စံမောင်သန်း
စစ်တွေ၊ အောက်တိုဘာ ၁၃

ပေါက်တောမြို့နယ်မှ ရခိုင်ရိုးရာအဖွဲ့တွင် နာမည်ကြီးပြီး၊ ရခိုင်ပြည်နယ် အနုပညာလောကတွင် ဟာသလူချွန်တော်အဖြစ် လူသိများသော ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ အရွေးခံမည့် ဦးသာစိန်သည် စစ်တွေမြို့ပေါ်တွင် ရခိုင်စည်တီး၍ မဲဆွယ်မည်ဟု သိရသည်။
“နယ်ကကျေးရွာတွေမှာတော့ မဲဆွယ်စည်းရုံးရေးလုပ်ပြီးပါပြီ။ စစ်တွေမြို့ပေါ်မှာတော့ ရွေးကောက်ပွဲ ကျင်းပခါနီးမှ လုပ်မှာပါ။ တစ်ခြားလူနဲ့ မတူဘဲ တမူထူးခြားအောင် ရခိုင်စည်အဖွဲ့နဲ့ ရခိုင်စည်တီးပြီးတော့ မဲဆွယ် စည်းရုံးရေး လုပ်မှာပါ”ဟု ဦးသာစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ဆိုင်းဘုတ်များကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် စတင်စိုက်ထူပြီး၊ မဲဆန္ဒနယ်အတွင်း အဓိကကျသည့် နေရာ ၁၂ ခုတွင် စိုက်ထူသွားမည်ဟု သိရသည်။
“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးအတွက် ထာဝရသယ်ပိုးသွားမည့် စိတ်ဆန္ဒနဲ့ လုပ်တဲ့ လူဖြစ်တဲ့အတွက်ကြောင့် အားပေးကြဖို့၊ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုး အကျိုးအတွက် ထာဝရထမ်းဆောင်လာတဲ့ သူ ဖြစ်တဲ့အပြင် နောက်လည်း ထာဝရထမ်းဆောင်သွားမယ်လို့ ပြောပြီးတော့ စည်းရုံးပါတယ်”ဟု ဦးသာစိန်က ပြောသည်။
ဦးသာစိန်အနေအဖြင့် ရခိုင်လူမျိုးအတွက် လုပ်ဆောင်လာသူ ဖြစ်သည့် အတွက် မဲဆန္ဒရှင်များ၏ အားပေးမှုများနေပြီး စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် နိုင်မည်ဟု အပြည့်အ၀ ယုံကြည်ကြောင်း ပြောကြားသည်။
____Narinjara News

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။