စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၁၂

မောင်တောမြို့နယ် လုံခြုံရေးနှင့် ရခိုင်အမျိုးသား အကျိုးစီးပွားအတွက်
စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဦးစီပဓာန
နာယက ပြည်နယ်သြ၀ါဒစရိယ အောင်ဗလဆရာတော်ကြီး
ပျံလွန်တော်မူသည့်အခမ်းအနားတစ်ခုကို အောက်တိုဘာ ၄ ရက်နေ့က
မောင်တောမြို့နယ် အောင်ဗလကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။
အဆိုပါအခမ်းအနားသို့ ဒကာဒကာမ ၆၀၀ ကျော် တက်ရောက်ပြီး၊သံဃာအပါး ၅၀
ကြွရောက်ခဲ့ကြသည်ဟု လက်ရှိ အောင်ဗလကျောင်းထိုင်ဆရာတော်ကနိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။
သံဃာတော်များကို သင်္ကန်း ဆွမ်းနှင့် န၀ကမ္မလှူဒါန်းပြီး၊ ဆရာတော်ကြီးကို ပူဇော်သည့်အနေဖြင့် ရခိုင်စည်တီး၍ ရတုရွတ်ဖတ်ခဲ့ကြသည်ဟု သိရသည်။
“အောင်ဗလဆရာတော်ဟာဆိုရင် မောင်တော တောင်ပိုင်း၊ မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှာ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်က ၀င်လာတဲ့
ရခိုင် မျိုးနွယ်စုတွေကိုပဲဖြစ်ဖြစ်၊ ဒီကနေပြီးတော့ ဘင်္ဂလားဒေ့ခ်ျကို သွားတဲ့သူကိုပဲဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့သူကိုပဲဖြစ်ဖြစ် ကူညီစောင့်ရှောက်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်
အဓိကရုဏ်း ကာလကလည်း ရခိုင်သူ ရခိုင်သားတွေ လုံခြုံမှုရရှိရေးအတွက် အသက်စွန့် ဆောင်ရွက်ခဲ့တဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်”ဟု လက်ရှိ အောင်ဗလကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလကလည်း မောင်တောမြို့မ ဆရာတော်ကြီးနှင့်အတူ သံဃာအပါး ၅၀ ကို မြန်မာ အစိုးရက ထောင်ချရန်စီစဉ်မှုက ကယ်ထုတ်ခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှလာပြီး စစ်တွေမြို့တွင် ပညာဆည်းပူးခဲ့ကြသော အဆိုပါရဟန်းအပါး ၅၀ တို့သည် ရွှေဝါရောင်တော်လှန်ရေး တွင် ပါဝင်ခဲ့မှုကြောင့် လူဝတ်လဲရန် စီစဉ်ခဲ့ခြင်းမှ ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ခ်ျအကျဉ်းထောင်များတွင် ထောင်ကျနေသည့် မြန်မာနိုင်ငံသားများ လွတ်မြောက်ရေး အတွက်လည်း အောင်ဗလဆရာတော်ကြီးက ကူညီဆောင်ရွက်ခဲ့သည်ဟု သိရသည်။
ယင်းကဲ့သို့ အရေးပါအရာရောက်သည့် အောင်ဗလဆရာတော်ကြီး ပျံလွန်တော်မူခြင်းသည် မောင်တော ဒေသအတွင်း နေထိုင်သူများ၏ စိတ်ထဲတွင် အနောက်တံခါး ပြိုကွဲသကဲ့သို့ ခံစားခဲ့ရသည်ဟု ဆရာတော်က မိန့်ကြားသည်။
______Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။