲ့သို့ သူတို့ကိုယ်တိုင်အတွက်လည်း လျှပ်စစ်ပစ္စည်းများနှင့် ရေတွေကြား ဓာတ်လိုက်မှာကြောက်ခဲ့ကြသည်။

ကလေးထုတ်ပြီးနောက် လူ နာမှာ သွေးထွက်များနေသည်။ နှုတ်ခမ်းတွေ ဖြူလာကာ သွေး ပေါင်ချိန်တွေ အနည်းငယ်ကျလာ ခဲ့သည်။ လူနာအတွက် အရေးပေါ် သွေးသွင်းရန် လိုအပ်လာခဲ့သည်။ နယ်ဆေးရုံ ဖြစ်သည့်အတွက် သွေးပုလင်း အရန်သင့်မရှိသော်လည်း ဒေါ်မည်းပိုအတွက် လိုအပ်မည့် အိုသွေးအလှူရှင်ကို တစ်ခါတည်း ချိတ်ဆက်ထားပြီးဖြစ် သည်။ ထိုသွေးအလှူရှင်ထံ ဆက်သွယ်သည့်အခါ ကောလင်းတစ်မြို့လုံး ရေတွေဖုံးလွှမ်းကာ ရာသီဥတု ဆိုးရွားနေသဖြင့် ထိုသွေးအလှူရှင်မှာ ဆေးရုံကို အချိန်မီလာရောက်ဖို့ မဖြစ်နိုင်တော့ကြောင်း သိလိုက်ရသည်။

လူနာအတွက် သွေးကလည်း အရေးပေါ် လိုအပ်နေပြီဖြစ်သည့် အတွက် ဆေးရုံဝန်ထမ်းများ ခေါင်းချင်းဆိုင်တိုင်ပင်ရင်း ဆေးရုံ က အလုပ်သမားလေး မောင်ဖြိုး ကျော်မှာ အိုသွေးဖြစ်ကြောင်း သ တိရမိကြသည်။ ထို့ကြောင့် မောင် ဖြိုးကျော်ကို သွားရောက်ပြောပြ တော့ စိတ်လိုလက်ရပင် လှူပေးခဲ့ ပါသည်။

ထိုအချိန် ဆေးရုံပေါ်တွင် လည်း တောင်ကျရေတွေက ဆေး ရုံခေါင်းရင်းမှတစ်ဆင့် အလုံးအ ရင်းဖြင့် စီးဝင်လာခဲ့သည်။ ဆေး ရုံခြေရင်းရှိ အထွေထွေအုပ်ချုပ် ရေးရုံးဆိုလျှင် အုတ်တံတိုင်းတွေပါ မျောပါကုန်သည်။ ရေတွေက ဆေးရုံသမံတလင်းအထက် လူ ကြီးဒူးဆစ်လောက်အထိ တက် လာပြီဖြစ်သည်။ ဆေးရုံအုပ်ကြီး နှင့် ၀န်ထမ်းတွေ စတိုခန်းထဲက ဆေးတွေနှင့်ဆေးရုံသုံးပစ္စည်းတွေ အပြေးအလွှား ရေလွတ်ရာသို့ သယ်ပြောင်းကြရသည်။ ၀န်ထမ်း အင်အားဖြင့်မနိုင်တော့ လူနာ စောင့်တွေကိုပါခေါ်ကာ အကူအ ညီတောင်းရတော့သည်။ ကံ ကောင်းသည်က ရေတွေက လူနာ ခုတင်ထိ မမြုပ်ခဲ့၍ လူနာတွေကို ရွှေ့ပြောင်းရတာမျိုး မလုပ်ခဲ့ရ။ ထိုသို့ဖြစ်လာခဲ့လျှင်လည်း ဆေးရုံ မှာ ထစ်ထပ်သာဖြစ်၍ဘယ်မှ ရွှေ့ မရ။ အပြင်လည်း ပြောင်းဖို့မ လွယ်။ ဒုက္ခများကြမည်ဖြစ်သည်။

ည ၈ နာရီခွဲမှာတော့ ဒေါ်မည်းပိုကို ခွဲစိတ်ကုသမှုလုပ်ငန်းပြီး ဆုံးခဲ့ပါသည်။ ကလေးရောမိခင်ပါ ကျန်းကျန်းမာမာဖြစ်အောင် ကုသ နိုင်ခဲ့ကြသည်။ ဆရာဝန်နှင့် သူနာ ပြုအဖွဲ့တွေ ခွဲစိတ်ခန်းထဲကနေ ပြန်ထွက်တော့ ဆေးရုံပေါ်ရေတွေ အပြည့်ဖြစ်နေသည်ကို မြင်ရသည့် အခါ အံ့အားသင့်သွားကြသည်။

ဆရာဝန်ကြီးအပါအ၀င် ဆရာဝန်သူနာပြုနှင့် အလုပ်သမား များ အားလုံးကတော့ အောက်တို ဘာ ၉ ရက် ညက အဖြစ်အပျက် သည် ၎င်းတို့ဘ၀အတွက် မမေ့နိုင် တော့သည့် အတွေ့အကြုံတစ်ခု ဖြစ်ကြောင်း တူညီစွာပြောဆိုကြ သည်။ ‘‘ကျွန်တော်တို့လိုအပ်လို့ လုပ်ပေးခဲ့ကြတာပါ။ ဖက်ရှင်အ နေနဲ့လည်း လုပ်တာမဟုတ်သလို ငါးပြားတစ်စေ့မှလည်းမတောင်းခဲ့ ပါဘူး’’ဟု ဆေးရုံအုပ်ကြီး ဒေါက် တာခင်မောင်သန်းက ပြောပါသည်။ ထိုနေ့ညက အဖြစ်အပျက်သည် တစ်ဦးကောင်း တစ်ယောက် ကောင်းကြောင့်မဟုတ်ဘဲ ဆေးရုံ ရှိ ၀န်ထမ်းအားလုံး တက်ညီလက် ညီ အသင်းအဖွဲ့စိတ်ဓာတ်အပြည့် ဆောင်ရွက်ခဲ့သဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆေးရုံဝန်ထမ်းများအားလုံးက ဆို ကြပါသည်။

အောက်တိုဘာ ၁၁ ရက်မှာ တော့ ကောလင်းမှာ ရေတွေ ပြန် ကျသွားသည်။ ဆေးရုံထဲမှာလည်း ရေတွေမရှိတော့။ တင်ကျန်ရစ် သည့် နွံတွေကိုသာ ဆေးကြောနေ ရသည်။ ဆေးရုံအတွင်းက လူနာ ခုတင်တစ်ခုမှာတော့ ဒေါ်မည်းပို က သူ့သားလေးနှင့်အတူ အေးဆေးစွာ အနားယူခွင့်ရနေပြီဖြစ် သည်။ သူနှင့် သူ့ကလေးကို ယခုကဲ့သို့ ခက်ခက်ခဲခဲ ကုသပေးခဲ့သည့် ကောလင်းပြည်သူ့ဆေးရုံကြီးရှိ ၀န်ထမ်းများကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေရှာပါသည်။ ဒေါ်မည်းပိုမှာ ရာသီဥတုကလည်းဆိုး၊ သူ့ကျန်းမာရေးအခြေအနေမှာလည်း မကောင်းသည့်ကြား ခွဲစိတ်မွေးဖွားမှုလည်း မကြုံဖူးသဖြင့် ကြောက်ခဲ့ရကြောင်းလည်း ပြောပြသည်။

ဒေါ်မည်းပို သားလေးမှာ လည်း နက်မှောင်သန်စွမ်းနေ သော ဆံပင်၊ ဖြူစင်သော အသား အရည်နှင့် ကျန်းမာစွာတွေ့ရသည်။ မွေးခါစမို့ ခန္ဓာကိုယ်က နီတာရဲ လေးဖြစ်နေသည်။ သဘာဝဘေး အန္တရာယ်တွေကြောင့် အသက် တွေပျောက်၊ နေစရာအိုးအိမ်မဲ့မှု တွေ ကြုံနေရသည့်အနေအထား တွေကြားမှာ လူသားတစ်ဦးက တော့ ဘေးအန္တရာယ်တွေကြား ခက်ခက်ခဲခဲ ရောက်လာခဲ့ပြန်လေ သည်။ သူရောက်ရှိလာသည့် ဘ၀ တစ်ခုမှာ အလာတုန်းကလိုပဲ ဘေးအန္တရာယ်တွေ စောင့်ကြိုနေကြဦးမည်ဆိုတာကို ဒေါ်မည်းပို သားလေး မသိနိုင်စွမ်းသေးပါ။ ဒေါ်မည်းပို သားလေးကတော့ ဘာကြောင့်ရယ်မသိ အိပ်နေရင်း မျက်နှာတစ်ချက်မဲ့ကာ အော်ဟစ်လိုက်သည်မှာ ကောလင်းဆေးရုံတစ်ခုလုံး ပဲ့တင်ထပ်သွားပါလေတော့ သည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။