အနည်းဆုံး လုပ်ခလစာ အတည်ပြု ပြီးနောက် အထည်ချုပ်စက်ရုံတချို့ပိတ်သိမ်း

အနည်းဆုံး လုပ်ခလစာ, အထည်ချုပ်လုပ်ငန်း , အလုပ်သမား ,
အနည်းဆုံး လုပ်ခလစာ ရရှိရေးအတွက် ဆန္ဒပြသနေကြသည့် အလုပ်သမားများအား ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက တွေ့ရပုံ (ဓာတ်ပုံ -ဧရာဝတီ)
အစိုးရက အလုပ်သမားတဦး၏ အနည်းဆုံး လုပ်ခလစာကို တရက်လျှင် ၃၆၀၀ ကျပ်  စက်တင်ဘာလ ၁ ရက်မှ စတင်ပေးဆောင်ရန် အတည်ပြုသတ်မှတ်လိုက်ပြီးနောက်ပိုင်း ရန်ကုန်မြို့အခြေစိုက် အထည်ချုပ် စက်ရုံတချို့ ပိတ်သိမ်းသွားကြောင်း သတင်းရရှိသည်။
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပြီးနောက် လှိုင်သာယာ စက်မှုဇုန် ၄ ရှိ စံပယ်ပွင့် အထည်ချုပ်စက်ရုံ ဖြစ်ကြောင်း၊ ထိုစက်ရုံမှ အလုပ်သမား စုစုပေါင်း ၂၃၇ ဦးကို စက်ရုံမှ နစ်နာကြေးငွေများ ပေးအပ်ခဲ့ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများက ပြောသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက “ သြဂုတ်လ ၂၆ ရက်က စက်ရုံပိတ်သိမ်းဖို့ စာလာတင်ပါတယ်။ သြဂုတ် ၃၁ မှာ လုပ်ငန်းရပ်မယ်။ အလုပ်သမား တွေ အားလုံးကိုလည်း ဥပဒေ သတ်မှတ်ချက်အတိုင်း လျော်ကြေးပေးမယ်လို့ တင်ပြထားပါတယ်။ အခုထိလည်း အလုပ်သမားတွေဘက်က တိုင်ကြားတာတွေ မရှိသေးပါဘူး” ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
အနည်းဆုံး လုပ်ခလစာ မသတ်မှတ်မီ တချို့သော အထည်ချုပ်စက်ရုံများသည် လုပ်သားအင်အား လျော့ချမှုများ လုပ် ဆောင်ခဲ့ပြီး လှိုင်သာယာ စက်မှုဇုန်ရှိ ရွှေဆန်းရီ ပီနံအိတ်စက်ရုံသည် ဇူလိုင်လအတွင်းတွင် အလုပ်သမား ၉၇ ဦးကို လျော့ ချ ခဲ့ကြောင်း၊ အထည်ချုပ်စက်ရုံ တခုဖြစ်သည့် အာရှနှင်းဆီ အထည်ချုပ် စက်ရုံကလည်း အလုပ်သမား ၁၉၀ ကျော်ကို လျော့ချ ခဲ့ကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ပြောသည်။
အခြေခံ အလုပ်သမားများ အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရန် ၂၀၁၃ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်များ သုံးပွင့်ဆိုင် သဘောတူ ဆွေးနွေးပြီးနောက် အနည်းဆုံး အခ ကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ယခုနှစ် သြဂုတ်လ ၂၈ ရက်တွင် တနိုင်ငံလုံးရှိ မည်သည့် လုပ်ငန်းကိုမဆို ၀င်ရောက်လုပ်ကိုင်နေသည့် အခြေခံအလုပ်သမားများကို တရက်လျှင် လုပ်အားခ ကျပ် ၃၆၀၀ ပေးရန် သတ်မှတ် အတည်ပြုခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ခံစားခွင့် ပြုခဲ့သည်။
အခြေခံ လုပ်ခလစာနှုန်းထား သတ်မှတ်ရာတွင် လုပ်သားများ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ် ကုန်ဈေးနှုန်း အခြေအနေများ၊ လက်ရှိရရှိနေသော လုပ်အားခ၊ တဦးချင်း ဝင်ငွေနှင့် လိုက်လျောညီထွေရှိမည့် လူနေမှု ဘဝ အဆင့် အတန်း စသည့်အခြေအနေများအပေါ် မှတ်တမ်းများ ကောက်ယူ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံး တရက်လျှင် လုပ်အားခ ကျပ် ၃၆၀၀ သတ်မှတ်မှုနှင့် ပတ်သက်ပြီး UMH အထည်ချုပ် လုပ်ငန်းရှင် တဦးဖြစ်သူ ဒေါ်မြတ်စံဝင်းက “အခု ၃၆၀၀ ကျပ် သတ်မှတ်ပြီဆိုရင် နောက်ပိုင်း တဆင့်ခံယူချုပ်ရတဲ့ အထည်ချုပ် စက်ရုံတွေရဲ့ ရပ်တည်မှု ထိခိုက်နိုင်တယ်။ အထည်၊ ချည်၊ အပ်က အစ ကိုယ်ပိုင်ပစ္ခည်းနဲ့ ကိုယ်ပိုင် အော်ဒါတွေ ရနေတဲ့ အထည်ချုပ် လုပ်ငန်းတွေကတော့ သိပ်ထိခိုက်မှု မရှိနိုင်ပါဘူး” ဟု ပြောသည်။
အထည်ချုပ် လုပ်ငန်းရှင်များက ရင်နှီးမြှပ်နှံ လုပ်ကိုင်ရာတွင် စက်ရုံများ၌ လျှပ်စစ်မီး ပုံမှန်မရသည့်အတွက် မီးစက်ဖြင့် လည်ပတ်သည့်အခါ ပုံမှန်မီးတာခထက် ၃ ဆအထိ မြင့်တက်ကုန်ကျခြင်း၊ စက်ရုံမြေငှားရမ်းခ နှုန်းထားများသည် အိမ်နီးချင်းနိုင်ငံများထက် ၁ ဆခွဲခန့် မြင့်မားခြင်း၊ ဆိပ်ကမ်းဝန်ဆောင်မှု မပြည့်စုံခြင်း၊ ပို့ဆောင်စရိတ် ကြီးမြင့်မှု၊ ပို့ဆောင်သယ်ယူချိန် ကြာမြင့်ခြင်းနှင့် ကျွမ်းကျင်လုပ်သား ပြသနာ၊ လုပ်သားများ မကြာခဏ ရွှေ့ပြောင်းမှုတို့ကို ထောက်ပြပြီး ၎င်းတို့ပေးရမည့် လုပ်ခနှုန်းထားကို တိုးပေးရန် မဖြစ်နိုင်ကြောင်း ငြင်းဆန်ခဲ့ကြသည်။
လက်ရှိ ပြဋ္ဌာန်းပြီးသားဖြစ်သည့် အနည်းဆုံး အခကြေးငွေ ဥပဒေတွင် လုပ်သားတဦးကို အလုပ်ခွင်တွင် အလုပ်သင်အဖြစ် ၃ လ ခန့်ထားခွင့်ရှိပြီး သုံးလပြည့်လျှင် အစမ်းခန့်သုံးလ ထပ်မံစောင့်ကြည့်ခွင့် ရှိကြောင်း ပြဌာန်းပါရှိသည့်အတွက် အလုပ်ရှင်များဘက်က ယင်းအချက်နှင့် အလုပ်သမားများကို ခန့်ခြင်း၊ ဖြုတ်ခြင်းကို လိုအပ်သလို အသုံးချနိုင်သည်ဟု မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောသည်။
“အလုပ်သမား အခွင့်အရေး လုပ်ဆောင်နေတဲ့ အလုပ်သမားတွေကို ပြစ်မှတ်ထားပြီး အလုပ်ထုတ်တာတွေ ရှိလာနိုင်တယ်။ နောက်ပြီး အသစ်ဝင်တဲ့ အလုပ်သမားတွေကိုလည်း အလုပ်ရှင်တွေဘက်က ခြောက်လ မပြည့်ခင် လိုရင်လိုအပ်သလို ဖြုတ်တပ်လုပ်ပြီး ကစားနိုင်တယ်။ ကျနော်တို့တွေကတော့ အလုပ်ရှင်တွေရဲ့ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ပြီး ဥပဒေအတိုင်း အလုပ်သမားတွေကို ကူညီသွားမှာပါ” ဟု ဦးအောင်လင်းက ဆိုသည်။
အနည်းဆုံး လုပ်ခလစာ တရက်လျှင် ကျပ် ၃၆၀၀ သတ်မှတ်ပေးရန် အဆိုပြု တောင်းဆိုချိန်က လုပ်ငန်းရှင် ၁၆၀ ကျော်က ကန့်ကွက်မှုများ ပြုလုပ်ခဲ့ပြီး၊ အလုပ်သမားများကလည်း လုပ်ခလစာ ကျပ် ၃၆၀၀ သတ်မှတ်ပေးပြီးနောက် အလုပ်ရှင်များ ဘက်က တခြား ခံစားခွင့်များကို လျော့ချမည်ကို စိုးရိမ်မှုများ ရှိနေခဲ့သည်ဟု အလုပ်သမား ကိုယ်စားလှယ်များက ပြောသည်။
“ကျနော်တို့ မင်္ဂလာဒုံဘက်က အထည်ချုပ် စက်ရုံတွေမှာ တချို့က ထမင်းကျွေးတာကို ရပ်လိုက်တယ်။ တချို့က ဖယ်ရီ မစီစဉ်ပေးတော့ဘူး။ ကျနော်တို့ စက်ရုံကတော့ ယခင်ခိုင်းနေတဲ့ အလုပ်ထက် ဖိအားပေးခိုင်းတာတွေ ရှိလာတယ်။ တချို့ အလုပ်သမား တွေ မလုပ်နိုင်လို့ ကိုယ့်သဘောနဲ့ ကိုယ်ထွက်တာတွေ အထိ ရှိလာတယ်။ ဒီနေ့လည်း တယောက် ထပ်ထွက်တယ်” မင်္ဂလာဒုံ စက်မှုဇုန် အထည်ချုပ်စက်ရုံ တရုံမှ လုပ်သား ကိုဖြိုးဇင်ကျော်က ပြောဆိုသည်။
အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတွင် အခြေခံလုပ်အားခ တရက်လျှင် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာမှ ၇ ဒေါ်လာကြား၊ ထိုင်းနိုင်ငံတွင် ၉ ဒေါ်လာမှ ၁၀ ဒေါ်လာ၊ ဗီယက်နမ်နိုင်ငံတွင် ၃ ဒေါ်လာ၊ မလေးရှားနိုင်ငံတွင် ၉ ဒသမ ၈၁ ဒေါ်လာ၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၂ ဒသမ ဝ၃ မှ ၂ ဒသမ ဝ၅ ဒေါ်လာ၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂ ဒေါ်လာမှ ၅ ဒေါ်လာ၊ ဟောင်ကောင်တွင် ၂၈ ဒသမ ၈၇ ဒေါ်လာ၊ လာအိုနိုင်ငံတွင် ၃ ဒသမ ၃၃ ဒေါ်လာမှ ၄ ဒသမ ဝ၈ ဒေါ်လာ နှင့် ဖိလစ်ပိုင်နိုင်ငံတွင် ၉ ဒသမ ၇၂ ဒေါ်လာမှ ၁၀ ဒသမ ၆၀ ဒေါ်လာ ရရှိကြောင်း သိရှိရသည်။
လှိုင်သာယာ စက်မှုဇုန် တခုတည်း၌ပင် စက်ရုံပေါင်း ၁၀၀၀ ကျော်၊ အလုပ်သမား ၁ သိန်းခွဲကျော်ရှိပြီး ထိုစက်မှုဇုန်၌ လာရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများမှာ ထိုင်ဝမ်၊ ဟောင်ကောင်နှင့် ပြင်သစ် နိုင်ငံများမှ ဖြစ်ကြောင်း ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ မှတ်တမ်းတွင် ဖော်ပြထားသည်။


လက်ရှိ သတ်မှတ်လိုက်သည့် တရက်လျှင် လုပ်အားခ ကျပ် ၃၆၀၀ နှုန်းထားသည် အလုပ်သမားဦးရေ ၁၅ ယောက် အောက်ရှိနေသည့် အသေးစား လုပ်ငန်းများ၊ တပိုင်တနိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှု မရှိကြောင်း ထုတ်ပြန်ထားပြီး ယခင်အလုပ်သမား ဥပဒေ ပြဌာန်းချက်များအတိုင်း အချိန်ပိုကြေးကို လုပ်အားခ ၂ ဆ ပေးရန် ထုတ်ပြန်ထားသည်။

http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။