ဝါးတွေကိုအမှီပြုပြီး ဘ၀ကိုရှင်သန်ကြသူများရှိရာသို့တစ်ခေါက်

သန်းလှိုင်(စစ်တွေ)
2015 စက်တင်ဘာ ၁၅ ထုတ်၊ Daily Eleven

စစ်တွေမြို့ကနေ စက်လှေနဲ့ ထွက်တော့ ညနေ ၄ နာရီထိုးပြီဆိုတော့ လမ်းမှာညအိပ်ရမယ်ဆိုတာသိလိုက်တယ်။ မင်းပြားမြို့နယ်၊ ဖုံသာချောင်းဒေသဆိုတာကလည်း နီးတဲ့ခရီးမဟုတ်။ မင်းပြားမြို့ကိုမရောက်ခင် လမ်းမှာသောင် တွေရှိနေတော့ ရေကျနေရင်သောင်ကိုကျော်လို့ မရမှာကိုလည်းစိုးရသေး။ ဒါကြောင့်လှေပေါ်မှာ ချက်ပြုတ်စား သောက်ဖို့အတွက်လည်း ကြိုပြီးဝယ်သွားရသေးတယ်။

ကျွန်တော်တို့အဖွဲ့ဟာ ဖုံသာချောင်းအထက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေကို ဆန်တွေ၊ဆီတွေ၊ဆားတွေ နဲ့ ခြင်ထောင်၊ စောင်အစရှိတာတွေကို ကူညီထောက်ပံ့ပေးဖို့ သွားကြတာဖြစ်ပါတယ်။ EMG ပို့ပေးလိုက်တဲ့ ရိက္ခာ တွေဖြစ်တဲ့အတွက် ကိုယ်တိုက်လိုက်ပါခဲ့တာဖြစ်သလို ဒေသခံတိုင်းရင်းသားတွေရဲ့ လူနေမှုဘ၀တွေကိုလည်း ကိုယ် တွေ့ဖြစ်ချင်တာကြောင့် အခုလိုမျိုးသွားရောက်ခဲ့တာဖြစ်ပါတယ်။

တကယ်လည်း မင်းပြားမရောက်ခင် မြစ်လယ်မှာ ညအိမ်ခဲ့ရပြီး မနက် ရောင်နီမလာခင်ကတည်း စက်လှေသားတွေ ကိုပြန်နှိုးပြီး ရေဆန်ခရီးကိုဖြတ်သန်းခဲ့ပါတယ်။ လေးနာရီခွဲလောက်မောင်းပြီး ချိန်မှာတော့ မင်းကူးလမ်းအုပ်စုကို စတင်ရောက်ရှိခဲ့ပါတယ်။ ငါးတက်၊ စေတီရံအစရှိတဲ့ကျေးရွာတစ်ရွာချင်းစီကိုပေးပြီးတော့ ချောင်း အထက်ပိုင်းကို ဆန်တက်ခဲ့တယ်။ တစ်ရွာ၊ နှစ်ရွာ၊ သုံးရွာ၊ လေးရွာပေးအပြီးမှာတော့ ကျွန်တော်တို့စက်လှေဟာ ဆက်လက်မောင်း လို့မရတဲ့အတွက် ချင်းတိုင်းရင်းသားတွေနေထိုင်တဲ့ ကျေးမကြီးကျေးရွာ ဆိပ်ကမ်းမှာ ရပ်နားပြီး တခြားရွာတွေကို စက်လှေငယ်လေးတွေနဲ့ ပို့ဆောင်ခဲ့ ရပါတယ်။

ရွာတွေကတောင်ခြေမှာရှိပြီးချောင်းစပ်မှာတည်ဆောက်ထားတာမို့ သုံးရေအတွက်မပူရတဲ့ဒေသပါ။ ချောင်းရေ ကြည်ကြည်မှာရေချိုးဖြစ်ခဲ့ပါသေးတယ်။ စိုးညိုမှိုင်းနေတဲ့တောတောင်တွေဟာ သူတို့ကိုကာရံထားတယ်လို့ဆိုရ မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတောတောင်တွေကိုလည်းသူတို့ ကောင်းကောင်းအသုံးချလို့မရတော့ဘူး။ သစ်တောက သိမ်းပိုက်ထားတယ်လို့လည်းဒေသခံတွေကပြောပါတယ်။

အဲဒီဒေသမှာ လယ်မြေတွေကိုသိပ်မတွေ့ရတဲ့အတွက် ဒေသခံတွေကိုမေးကြည့်တော့ တောတောင်တွေကိုအမှီပြု ပြီးလုပ်ကိုင်စားသောက်ရတယ်လို့သိရတယ်။ အောက်ဘက်စေတီရံမှာတော့ အလယ်တန်းတွဲဖက်ကျောင်းရှိပေမယ့် ကလေးငယ်အတော်များများဟာ ကျောင်းမတက်နိုင်တာကိုတွေ့ခဲ့ရတယ်။

“မိဘတွေဆင်းရဲတော့ ကျောင်းမတက်နိုင်ကြဘူး။သူတို့ဟာ နေ့တိုင်းတောတောင်ကိုသွားရတယ်။ ၀ါးခုတ်တယ်၊ မျှစ်ခူးတယ်။ ၀ါးဖျာတွေရက်လုပ်ကြတယ်။ မူလတန်းလောက်နဲ့ ကျောင်းထွက်ကြရတယ်။ လေးတန်းကနေ ရှစ်တန်းအထိတော့ ကျောင်းသား ၄၀ လောက်ရှိတယ်။ ကျန်တာကမူလတန်းကျောင်းသားတွေပါ။ ကလေးတွေက သိပ်ပြီးသနားဖို့ကောင်းတယ်။ အသက်ငယ်ငယ်နဲ့ ကျောင်းထွက်ပြီး စားဖို့ရှာကြံရတယ် ”လို့လည်း စေတီရံအုပ်ချုပ် ရေးမှူးက ပြောပြတယ်။

ကျွန်တော်တို့အဖွဲ့ရောက်သွားတော့ ကလေးတွေက လာကြိုကြတယ်။ ပျော်ရွှင်စွာနဲ့ နုတ်ဆက်ကြတယ်။ ဒီလောက် ဆန်တွေအများကြီးကိုလာပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့လည်း ပြောဆိုကြတယ်။ ကလေးတွေရဲ့ မျက်နှာ မှာ အပြုံးတွေနဲ့။ကလေးတွေနဲ့အတူ စုပြီးအမှတ်တရ ဓါတ်ပုံရိုက်တော့ကလေးတွေ လက်ထောင်ပြီးပျော်ကြတယ်။

ကျောင်းနေရမယ့်အရွယ်မှာ ကျောင်းနေခွင့်မရခဲ့တဲ့ မိန့်ကလေးတစ်ယောက်ရဲ့ရင်ဖွင့်သံကလည်း သနားစရာ ကောင်းလှပါတယ်။ “အဖေက နေ့တိုင်းတောကိုသွားပြီး ၀ါးတွေခုတ်လာတယ်။ ၀ါးတွေရောင်းပြီးဆန်တွေ ၀ယ်ရ တယ်။ နေ၀င်မှ ထမင်းစားရတဲ့ရက်လည်းရှိတယ်။ တစ်ခါတစ်လေဆို အဖေတောကိုသွားတာ တစ်ပတ်လောက် ကြာတော့ မောင်လေးတွေကို ပြုစုပြီးအိမ်မှာကျန်ခဲ့ရတယ်။ အမေက မရှိတော့ဘူး။ မောင်နှမသုံးယောက်ရှိပါတယ်။ မိုးတွင်းမှာဆိုရင် ဆန်မရှိလို့ မျှစ်တွေကို စားပြီးနေကြရတယ်။ ကျောင်းလည်းမနေခဲ့ရပါဘူး။ စာဖတ်ဖို့တတ်ချင် တယ်။ သူငယ်ချင်းတွေ လွယ်အိပ်တွေလွယ်ပြီးကျောင်းတက်တာမြင်ရင် အားကျတယ်။ အမေရှိရင်ကျောင်းသွား နိုင်မှာပါ။ အမေမရှိတော့ အဖေကလည်း ထမင်းစားဖို့ တောင်ကိုနေ့တိုင်းသွားပြီး သစ်တွေခုတ်တယ်၊၀ါးတွေခုတ် တယ်လေ”ဟု အသက် ၁၀ နှစ်အရွယ် မသူဇာက ရခိုင်စကားမပီတပီပြောပြတယ်။

ဒီဒေသခံတွေဟာ တောကိုအမှီပြုပြီးနေကြရတာကြောင့် နေတိုင်း တောကိုသွားနေကြရတယ်။ သစ်ခုတ်ချိန်သစ်၊၀ါး ခုတ်ချိန်ဝါး၊ မျှစ်ခူချိန်ဆိုမျှစ်။ ဒါပေမယ့် အခုလိုရာသီမျိုးမှာက မျှစ်ခူးရောင်း၊ ၀ါးခုတ်ရောင်းကလွဲပြီးဘာစီးပွားရေးမှ မရှိ။ အမျိုးသမီးတွေဆိုလည်း ထောင်ထဲသို့သွားပြီး ၀ါးစည်းကိုစီးလို့ ရေနဲ့မျှောပြီး ညပိုင်းအရောက်လာတတ်ကြ တယ်။ မနက်သွားညနေပြန်ပေါ့။ ၀ါးငါးဆယ်လောက်ကတော့ ရွာအရောက်သယ်နိုင်ကြတယ်။ မျှစ်ခူးသူတွေက လည်းမျှစ်တွေကိုစက်လှေတွေ၊ လက်လော်လှေတွေနဲ့သယ်လာတတ်ကြတာမနည်း။

“ဒီအလုပ်မလုပ်ရင် တခြားလုပ်စရာမှ မရှိတာလေ။ ၀ါးများများခုတ်မယ်ဆိုရင်တော့ တစ်ပတ်စာရိက္ခာတွေယူပြီး သွားကြရတယ်။ ချောင်းစပ်မှာတဲထိုးပြီးညအိပ်တယ်။ မနက်ဆိုတောင်ပေါ်တက်ပြီးခုတ်တယ်။ ရိက္ခာကုန်ရင်တော့ ပြန်လာကြတယ်။ ကျွန်တော်တို့ ဘာမှမသိချင်ဘူး။ ထမင်းစားနိုင်ဖို့ဘဲ အရေးကြီးတယ်။ ၀ါးခုတ်တတ်တယ်၊ ယာ လုပ်တတ်တယ်၊၀ါးဖျာရက်လုပ်တတ်တယ်။ ဒီရွာမှဒီအလုပ်တွေကလွဲပြီးလုပ်စရာမရှိတော့ဘူး ”ဟုလည်း အသက် ၄၅ နှစ်အရွယ်ဦးဖိုးထောင်က ပြောပါတယ်။

ပါတီနိုင်ငံရေးကိုမသိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားမလည်၊ မီဒီယာဆိုတာကိုလည်းမသိ၊ နာရေးကူညီမှုအသင်းကို လည်းမသိ၊ မသိ--မသိ--မသိတာတွေနဲ့ ဘ၀ကိုရှင်သန်ကြတယ်လို့ထင်ပါတယ်။ အိပ်မယ်၊စားမယ်၊ အလုပ်လုပ်မယ်၊ အလှအတွက်ဘ၀ကိုမမျှော်လင့်၊ ၀မ်းရေးအတွက်သာ နိစ္စဓူဝရုန်းကန်နေကြတဲ့ ရိုးချင်းတဲ့ဘ၀တွေထဲမှာ နေထိုင် ကြသူတွေဖြစ်ပါတယ်။

“ထမင်းတစ်လုပ်ကို ကောင်းကောင်းမွန်မွန်၊ ၀၀လင်လင်စားရရင်တော်ပါပြီ၊ တခြားဘာမှ မလိုချင်ပါဘူး။ ကလေး တွေကိုပညာတတ်ကြီးဖြစ်အောင် ကျောင်းထားချင်ပေမယ့် တစ်နေ့ရှာတစ်နေ့စားဘ၀မှာ အိပ်မက်သာရှိခဲ့ပြီးလက် တွေ့မှာတော့ ဖြစ်မလာခဲ့ပါဘူး။ တောင်သွားပြီးရောင်းချလို့ ရတာကိုခုတ်ယူလာတယ်၊ ရောင်းတယ်၊ ကျန်းမာရေး မကောင်းရင်လည်း ဆေးမြီးတိုနဲ့ကုရတာများပါတယ်”ဟုလည်း ဒေါ်အိမ်စိုးခိုင်က ပြောပါတယ်။

ဝေးလံခေါင်းပါးပေမယ့် ကျန်းမာရေးအတွက် ဆေးခန်းမရှိ။ ၀မ်းဆွဲဆရာမအဆင့်တောင်မရှိတဲ့ အရပ်ဒေသမှာ တော ဆေး၊တောင်ဆေးနဲ့ ရိုးရာဆေးမြီးတိုတွေကိုသာအသုံးပြုရပြီး ငွေကြေးကုန်ကျမှုများတဲ့ မြို့ပေါ်ဆေးပေးခန်းကို အရောက်သွားနိုင်သူက ရှားပါတယ်။ စက်လှေနဲ့ လေးနာရီလောက်မောင်းရင် မြို့ကိုရောက်နိုင်ပေမယ့် ကုန်ကျမှု ဒဏ်ကိုစိုးရိမ်တဲ့အတွက် မသွားနိုင်ဘဲသေသွားရတာလည်းရှိတယ်လိုသိရတယ်။

ဝါးလုံးတစ်ရာ ကိုရွာအရောက်သယ်လာနိုင်မှ ငွေကျပ် တစ်သောင်းငါးထောင်ရတယ်။ မျှစ်တစ်တောင်းခူးလာရင် သုံး လေးထောင်လောက်ရတယ်။ အိမ်မှာရှိတဲ့မိသားစုတွေအတွက် စားနိုင်ရုံလောက်သာ ရကြပေမယ့် ၀တ်ဖို့အတွက် လည်းစုရဆောင်းရဆိုတော့ ဘ၀ကိုရင်စည်းခံနိုင်ကြတဲ့သူတွေ၊ လောဘဒေါသတွေနည်းကြဟန်တူပါတယ်။

ဆန်တစ်ပြည်ကို နှစ်ထောင်ကျပ်နီးပါးလောက်ပေးဝယ်ရတယ်လို့သိရတယ်။ ဆား၊ငါးပိ၊ကြက်သွန်၊ငရုတ်ဆိုတာက လည်းမီးဖိုချောင်အတွက်လိုသေးတော့ ၀မ်းရေးလှဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်။ လယ်လုပ်နိုင်သူဆိုတာကလည်း လက်ချိုးရေတွက်လို့ရတယ်။ လယ်လုပ်တယ်ဆိုတာကည်း တောင်ခြေက လယ်ကွက်နည်းနည်းပါးပါးကိုသာလုပ် နိုင်တာပါ။ လယ်မြေမရှိသလောက်ရှားတယ်။ ကိုင်းတောတွေနဲ့ တောင်တွေကိုသာမြင်နေတွေ့နေရတယ်။ တောင် တွေမှာဆိုရင် ငရုတ်၊ နနွင်း၊ ဂျင်းစိမ်းစတာတွေကိုစိုက်ပျိုးကြတယ်လို့လည်းသိရတယ်။

ရွာထဲမှာရှိတဲ့ကလေးတော်တော်များများအား ချင်းဘာသာစကားကိုပြောဆိုလေ့ရှိပြီး ရခိုင်စကားကိုတောင်ကောင်း ကောင်းတတ်တာမတွေ့ရပါ။ သုံးလေးတန်းလောက်ရောက်မှ ရခိုင်စကားကိုပြောတတ်တယ်လို့လည်းလူကြီးတွေက ပြောပါတယ်။ မိခင်ဘာသာစကားကို အလေးအနက်ထားပြောဆိုတတ်ကြသူတွေမို့ လေးစားမိပါတယ်။ ဒါပေမယ့် တစ်ချို့အခေါ်အဝေါ်တွေကျရင် ရခိုင်စကားနဲ့ တူနေတာကိုလည်းတွေ့ရတယ်။

ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေထဲမှာ နေထိုင်ကြရသူတွေဖြစ်တာမို့ အလှအပကိုမက်မောမှုနည်းပါးနေသယောင်ထင် ရတယ်။ မိန်းကလေးတွေဆိုရင်လည်း ပုံမှန်သဘာဝအတိုင်းနေထိုင်တတ်ကြတယ်။ ပွဲပြင်ဆိုမှဖီးလိမ်းပြင်ဆင်ကြ တယ်လို့လည်းဆိုပါတယ်။ ဒါပေမယ့် မျက်နှာပြင်မှာပါးရဲထိုးထားတဲ့ ချင်းအမျိုးသမီးအတော်များများကိုလည်းတွေ့ ခဲ့ရပါတယ်။ ကျေးမကျေးရွာမှာဆိုရင် အဲဒီလိုအမျိုးသမီးတွေ တစ်ဆယ်ကျော်လောက်တောင်ရှိတယ်လို့ဆိုပါတယ်။

ကျွန်တော်တို့အဖွဲ့ဆန်တွေအလှူပေးအပြီးမှာ မျက်နှာမှာဆေးမှင်ကြောင်ထိုးထားတဲ့ချင်းအမျိုးသမီးကြီးတွေနဲ့ အမှတ်တရဓါတ်ပုံရိုက်ဖြစ်ခဲ့ပါသေးပါတယ်။

ချင်းလူမျိုးတွေဆိုပေမယ့် အများစုကတော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတယ်လို့သိရတယ်။ ဖုံသာချောင်းကြောင်း တစ်လျှောက်မှာ အခြေချနေထိုင်ကြသူတွေဖြစ်တာကြောင့် ချောင်းရေကိုချိုး၊ ချောင်းရေကိုသုံးပြီး တောတောင်က ထွက်တဲ့ တောထွက်ပစ္စည်းတွေနဲ့ အသက်ရှင်သန်ကြသူတွေဖြစ်တာကြောင့် ဒီရေ၊ဒီမြေကို ချစ်ခင်တွယ်တာကြဟန် တူပါတယ်။သစ်တောတွေ၊ ၀ါးတောတွေရှိနေသမျှ အသက်ရှင်သန်ခွင့်ရမယ်လို့မျှော်လင့်ထားကြတဲ့ပုံပါ။

ရိုးချင်း၊ဆင်းရဲစွာနေထိုင်ကြပေမယ့် ရိုးသားကြတာကိုတွေ့ရတယ်။ ဟန်ဆောင်မှုကင်းကြတာကိုလည်းတွေ့ရပြီး တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီပေးကြတာကိုလည်းမျက်မြင်ကိုယ်တွေ့ပါပဲ။ ကျွန်တော်တို့အဖွဲ့မှာပါလာတဲ့ ဆန် အိတ်တွေကို ၀ိုင်းကူပြီး ရွှေ့ပြောင်း၊သယ်ဆောင်ပေးကြတယ်၊ သာတယ်နာတယ်လို့သဘောမထားဘဲ ကူညီတတ် တဲ့ ချစ်စရာ့လူ့အသိုင်းအ၀ိုင်းတစ်ခုလည်းဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ရွာပေါင်းစုံကိုသွားရောက်လေ့လာချင်ပေမယ့် ခက်ခဲကြမ်းတမ်းတာရယ်၊ အချိန်မရနိုင်တာရယ် ကြောင့် တစ်ချို့ကျေးရွာတွေကို မရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခက်ခဲကြမ်းတမ်းတဲ့ဘ၀၊ နေ့စဉ်မျှစ်တွေ ခူးနေကြရတဲ့ အမျိုးသမီးကြီးငယ်တွေရဲ့ဘ၀၊ ၀ါးတွေခုတ်နေကြရဲတဲ့ ဘ၀တွေကို မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရခဲ့ တာတော့အမှန်ပါပဲ။

ဆန်တွေကိုပေးပြီးလို့ ညနေ ငါးနာရီလောက်မှာ ကျွန်တော်တို့အဖွဲ့ဟာ ဖုန်းချောင်းကြောင်းကနေ လှည့်ပြန်ခဲ့ပါ တော့တယ်။ လက်ပြနုတ်ဆက်ကျန်ခဲ့တဲ့ကလေးတွေ ရွာသားတွေကို ကြည့်ရင်း အပြန်လမ်းတစ်လျှောက်မှာတော့ မေးခွန်းတွေအများကြီးကို စိတ်ထဲမှာ မေးမိပါတော့တယ်။

သန်းလှိုင်(စစ်တွေ)

___EMG
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။