Eleven Media Group Co.,Ltd ၏ ကောင်းသော ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်နစ်နာ စေသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေအား တရားစွဲဆိုမှု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် လက်ခံ

Eleven Media Group Co.,Ltd ၏ ကောင်းသော ဂုဏ်သတင်းနှင့် သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေအား တရားစွဲဆိုမှု ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံခဲ့ကြောင်း သိရသည်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးလှဆွေက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားဖော်ပြခြင်းနှင့် MCNTV သို့ ဖြေကြားခြင်းများတွင် Eleven Media Group Co.,Ltd ၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာ စေသဖြင့် နစ်နာကြေး ငွေကျပ်သိန်း (၆၀၀၀) ရလိုမှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်သို့ Eleven Media Group Co.,Ltd ၏ Managing Director ဒေါက်တာသိန်းမြင့်က တရားလိုအဖြစ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Eleven Media Group Co.,Ltd မှ ထုတ်ဝေလျက်ရှိသော သတင်းစာနှင့် ဂျာနယ်များတွင် ရေးသားဖော်ပြ လျက်ရှိသော အကြောင်းအရာများမှာ အများပြည်သူ အကျိုးအတွက် အမှန်ကို အမှန်အတိုင်း ရေးသားဖော်ပြခြင်း ဖြစ်သဖြင့် အများပြည်သူကြားတွင် ကောင်းမွန်သော ဂုဏ်သတင်းဖြင့် ရပ်တည်နေသော ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း၊ တရားပြိုင်၏ ရေးသားချက်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသာမက ပတ်ဝန်းကျင် ကမ္ဘာနှင့် အ၀ှမ်းသို့ ပျံ့နှံ့ရောက်ရှိခဲ့သဖြင့် တရားပြိုင်၏ မမှန်မကန် ဖော်ပြချက်များကို မူတည်ပြီး ဖြစ်ရပ်အမှန်ကို မသိသူ အချို့နှင့် မလိုသူများမှ တရားလို ကုမ္ပဏီအပေါ် သိက္ခာကျ အရှက်ရစေသော စာများ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခြင်းများ ထပ်မံခံခဲ့ရသဖြင့် တရားလို နစ်နာမှုများ ပိုမိုခံစားခဲ့ရကြောင်း လျှောက်ထားလွှာတွင် ထည့်သွင်းခဲ့သည်။

ထို့အပြင် “တရားလို Eleven Media Group Co.,Ltd မှ တရားပြိုင်ထံ ရှေ့နေမှတစ်ဆင့် ၁၁-၇-၂၀၁၅ နေ့ထုတ် The Daily Eleven သတင်းစာတွင် “တရားပြိုင်၏ ကိုယ်ပိုင် Account မှ အင်တာနက် စာမျက်နှာပေါ်တွင် မမှန်မကန် ဖော်ပြရေးသားခဲ့ခြင်း၊ ထို့ပြင် ကောင်းသော သတင်းမီဒီယာတစ်ခု အနေဖြင့် ရပ်တည်နေသော တရားလို Eleven Media Group Co.,Ltd ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသဖြင့် ခုနစ်ရက်အတွင်း တရားလို ကုမ္ပဏီသို့ လာရောက်ရှင်းလင်းရန် တောင်းဆိုပါကြောင်း၊ တောင်းဆိုချက်အား လိုက်နာခြင်း မရှိပါက ပြစ်မှုကြောင်း တရားမကြောင်းနှင့်အညီ တရားပြိုင်အား အရေးယူ ဆောင်ရွက်ရလိမ့်မည် ဖြစ်ကြောင်း” တရားပြိုင်နှင့် အများသိစေရန် ကြော်ငြာခဲ့ပါသည်။ ထို့အပြင် “ရှေ့နေမှ တစ်ဆင့်လည်း တရားလိုက တရားပြိုင်ထံ ထပ်မံ၍ ဤအကြောင်းကို ၁၂-၇-၂၀၁၅ နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့တောင်းဆို ခဲ့ပါသည်” ဟူ၍ တရားရုံးသို့ လျှောက်ထားလွှာတွင် ထည့်သွင်းတင်ပြထားကြောင်း သိရသည်။

ယင်းကဲ့သို့ လျှောက်ထားခဲ့မှုနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၄ နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမှုကို လက်ခံကြောင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေအား တရားစွဲဆိုသော အမှု၏ ပထမဆုံးရုံးချိန်းကို စက်တင်ဘာလ ၂၃ ရက်နေ့သို့ ချိန်းဆိုထားကြောင်း သိရှိရပါသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။