တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA အပြီးသတ် လက်မှတ်ရေးထိုး နိုင်ဖို့ အကြို အစည်းအဝေး တစ်ရပ် ရန်ကုန်မှာ စက်တင်ဘာ ၂၀ တနင်္ဂနွေ နေ့မှာ ကျင်းပဖို့ ရှိပါတယ်။
NCA ထဲ ပါဝင် လက်မှတ် ရေးထိုးဖို့ အစိုးရ ဘက်က သဘောတူထား တဲ့ ၁၅ ဖွဲ့ ကို အခု အစည်းအဝေး လာတက် ဖို့ ဖိတ်ကြား ထား ပေမယ့် ၈ ဖွဲ့ ပဲ ရောက်လာ ကြ သေးတယ် ဆိုပြီး မြန်မာငြိမ်းချမ်းရေး စင်တာ က ပြောပါတယ်။
၃ ရက် လောက်ပဲ ကြိုတင် အချိန်ယူ ဖိတ်ကြား နိုင်ခဲ့တဲ့ အတွက် တချို့ အဖွဲ့တွေ အနေနဲ့ အချိန်မီ လာတက် ဖို့ အခက် ရှိတယ် ဆိုပြီး မြန်မာ ငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး တစ်ယောက်ဖြစ်တဲ့ ဦးလှမောင်ရွှေက ဘီဘီစီ ကို ပြောပါတယ်။
ဒါပေမယ့် ဒီ ဆွေးနွေးပွဲ ကို နိုင်ငံရေး အကြောင်းပြချက် တွေ အရ ပူးပေါင်းပါဝင် ဖို့ ငြင်းဆန် ထားတဲ့ တိုင်းရင်းသား အဖွဲ့တွေ ရှိနေပါတယ်။
အစိုးရဘက်က တစ်ဖွဲ့ချင်းစီ ကို ခွဲပြီး ဖိတ်တဲ့ အတွက် တိုင်းရင်းသား တပ်တွေ အားလုံး စုစုစည်းစည်း ရပ်တည် နေမှု အပေါ် အသိအမှတ် မပြုတာလား ဆိုပြီး မွန်ပြည်သစ် ပါတီ က မေးခွန်း ထုတ်ခဲ့ကာ စက်တင်ဘာ ၂၀ ရက် အစည်းအဝေး ကို မတက်ရောက်ဘူး လို့ ပြောဆို ခဲ့ပါတယ်။
ရှမ်းပြည် တောင်ပိုင်း တပ်မတော် လို့ ခေါ်တဲ့ RCSS/SSA ကလည်း ရှမ်းပြည်နယ် ထဲ မှာ အစိုးရ စစ်ကြောင်း တွေ လှုပ်ရှား လာလို့ တိုက်ပွဲသစ် တွေ ဖြစ်ပေါ် လာရတဲ့ အတွက် နယ်မြေ တွေ တည်ငြိမ် အေးချမ်းမှု မရမခြင်း NCA ကိစ္စ ကို မစဉ်းစား နိုင်ဘူး လို့ ပြောထားပါတယ်။
NCA လက်မှတ် ထိုးရေး နဲ့ ပတ်သက်ပြီး အခု အစည်းအဝေး က နေ ပူးတွဲ ကော်မတီ တစ်ရပ် ဖွဲ့ကြမယ် ဆိုပြီး အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆော်ရေး လုပ်ငန်း ကော်မတီ ကို ဦးဆောင် ဆွေးနွေး နေတဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း က လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေကို ဖိတ်ကြား ထားခဲ့တာ ဖြစ်ပါတယ်။
အစိုးရ နဲ့ လူမျိုးစု လက်နက်ကိုင် တချို့ က လာမယ့် အောက်တိုဘာ လ ဆန်းပိုင်း မှာ NCA ကို လက်မှတ် ရေးထိုး နိုင်တော့မယ် လို့ ပြော နေချိန်မှာပဲ ရှမ်းပြည်နယ် နဲ့ ကချင် ပြည်နယ် တွေ ထဲက နေရာ တချို့မှာ တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက် လာနေ သလို၊ NCA မှာ တိုင်းရင်းသား တွေ ဘက် က လိုလားနေတဲ့ အဖွဲ့ အားလုံး ပါဝင် လက်မှတ် ရေး ထိုး နိုင်မှာ လား ဆိုတဲ့ အပေါ် မှာလည်း တိကျ တဲ့ အဖြေ တစ်ခု ထွက် မလာနိုင် ဖြစ် နေပါတယ်။
___BBC Burmese
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။