iPhone အသစ်များနှင့် အရွယ်အစား ကြီးမားသော iPad အသစ်ကို Apple မိတ်ဆက်


စက်တင်ဘာ ၉ ရက်က ပြုလုပ်သည့် အခမ်းအနားတွင် Appleက မျိုးဆက်သစ် iPhoneများ၊ အလွန် အရွယ်အစား ကြီးမားသည့် iPadနှင့် TV Box အသစ်တို့ကို မိတ်ဆက် ပြသသွားခဲ့သည်။

ဆန်ဖရန်ဆစ္စကိုရှိ ဘီလ်ဂရေဟမ် ဇာတ်ရုံတွင် ကျင်းပသော အခမ်းအနား၌ Apple၏ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်က ကုမ္ပဏီ၏ ကုန်စည်သစ်များကို ရှင်းလင်း မိတ်ဆက်သွားခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် အရောင် ဆန်းသစ်ထားသည့် Apple Watchများနှင့် ယင်းစမတ်လက်ပတ်နာရီများအတွက် Hermesနှင့်အတူ ပူးပေါင်း ထုတ်လုပ်ထားသည့် ရောင်စုံ လက်ပတ်ကြိုးများလည်း ပါဝင်သည်။
Appleက အသစ်မိတ်ဆက်ခဲ့သည့် iPhone နှစ်မျိုးမှာ iPhone 6Sနှင့် iPhone 6S Plusတို့ ဖြစ်ကြပြီး အရောင် ရွေးချယ်စရာ အသစ်အဖြစ် ရွှေရောင်ကိုယ်ထည် ပါဝင်လာပြီး 3D Touchခေါ် Screen နည်းပညာသစ်ကို ထည့်သွင်း အသုံးပြုထားကြောင်း သိရသည်။
3D Touchသည် ဖုန်းသုံးစွဲသူ တစ်ဦးအနေဖြင့် ဖုန်းမျက်နှာပြင်ပေါ် ပိုမိုအားစိုက်၍ ဖိလိုက်ခြင်းဖြင့် အပိုဆောင်း Menuများ၊ Selfieအတွက် Special Featureသစ်များ အသုံးပြုနိုင်အောင် အလွယ်တကူ လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။
“Appleရဲ့ မူလလက်ဟောင်း လက်လှုပ်ရှားမှု အခြေခံ နည်းလမ်းတွေအပြင် အခုဆိုရင် iPhoneတွေက လက်ရဲ့ အားကိုပါ သိရှိ ခံစားတတ်လာပါပြီ”ဟု Apple၏ ဒီဇိုင်းဌာန အကြီးအကဲ ဆာဂျိုနသန် အိုင်ဗီက ပြောကြားခဲ့သည်။ iPhone အသစ်များတွင် Screenကို အားစိုက်ဖိထားခြင်းဖြင့် Peek Menu အသစ်တစ်ခုကို ထွက်ပေါ်လာစေရန် ခိုင်းစေနိုင်မည် ဖြစ်သည်။
iPhone 6Sနှင့် iPhone 6S Plusတို့ နှစ်မျိုးစလုံးကို ငွေရောင်၊ ရွှေရောင်၊ မီးခိုးရောင်၊ ရွှေနီရောင်များဖြင့် ရွေးချယ် ဝယ်ယူနိုင်မည် ဖြစ်သည်။ ဖုန်းအသစ်များကို စက်တင်ဘာ ၂၅ ရက်မှ စတင်၍ ရောင်းချသွားမည်ဟုလည်း သိရသည်။
Appleသည် ဖုန်းအသစ်များတွင် ကင်မရာ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးလိုက်ပြီး 12 megapixelထိ ထည့်သွင်းတပ်ဆင်ထားသည်။ အဆိုပါ iSight ကင်မရာများသည် ဓာတ်ပုံများကို ပိုမိုကြည်လင်ပြတ်သားစွာ ရိုက်ယူနိုင်စေမည် ဖြစ်သလို 4K အရည်အသွေးရှိ ဗီဒီယိုများကိုပါ မှတ်တမ်းတင် ရိုက်ယူနိုင်မည် ဖြစ်သည်။
ဖုန်း၏ ရှေ့ဘက်မှ ကင်မရာသည်လည်း 5 megapixelထိ ရှိလာပြီး ဖုန်း၏ Screenကို Flashမီးအဖြစ် အသုံးပြုနိုင်အောင် စီမံပေးထားသည်။ ထို့အပြင် Live Photo အမည်ရှိ Featureသစ်အရ ရုပ်ငြိမ်နှင့် ရုပ်ရှင် ပုံရိပ်များကို ရောစပ် ရိုက်ကူးနိုင်မည် ဖြစ်သည်။ 
Apple၏ သုံးစွဲသူ အထောက်အကူပြု Siri ဝန်ဆောင်မှုတွင် Always on အမည်ရှိ Featureသစ်ကို ပေါင်းစပ်ပေးထားပြီး လက်ဗွေဖတ်စနစ်၏ တုံ့ပြန်နိုင်စွမ်းသည် ယခင်Versionဟောင်းထက် နှစ်ဆ ပိုမြန်မည်ဟု Appleက ကတိပြုထားသည်။ iPhone 6Sသည် Screen အရွယ်အစား ၄.၇ လက်မရှိပြီး iPhone 6S Plusမှာ Screen အရွယ်အစား ၅.၅ လက်မ ဖြစ်သည်။ ဖုန်းနှစ်မျိုးစလုံးကို သိုလှောင်မှုစွမ်းရည် 16GB၊ 64GBနှင့် 128GBဟူ၍ ခွဲခြား ထုတ်လုပ်ထားသည်။
Appleသည် ကောလာဟလများ ကြိုတင် ထွက်ပေါ်နေသည့် iPad ကွန်ပျူတာ အကြီးစားကိုလည်း မိတ်ဆက် ပြသသွားခဲ့သည်။ “iPadဟာ အနာဂတ် တစ်ကိုယ်ရည်သုံး ကွန်ပျူတာ နယ်ပယ်အတွက် ကျွန်တော်တို့ ဘာတွေ ရည်မှန်းထားတယ် ဆိုတာကို အရှင်းလင်းဆုံး ပြဆိုထားတာလည်း ဖြစ်ပါတယ်”ဟု ကွတ်ခ်က ဆိုသည်။ ၎င်းက “အနာဂတ်အတွက် ဘာတွေ လုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ ကိုယ့်ဖာသာ ပြန်မေးတယ်။ အခုတော့ iPadကို ထုတ်လုပ်ခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံး Tablet ကွန်ပျူတာကို ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ပါပြီ”ဟုလည်း ပြောကြားခဲ့သည်။
၁၂.၉ လက်မ အရွယ်ရှိ Screen ပါရှိသော iPad Proကို Apple၏ အရောင်းမြှင့်တင်ရေးဌာန အကြီးတန်း ဥက္ကဋ္ဌ ဖီးလ်ရှီလာက မိတ်ဆက် ပြသခဲ့သည်။ Appleက iPad Proတွင် တပ်ဆင်ထားသည့် Processorသည် 9x Chip အမျိုးအစားဖြစ်ပြီး Desktop ကွန်ပျူတာ တစ်လုံး၏ စွမ်းဆောင်ရည်မျှ ရှိလာကြောင်း ကြေညာခဲ့သည်။
iPad Proတွင် Speaker လေးခုတပ်ဆင်ထားပြီး အပိုဆောင်း Keyboardနှင့် ချိတ်ဆက်နိုင်အောင်လည်း စီစဉ်ပေးထားသည်။ Tablet ကွန်ပျူတာ၏ အထူမှာ ၆.၉ မီလီမီတာမျှသာ ရှိသည်။ Screenသည် Pixel ၅.၆ သန်းထိ ပုံရိပ်ဖော်နိုင်ရာ Apple၏ ၁၅ လက်မအရွယ် Macbookမှ Retina Displayထက် ပုံရိပ်ဖော်စွမ်းရည် ပိုမိုကောင်းမွန် မြင့်မားမည် ဖြစ်သည်။
ရှီလာက iPad Pro၏ စွမ်းဆောင်ရည်သည် ပြီးခဲ့သည့် ၆ လတာအတွင်း တင်ပို့ရောင်းချခဲ့သည့် တစ်ကိုယ်ရည်သုံး PC ကွန်ပျူတာ အများစုထက်ပင် ၈၀ ရာခိုင်နှုန်း ပိုကောင်းစေမည်ဟု ဆိုသည်။ ထို့အပြင် Appleသည် iPad Proနှင့် တွဲဖက် အသုံးပြုနိုင်မည့် Apple Pencilခေါ် ကညစ်တံ တစ်မျိုးကိုပါ မိတ်ဆက်ခဲ့သည်။ 
Appleသည် ကိုယ်ပိုင် App Storeနှင့် OSအသစ်တို့ ပါဝင်သည့် TV box အသစ်တစ်မျိုးကိုပါ မိတ်ဆက်သွားခဲ့သည်။ အဆိုပါ TV Boxကို Touchစနစ်ဖြင့် အာရုံခံနိုင်သည့် အဝေးထိန်း ကိရိယာဖြင့် ထိန်းချုပ်နိုင်သလို Siri စနစ်ကို အသုံးပြုကာ နှုတ်ဖြင့် ခိုင်းစေ ညွှန်ကြားနိုင်မည် ဖြစ်သည်။ ထို့အပြင် ဂိမ်းများကိုပါ ဆော့ကစားနိုင်မည် ဖြစ်သည်။
Appleသည် Apple Watch စမတ်လက်ပတ်နာရီ မျိုးဆက်များအနက် Sport Watch အမျိုးအစား၏ ရွှေရောင်နှင့် ရွှေနီရောင် နှစ်မျိုးကိုလည်း ထပ်မံ မိတ်ဆက်ခဲ့သေးသည်။ ထို့အပြင် Appleသည် Third Party Appများကိုလည်း Apple Watchပေါ်တွင် ပထမဆုံးအကြိမ် အသုံးပြုခွင့် ပေးသွားမည်ဟုလည်း ထည့်သွင်း ကြေညာသွားခဲ့သည်။ ကွတ်ခ်က Apple Watchအတွက် Storeတွင် Appပေါင်း တစ်သောင်းကျော် ရှိနေပြီဟု ပြောကြားခဲ့သလို Apple Watchအတွက် Facebookနှင့် Messenger Appများကိုပါ မိတ်ဆက် ပြသသွားခဲ့သည်။
_Ref: Dailymail
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။