လေပိုင်နက် ကျူးကျော်မှုနှင့် ပတ်သက်ပြီး တူရကီ အစိုးရက ရုရှားသံအမတ်ကို ခေါ်ယူ သတိပေးခဲ့ကြောင်း သတင်းရရှိသည်။
ဆီးရီးယားတွင် အစ္စလာမ်မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (အိုင်အက်စ်) အပါအဝင် သူပုန်တပ်များကို လေကြောင်းမှ တိုက်ခိုက်နေသည့် ရုရှား တိုက်လေယာဉ်များသည် နှစ်ရက်တာအတွင်း တူရကီ လေပိုင်နက်ကို နှစ်ကြိမ်တိုင် ကျူးကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက်နှင့် စက်တင်ဘာ ၅ ရက်တို့တွင် ဆီးရီးယား၏ အိမ်နီးချင်း တူရကီ လေပိုင်နက်ထဲ ရုရှား တိုက်လေယာဉ်များ ဝင်ရောက်ခဲ့သဖြင့် တူရကီ လေတပ်၏ F-16 တိုက်လေယာဉ်များ ချက်ချင်းပျံတက်ကာ စောင့်ကြည့် ပျံသန်းခဲ့ရသည်။
NATO စစ်မဟာမိတ် အဖွဲ့က ဆီးရီးယားတွင် သမ္မတ ဘာရှာ အယ်လ်အာဆက်ဒ်ကို ဆန့်ကျင်သည့် သူပုန်များနှင့် အရပ်သားများကို ဗုံးကြဲ တိုက်ခိုက်နေမှုအား ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ၎င်းတို့သည် အိုင်အက်စ်အဖွဲ့နှင့် အခြား စစ်သွေးကြွများကိုသာ ပစ်မှတ်ထားနေကြောင်း တုံ့ပြန်ထားသည်။
ဒုတိယအကြိမ် လေပိုင်နက် ကျူးကျော် ဝင်ရောက်မှုတွင် ဟာတေး တောင်ပိုင်းဒေသရှိ ယေလာဒါဂီ အနီးတွင် ရုရှားစစ်လေယာဉ် တစ်စီး နယ်ကျော် ဝင်ရောက်လာကြောင်း၊ F-16နှစ်စီး ပျံတက်သွားချိန်တွင်မှ နောက်ကြောင်း ပြန်လှည့်သွားကြောင်း တူရကီက စွပ်စွဲခဲ့သည်။
ရုရှားသည် ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားတွင် လေကြောင်း တိုက်ခိုက်မှုများ အစပြုခဲ့ပြီး ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အိုင်အက်စ်တို့၏ စစ်ရေး အခြေစိုက် စခန်းများ၊ ယာဉ်များနှင့် အခြားပစ်မှတ်များကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကြေညာထားသည်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။