တရုတ်ရဲ့  လောင်းရိပ်အောက်မှာ

တရုတ်, သမ္မတ, ဦးသိန်းစိန်, ဖက်ဆစ်, ဂျပန်
ဖက်ဆစ်ဆန့်ကျင်ရေး အထိမ်းအမှတ် တရုတ်စစ်ရေးပြပွဲ (ဓာတ်ပုံ – LA Time)
တရုတ်နိုင်ငံ ဘေဂျင်းမှာ ကျင်းပတဲ့ ဖက်ဆစ်တော်လှန်ရေး အောင်ပွဲ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြန်မာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် တက်ရောက်တာဟာ တရုတ်လောင်းရိပ်အောက်ကနေ မရုန်းထွက်နိုင်သေးဘူးဆိုတာကို တရားဝင် ၀န်ခံလိုက်ရာ ရောက်ပါတယ်။
၁၉၈၉ ခုနှစ်က ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်းသားပြည်သူတွေကို တရုတ်အစိုးရက ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ တီအန်မင် ရင်ပြင်မှာပါပဲ။ အခမ်းအနားမှာ စစ်ရေးပြမယ့် စစ်သားတွေကို အပ်တဖျားစာတောင် အစွန်းမထွက်စေအောင် အပြင်းအထန် လေ့ကျင့်ပေးထားတယ်လို့ ဆိုတယ်။
တရုတ် အစိုးရ အာဘော် ပြည်သူ့နေ့စဉ် သတင်းစာ ဆောင်းပါးမှာ အခမ်းအနားကို ကျင်းပရတဲ့ အဓိက အကြောင်း နှစ်ချက်ကို ဖော်ပြပါတယ်။ ပထမ အချက်က တရုတ်ဟာ ကမ္ဘာ့ဇာတ်ခုံမှာ စီးပွားရေး အင်အား၊ နိုင်ငံရေးအင်အား ကြီးထွားလာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်သလို၊ စစ်ရေးအင်အားကို ပြသခြင်းဖြင့် မိမိ အဆင့်နေရာကို ပြသဖို့ အချိန်ရောက်ပြီလို့ ဆိုတယ်။
ဒုတိယ အချက်ကတော့ ဂျပန်ပြည်ဟာ အမေရိကန် ကျောထောက်နောက်ခံပေးမှုနဲ့ စစ်ရေးမူဝါဒတွေကို ပြောင်းလဲဖို့ ဟန်ပြင်နေတဲ့ အချိန်၊ အမေရိကန်ကလည်း အာရှဒေသမှာ တရုတ် အင်အားကို ဟန့်တားဖို့ ခြေလှမ်းတွေ ပြင်နေတဲ့ အချိန်မှာ တရုတ်ကလည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ လိုတယ်လို့ ဆိုတယ်။
အခမ်းအနား တက်ရောက်တဲ့ ဧည့်သည်စာရင်းကို ကြည့်မယ်ဆိုရင်လည်း “ဆူးကြားက ဘူး” လို့ မြန်မာနိုင်ငံအတွက် စဉ်းစားဆင်ခြင်စရာတွေ ရှိပါတယ်။ ခြုံပြောရင် နိုင်ငံပေါင်း ၃၀ ရဲ့ အကြီးအကဲတွေ ကိုယ်တိုင် တက်ရောက်မှာ ဖြစ်ပြီး ၁၉ နိုင်ငံက ကိုယ်စားလှယ်တွေကို စေလွှတ်ပါတယ်။ ရုရှားသမ္မတ ဘလာဒီ မာပူတင်၊ ပါကစ္စတန် သမ္မတ မမ်နွန်း ဟက်စိန်၊ ဗီယက်နမ် သမ္မတ ထရောင်း တန်ဆန်း၊ ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ကာဇက်စတန်၊ ခါဂျစ္စတန်၊ ဥဇဘက်ကစ္စတန် တို့က နိုင်ငံအကြီးအကဲတွေကလည်း တက်ရောက်ကြပါလိမ့်မယ်။
တခြား ဒေသက ဆိုရင် ဗင်နီဇွဲလား သမ္မတ နီကိုလက်စ် မာဒူရို၊ တောင်အာဖရိက သမ္မတ ဂျက်ကော့ဇူးမား၊ အီဂျစ် သမ္မတ အဒဲ ဖာတာ့ အယ်စီစီ၊ ဆူဒမ် သမ္မတ အိုမာ ဟက်စန် အယ် ဘာရှီယားတို့ ပါဝင်ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက်ပါတယ်။
ဒါပေမယ့် ဗြိတိန်က တရားရေး ၀န်ကြီးဟောင်း ကန်းနက် ကလက်ကို ကိုယ်စားလှယ်အဖြစ် စေလွှတ်ပါတယ်၊ ဂျာမနီကလည်း သံအမတ်ကြီးကို စေလွှတ်ပါတယ်။ ပြင်သစ်ကလည်း နိုင်ငံခြားရေး ၀န်ကြီးအဆင့်ကိုပဲ စေလွှတ်လိုက်ပါတယ်။ အမေရိကန်ကလည်း သံအမတ်ကြီးကိုပဲ စေလွှတ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံထဲက ဧည့်သည်ဆိုလို ရုရှားသမ္မတ တယောက်ပဲ အခမ်းအနားကို တက်ရောက်ပါတယ်။
မြန်မာနိုင်ငံလိုပဲ ဘက်မလိုက်ကြားနေ၀ါဒကို ကျင့်သုံးတဲ့ အိန္ဒိယရဲ့ ရပ်တည်ချက်ကို ကြည့်ရင် မြန်မာအတွက် အရှက်ရစရာပါ။ အိန္ဒိယက နိုင်ငံအကြီးအကဲတွေ ကိုယ်တိုင် မတက်ဘဲ ကိုယ်စားလှယ်ပဲ စေလွှတ်ခဲ့တာကို တွေ့နိုင်ပါတယ်။ တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွန်ဟိုင်း ဆိုရင် တရုတ်ပြည် မြို့တော် ဘေဂျင်းမှာ ရောက်နေပေမယ့် စစ်ရေးပြအခမ်းအနားကိုတော့ တက်မယ့် ပုံမရှိပါဘူး။
အာဆီယံ နိုင်ငံတွေထဲက တ၀က်က ထိပ်တန်း အဆင့် ကိုယ်စားလှယ်ကို စေလွှတ်တာ တွေ့ရပါတယ်။ ဗီယက်နမ် သမ္မတ၊ မြန်မာသမ္မတ၊ ကမ္ဘောဒီးယား ဘုရင် နိုရိုဒွန်း စီဟာမိုနီ၊ လာအို သမ္မတ ချွမ်မာလီ စာယာဆွန်း၊ ထိုင်း ဒု ၀န်ကြီးချုပ် ပရာဝပ် ၀မ်စူဝမ် တို့ တက်ရောက်ကြပါလိမ့်မယ်။ ဒါပေမယ့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူတို့က အဆင့်မြင့် ကိုယ်စားလှယ် စေလွှတ်တဲ့ သတင်း မတွေ့ရပါဘူး။
တရုတ်ရဲ့ အခမ်းအနားဟာ လွန်ခဲ့တဲ့ နှစ် ၇၀ က ဒဏ်ရာ ဒဏ်ချက်တွေကို ကုစားဖို့၊ ပြန်လည် သင့်မြတ်ရေး အတွက်လို့ ဆိုပေမယ့် အမျိုးသားရေးဝါဒ မောင်းသံပေးတာပဲလို့ တော်တော်များများက ယူဆကြပါတယ်၊ တရုတ်အင်အားကို ပြသဖို့ နောက်ကွယ်က ရည်ရွယ်ချက် ရှိတဲ့အတိုင်း နောက်ဆုံးထုတ် တင့်ကားတွေ၊ မစ်ဇိုင်း ဒုံးကျည်တွေ၊ တိုက်လေယာဉ်တွေ၊ တိုက်ရဟတ်ယာဉ်တွေကို ပြသဖို့ ပြင်ဆင်ထားခဲ့တယ်။
နောက်ဆုံးထုတ် လက်နက်အမျိုးပေါင်း ၅၀၀ ၀န်းကျင်၊ လေယာဉ်အစီပေါင်း ၂၀၀ နီးပါး ပါဝင်ရာမှာ အစမ်းလေ့ကျင့်တဲ့ အချိန်မက J-15 တိုက်ဂျက်လေယာဉ်တွေနဲ့ Z-19 တိုက်ရဟတ်ယာဉ်တွေကို တွေ့ခဲ့ရပါတယ်။ တချို့ ခေတ်မီ လက်နက်အတော်များများကို တာပေါ်လင်စတွေ ဖုံးထားလို့ ဘာမှန်း မသိနိုင်ပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေကတော့ DF-41 လိုမျိုး တခြား ကမ္ဘာ့တိုက်ကြီးတခုကို လှမ်းပစ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်တွေ ပါလာနိုင်တယ်လို့ တွက်ကြပါတယ်၊ ထိပ်ဖူး အတွဲလိုက် တပ်ဆင်ထားတဲ့ ဒုံးကျည် အမျိုးအစား ဖြစ်ပြီး သြဂုတ်လ အစောပိုင်းက စမ်းသပ်ခဲ့ပါတယ်။
တာဝေးပစ် ဒုံးကျည် DF-21D (Dong-Feng 21) ဆိုရင် အသံထက် ၁၅ ဆ ပိုမြန်တဲ့ အလျင်နဲ့ ပစ်လွှတ်နိုင်ပြီး ရေပေါ် စစ်သင်္ဘောတွေကို ဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ အမေရိကန် စစ်ရေး ကျွမ်းကျင်သူတွေက ဒီလို ဒုံးကျည်မျိုးကို ကာကွယ်နိုင်တဲ့ လက်နက်မျိုး မရှိသေးဘူးလို့ ဆိုကြပါတယ်။ စစ်ရေးပြအခမ်းအနားမှာ ပါလာနိုင်တဲ့ DF-26 တာဝေးပစ် ဒုံးကျည်ဟာလည်း ဂူအန်မှာ အခြေစိုက်တဲ့ အမေရိကန် စစ်စခန်းအထိ ရောက်နိုင်တယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုကြတယ်။
တရုတ်အစိုးရ အာဘော်မှာ ဖော်ပြတဲ့ ဆောင်းပါးအတိုင်းဆိုရင် ဂျပန်နဲ့ အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက် စိန်ခေါ်လိုက်တာပါပဲ။
ကမ္ဘာ့ဖက်ဆစ် တော်လှန်ရေးအကြောင်း ပြောကြတဲ့အခါ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍ မှေးမှိန် မေ့ပျောက်ခံထား ရတယ်လို့ တရုတ်သမ္မတ ရှီကျင့်ပင်က ယူဆတယ်။ ဒါကြောင့် တရုတ်ပြည်မှာ ဂျပန်ရဲ့ ကျူးကျော်မှုနဲ့ ဖက်ဆစ် တော်လှန်ရေးအကြောင်းကို စနစ်တကျ သုတေသန ပြုလုပ်ဖို့ ညွန်ကြားခဲ့တယ်လို့ ဆိုတယ်။
ဂျပန် တော်လှန်ရေး အောင်မြင်မှုဟာ ခေတ်သစ် တရုတ်ပြည်အတွက် အရေးပါတဲ့အကြောင်း မနှစ်တုန်းက အခမ်းအနားမှာ ရှီကျင့်ပင်က အတိအလင်းပြောခဲ့ဖူးပါတယ်။ ဂျပန် တော်လှန်ရေး အောင်မြင်တာဟာ အရှက်ရဖွယ် ရာစုနှစ်တွေရဲ့  နိဂုံး ဖြစ်ပြီး တရုတ်အိပ်မက်ရဲ့ နိဒါန်း လို့ ဆိုတယ်။ ဒီမတိုင်ခင် ရာစုတခုလုံးမှာ တရုတ်ဟာ နိုင်ငံခြား တပ်တွေနဲ့ တိုက်တိုင်းမှာ ရှုံးခဲ့တယ်။ ဂျပန် တော်လှန်ရေး အောင်မြင်မှုဟာ တရုတ်တွေကို ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေပြီး အမျိုးသားရေး စိတ်ဓာတ်ပြန်လည် နှိုးကြားစေခဲ့တယ်လို့ ဆိုတယ်။
ဖက်ဆစ် တော်လှန်ရေးမှာ တရုတ်ကွန်မြူနစ် ပါတီရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ပြန်ဖော်ချင်တာက မော်စီတုန်း ခေတ်ကတည်းကလို့ ဆိုရပါမယ်။ ဒါပေမယ့် တကယ့် သမိုင်းမှာ တရုတ်ကွန်မြူနစ်တွေရဲ့ ပျောက်ကျားစစ်မှာ အကန့်အသတ်က အကန့်အသတ် ရှိပါတယ်။ ဂျပန် တော်လှန်ရေးမှာ တကယ် စစ်ပွဲကြီးတွေကို တိုက်ခဲ့တာက ကူမင်တန် တပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ အထိလည်း ထိုင်ဝမ်က နိုင်ငံရေးသမားတွေက တော်လှန်ရေး အောင်မြင်ရတဲ့ အကြောင်းကို ပြောရင် ကူမင်တန် တပ်တွေကို ပိုပြီး ဂုဏ်ပြုထိုက်တယ်လို့ ယုံကြည်ထားကြတယ်။
ဒါတွေက သမိုင်းဆရာတွေ အဖြေပေးရမယ့် ကိစ္စပါ။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အောင်ပွဲ နှစ်ပတ်လည်အခမ်းအနားဟာ အတိတ်က ရန်ငြိုးရန်စတွေကို ပြန်ဆွပြီး ဂျပန်ရဲ့ ငယ်ကျိုးငယ်နာကို ပြန်ဖော် ထိုးနှက်နေတဲ့ ကိစ္စဖြစ်လာရင်၊ သို့မဟုတ် ဒီလို သဘောမျိုး သက်ရောက်ခဲ့ရင် တခြား နိုင်ငံတွေနည်းတူ မြန်မာအတွက် စဉ်းစားစရာ ကိစ္စဖြစ်လာပါတယ်။ လောလောဆယ် ဂျပန်က မြန်မာကို ပေးနေတဲ့ အကူအညီတွေကို ခဏမေ့ထားပြီး ဘက်မလိုက်ကြားနေ မူဝါဒကို ကျင့်သုံးတဲ့ နိုင်ငံအနေနဲ့ စဉ်းစားရင်တောင် ဖြစ်သင့်တဲ့ အဖြေက ရိုးရှင်းပါတယ်။
မြန်မာအစိုးရအနေနဲ့ အိန္ဒိယလို သမာသမတ်ပိုကျတဲ့ ရပ်တည်ချက်မျိုးကို မရွေးချယ်ဘဲ တရုတ်အစိုးရရဲ့ အစီအစဉ်နောက်ကို တကောက်ကောက် လိုက်သွားတာကို ကြည့်ရင်လည်း အဖြေက ရှင်းပါတယ်။ တကယ်တော့ အချုပ်အခြာအာဏာနဲ့ ဘက်မလိုက်ကြားနေ၀ါဒဆိုတာဟာ လူကြားကောင်းရုံ သက်သက်မျှသာ ဖြစ်နေသလို၊ တရုတ်က အကောင်အထည်ဖော်နေတဲ့ မြစ်ဆုံစီမံကိန်းကို ဆိုင်းငံ့ဖို့ ညွန်ကြားခဲ့တဲ့အတွက် ချီးကျူးခံရတဲ့သမ္မတ ဦးသိန်းစိန်ဟာ နောက်ဆုံးမှာ တရုတ်စက်ကွင်းကနေ ဘယ်လိုမှ မလွတ်မြောက်သေးဘူးဆိုတာ ပြသရာ ရောက်ပါတယ်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။