အစိုးရတပ်နှင့် KIA ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွား

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ရှေ့တန်း တနေရာမှာ မြင်ရတဲ့ KIA တပ်ဖွဲ့

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး စာချုပ် NCA ကိစ္စ မြန်မာအစိုးရအဖွဲ့ ခေါင်းဆောင်များနှင့်ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ နေပြည်တော် ရောက်ရှိနေစဉ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ကြား ၂ရက် ဆက်တိုက် ၂ နေရာမှာ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်မဟာ(၄) တပ်ရင်း(၉) နယ်မြေနှင့် ကချင်ပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ် နယ်စပ် KIA တပ်မဟာ(၃) တပ်ရင်း(၁၂) နယ်မြေမှာ ယမန်နေ့မှစပြီး နှစ်ဖက်တပ်ကြား အချိန်တို ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့အနောက်တောင်ဘက် မိုးမိတ်-ဗန်းမော် ကားလမ်းမပေါ် စီကော်ရွာ တ၀ိုက်တွင် နှစ်ဖက်တပ်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ယမန်နေ့ ညနေပိုင်းနှင့် ယနေ့ မနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း KIA ဗဟိုဌာနချုပ် လိုင်ဇာမှ အရာရှိများ ကချင်သတင်းဌာန KNG ကို အတည်ပြုပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း KIA တပ်ရင်း(၉) နယ်မြေ ကွတ်ခိုင်နှင့် မူဆယ်ကြားတွင်လည်း အစိုးရတပ်ဖွဲ့များနှင့် ယမန်နေ့မှ ယနေ့ထိ ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း တပ်မဟာ(၄) KIA အရာရှိတစ်ဦး အတည်ပြု ပြောဆိုပါသည်။

ယခုလို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂ရက် ဆက်တိုက် ဖြစ်ပွားသော ပစ်ခတ်တိုက်ခိုက်မှုများတွင် နှစ်ဖက်တပ်မှာ ထိခိုက်သေဆုံးမှု မည်မျှ ရှိ မရှိကို မသိရသေးပါ။

လွန်ခဲ့သော နှစ်ရက်မှ KIA ဗဟိုဌာနချုပ် လိုင်ဇာ ပတ်ပတ်လည် ရှေ့တန်းစခန်းများတွင် တပ်အပြောင်းအလဲ ခေါင်းစဉ်ဖြင့် အစိုးရ စစ်အင်အားသစ်များ တိုးချဲ့ချထားနေကြာင်း အစိုးရနှင့် KIO ပူးတွဲ ပဏ္ဍိပက္ခဖြေရှင်းရေး ကော်မတီ အဖွဲ့ဝင် လိုင်ဇာမှ ဒု-ဗိုလ်မှူးကြီး နော်ဘူ ပြောသည်။

ယမန်နေ့က မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)မှ စစ်သားများကို ကားဖြင့် လိုင်ဇာ ရှေ့တန်းစခန်းများသို့ ပို့ထားသည်ကို မြင်ရသော်လည်း ယခင်ရှိနေသောစစ်သားများပြန်သွားခြင်း ထင်ထင်ရှားရှား မတွေ့ရ ဟု ဒု-ဗိုလ်မှူးကြီး နော်ဘူ ဆိုသည်။

NCA စာချုပ် ကို အားလုံးပါဝင် လက်မှတ်ရေးထိုးရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၏ အဆင့်မြင့်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (SD)မှ ကိုယ်စားလှယ်(၃)ဦး အပါအ၀င် အဖွဲ့(၅)ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို မနက်ဖြန် နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။ 

၎င်း ဆွေးနွေးပွဲသို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပါဝင်တက်ရောက်နေပါသည်။

KIO က အစိုးရနှင့် စစ်ရှိန်လျှော့ချရန်နှင့် NCA စာချုပ် (မူကြမ်း) ကို သဘောတူ လက်မှတ်ရေးထိုးထားသော်လည်း အစိုးရဖက် လက်မခံသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အားလုံး ပါဝင်မှ NCA စာချုပ် လက်မှတ်ရေးထိုးမည်ဟု ကြေညာချက် ထုတ်ပြန်ထားပါသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။