သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ


နေတိုး

ကျွန်တော့် မွေးနေ့လေးကို အလှူဒါနတွေနဲ့ ဖြတ်သန်းခွင့် ရသလို နှင်းဆီ အဖွဲ့သားတွေနဲ့ ဆုံပြီးတော့လည်း မွေးနေ့ပါတီလေး လုပ်ဖြစ်ပါတယ်။ မွေးနေ့မှာ အောင်ဇမ္ဘူတောရ ကျောင်းတိုက်မှာ သံဃာတော်တွေကိုဆွမ်း၊ သင်္ဃန်း၊ ၀တ္ထနဲ့ လှူဖွယ်ပစ္စည်းတွေ လှူဒါန်းဖြစ်တယ်။ ဘုရားဖူး လာကြတဲ့ ဧည့်ပရိသတ်တွေကိုလည်း နေ့လည်စာ အလှူဒါန လုပ်ဖြစ်ပါတယ်။ စိတ်အေးချမ်းစွာ ဖြတ်သန်းခွင့်ရလို့
စိတ်ချမ်းသာ ပါတယ်။ လောလောဆယ်ကတော့ ကြော်ငြာရိုက် ရှိတယ်။ ဒါပြီးရင် ဗီဒီယိုရော ရုပ်ရှင်ကားကြီးပါ ရိုက်ကူးဖို့ ရှိပါတယ်။ ပရိသတ်အတွက် ထူးခြားတဲ့ ရသခံစားမှုတွေ ရရှိဖို့ ဆက်လက် ဖန်တီးသွားမှာပါ။

ထွန်းအိန္ဒြာဗိုလ်



လတ်တလောကတော့ NLD အောင်နိုင်ရေးအတွက် အနုပညာနဲ့ ဆောင်ရွက်နေပါတယ်။ NLD အောင်နိုင်ရေး သီချင်းတစ်ပုဒ်ကို အသံသွင်းထားတယ်။ အဲဒီ သီချင်းလေးက သံသာဝင်း ရေးထားတာကို မခိုင်ကြီးတို့ အနုပညာရှင်တွေ စုပေါင်း သီဆိုထားပါတယ်။ မခိုင်ကြီးတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ “ ပြောင်းလဲ ချိန်တန်ပြီ ” NLD အောင်နိုင်ရေး ဇာတ်ကားကလည်း  စက်တင်ဘာ လလယ်ပိုင်းလောက် စတင်ဖြန့်ချိပါမယ်။ မခိုင်တို့ အမေရိကန်မှာ ဖျော်ဖြေဖို့ ရှိပါတယ်။ တစ်လကြာ ဖျော်ဖြေရေး ခရီးစဉ်ပါ။ NLD ပညာရေးနဲ့ ကျန်းမာရေးကွန်ရက် ရန်ပုံငွေနဲ့ ရေဘေး ရန်ပုံငွေပွဲပါ။

သားစိုး



လတ်တလောတော့ နိုင်ငံသားအားလုံး မဲပေးကြဖို့ အရေးကြီးတယ်ဆိုတဲ့ အကြောင်းအရာလေးကို သီချင်းတစ်ပုဒ် ဆိုထားပါတယ်။ MTV ရိုက်ပြီး ထုတ်လွှင့် ပြသသွားမှာပါ။ ကျွန်တော်နဲ့ ရတနာမိုင်နဲ့ ဆိုထားတာပါ။ သီချင်းကတော့ ကျွန်တော် ရေးထားပြီး ရတနာမိုင်က အားဖြည့် သီဆိုထားတာပါ။ စက်တင်ဘာ ၁၂ ရက်မှာ သီအိုရီ အနေနဲ့ ဘာဘူနဲ့တွဲပြီး ဆိုဖြစ်ဖို့ ရှိပါတယ်။ အဲဒီအတွက်လည်း ပြင်ဆင်ထားပါတယ်။ နိုဝင်ဘာလမှာ တိုကျိုမှာလုပ်တဲ့ မြန်မာပွဲတော်မှာ ကျွန်တော့်ရဲ့ တစ်ကိုယ်တော်ပွဲကို တင်ဆက်ရမှာ ဖြစ်တဲ့အတွက် သီချင်းတွေ အကတွေ ပြင်ဆင်နေပါတယ်။ အဲဒီပွဲမှာ ရှေးခေတ် ဂျပန်သီချင်း နှစ်ပုဒ်ကို မြန်မာသံစဉ်တွေနဲ့ ရောပြီး တင်ဆက်ဖို့ ရှိတယ်။ အဲဒီပွဲလေးကို အကောင်းဆုံး တင်ဆက်သွားမှာပါ။

မင်းမော်ကွန်း



ကျွန်တော် လတ်တလောကတော့ “ ၀ိညာဉ်စိမ်း ” ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင် နေပါတယ်။ ဒီဇာတ်ကားပြီးရင်တော့ အောက်တိုဘာ လဆန်းမှာ စင်ကာပူကို ဖျော်ဖြေရေး ခရီးသွားဖို့ ရှိတယ်။ အဓိကတော့ ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် လုပ်မယ့်ပွဲလေးပါ။ ကျွန်တော်တို့ အနုပညာရှင်တွေ စုပေါင်းဖျော်ဖြေကြမှာပါ။

ဇေရဲထက်



ကျွန်တော် လတ်တလောကတော့ ဒါရိုက်တာ ပွင့်သိင်္ဂိ ရိုက်ကူးတဲ့ ဇာတ်ကားမှာ နန်းဆုဦးနဲ့အတူ သရုပ်ဆောင် နေပါတယ်။ ဗီဒီယို ဇာတ်ကားလေးပါပဲ။ နာမည်ကတော့ ပြန်ပြောင်းဦးမယ်လို့ ပြောပါတယ်။ ဒီဇာတ်ကားပြီးရင်တော့ ဒါရိုက်တာ ဦးညီညီထွန်းလွင် ရိုက်ကူးမယ့် “ ချစ်ပြီးစလစ်နံပါတ်တစ် ” ဆိုတဲ့ ဇာတ်ကားမှာ သရုပ်ဆောင်ရပါမယ်။ကျွန်တော်နဲ့အတူ ကိုနိုင်ကြီး (ကျော်ရဲအောင်)၊ ကိုရာဇာနေ၀င်း၊ စိုးမြတ်နန္ဒာ၊ ရွှေမှုန်ရတီတို့ ပါဝင်မှာပါ။  ကြော်ငြာ ရိုက်ကူးဖို့ ကမ်းလှမ်းထားတာတွေ ရှိသလို ဗီဒီယိုတွေလည်း ရိုက်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကွဲပြားတဲ့ ဇာတ်ကောင် စရိုက်တွေ၊ ထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်မျိုးတွေနဲ့ ပရိသတ်ကို တင်ဆက်နိုင်အောင် ကြိုးစားနေပါတယ်။ ဒီပုံစံမျိုးချည်းပဲ ဆိုတာမျိုး မဖြစ်ချင်တာကြောင့် ဇာတ်လမ်းတွေကို သေချာ ရွေးချယ်ပြင်ဆင်ပြီး ရိုက်ကူးနေပါတယ်။ ပရိသတ်တွေကလည်း အားပေးကြပါဦးလို့။

နန်းသူဇာ



လတ်တလောကတော့ သီချင်းတွေပဲ ဆိုဖြစ်နေပါတယ်။ နှင်းဆီနေ့သစ် အငြိမ့်ဖျော်ဖြေပွဲမှာလည်း ကိုကျော်ထွဋ်ဆွေနဲ့ တွဲပြီး သီချင်းဆိုဖြစ်တယ်။ နယ်တွေမှာ ရှိုးတွေဆိုဖို့ လက်ခံထားတာတွေ ရှိပါတယ်။ ပွင့်လင်းရာသီ ရောက်တော့မှာဆိုတော့ နောက်ပိုင်းတော့ ရှိုးတွေပဲ များမယ်ထင်တယ်။ တစ်ကိုယ်တော် ခွေလုပ်ဖို့ အစီအစဉ်လည်း ရှိပါတယ်။ ပြင်ဆင်နေတာ တော့တော်တော်လေး ကြာပြီ။ ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းထားတာတော့ ရှိပါတယ်။ နောက်ပိုင်းလည်း ဂီတဘက်ကိုပဲ ဦးစားပေးပြီး လုပ်ဖြစ်မှာပါ။

ချမ်းချမ်း



လတ်တလောကတော့ နယ်ရှိုးတွေဆို ဖြစ်နေတယ်။ ရန်ကုန်မှာလည်း ကုမ္ပဏီပွဲတွေရှိရင် ဆိုဖြစ်တယ်။ အောက်တိုဘာလထဲမှာတော့ အီတလီ အဆိုတော်တစ်ယောက်နဲ့ တွဲဖက်ပြီး ဖျော်ဖြေရမယ်။ အဲဒီပွဲလေးက မသန်စွမ်း ကလေးငယ်တွေ၊ မိဘမဲ့ ကလေးတွေနဲ့ ရေဘေးသင့် ဒေသတွေက ကလေးတွေကို လှူဒါန်းမှာ ဖြစ်တဲ့အတွက် ရည်ရွယ်ချက်လေး ကောင်းပါတယ်။ ပွင့်လင်းရာသီ ရောက်လာရင်တော့ ပွဲတွေပဲ ဆိုဖြစ်ဖို့ များတယ်။ နိုင်ငံခြားပွဲတွေက ပြောထားတာတွေ ရှိပေမယ့် မသေချာသေးဘူး။

မိုးယုစံ



မိုးယု လတ်တလောတော့ ရေဘေးသင့် ဒေသတွေ ပြန်လည် ထူထောင်ရေးအတွက် ကပြတဲ့ နှင်းဆီနေ့သစ် အငြိမ့်ဖျော်ဖြေပွဲမှာ ပါဝင်ဖျော်ဖြေ ဖြစ်ခဲ့ပါတယ်။ မိုးယုတို့ နှင်းဆီ အဖွဲ့သားတွေ စုပေါင်း တည်ထောင်ထားကြတဲ့ နှင်းဆီရင်ခွင် ဖောင်ဒေးရှင်း အနေနဲ့လည်း ရေဘေးသင့် ဒေသတွေကို သွားရောက် ကူညီမှုတွေ လုပ်ဖြစ်တယ်။ ပြန်လည် ထူထောင်ရေး အတွက်ကိုလည်း ထပ်မံ လုပ်ကိုင်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ ဇာတ်ကား ရိုက်ကတော့ ခဏနားထားတာ။ နောက်လထဲ လောက်စပြီး ပြန်ရိုက် ဖြစ်ပါမယ်။ မိုးယုနဲ့ လိုက်ဖက်တဲ့ ပုံစံလေးတွေလောက်ပဲ အဓိက လုပ်ဖြစ်တယ်။ အရမ်းအများကြီး ရိုက်တာထက် ပရိသတ် ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားမျိုးလေးတွေပဲ ရွေးချယ် ရိုက်ကူးသွားမှာပါ။

Writer:
လင်းလင်းခိုင်

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။