အမေရိကန် လေ့ကျင့်ပေးထားသည့် ဆီးရီးယား သူပုန်များက အယ်လ်ကိုင်ဒါထံ လက်နက်ပစ္စည်းများ လွှဲပေးခဲ့ရ



အမေရိကန်က လေ့ကျင့်ပေးထားသည့် ဆီးရီးယားသူပုန်အချို့သည် ၎င်းတို့၏ စစ်လက်နက် ပစ္စည်းများကို အယ်လ်ကိုင်ဒါ အကြမ်းဖက် တပ်ဖွဲ့များထံ လွှဲပေးခဲ့ရကြောင်း သတင်းရရှိသည်။

အမေရိကန် စစ်ဘက်က ၎င်းတို့ စနစ်တကျ သင်တန်းပို့ချခဲ့သည့် ဆီးရီးယား သူပုန်အဖွဲ့များအနက် ယူနစ်တစ်ခုသည် မဖြစ်မနေ အခြေအနေမျိုးကြောင့် စစ်လက်နက်များကို စစ်သွေးကြွများထံ လွှဲပေးခဲ့ကြောင်း ဝန်ခံခဲ့သည်။

အမေရိကန် လေ့ကျင့်ပေးထားသည့် တိုက်ခိုက်ရေးသမားများသည် ပြီးခဲ့သည့် သီတင်းပတ်က အယ်လ်ကိုင်ဒါ လက်အောက်ခံ အယ်လ်နျူဆာရာ တပ်ဦးထံသို့ ပစ်ကပ် ထရပ်ကား ခြောက်စီးနှင့် ခဲယမ်းမီးကျောက်များ လွှဲပေးခဲ့ခြင်း ဖြစ်သည်။ ယင်းသည် အယ်လ်နျူဆာရာတို့ ထိန်းချုပ်ထားသည့် နယ်မြေကို လုံခြုံဘေးကင်းစွာ ဖြတ်သန်းခွင့်ရရေးအတွက် ညှိနှိုင်းခဲ့သည့် အပေးအယူ ဖြစ်ဖွယ်ရှိသည်။

အမေရိကန် လွှတ်တော်သည် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများ၏ ရန်သူတော် သူပုန်များကို စစ်လက်နက် တပ်ဆင်ပေးရန်၊ စစ်သင်တန်းပေးရန် ဒေါ်လာ သန်း ၅၀၀ ထိ အသုံးပြုသွားရေး အဆိုကို သဘောတူထားခဲ့သည်။ ယင်းအစီအစဉ်အရ ဆီးရီးယားသူပုန် ၅၀၀၀ ခန့်ကို လက်နက် တပ်ဆင်ပေးမည် ဖြစ်သည်။ သို့သော်လည်း ယခုဖြစ်ရပ်ကမူ အမေရိကန် စစ်တပ်အတွက် မျက်နှာပျက်စရာ ဖြစ်လာသည်။

အမေရိကန်က စစ်သင်တန်း ပေးခဲ့သည့် သူပုန်များအနက် ပထမအသုတ် ၅၄ ဦးသည် အယ်လ်နျူဆာရာတို့၏ ဝန်းရံပိတ်ဆို့မှုကို ခံခဲ့ရသည်။ “ကံမကောင်းစွာနဲ့ပဲ ဆီးရီးယား အင်အားသစ် (အမေရိကန် လေ့ကျင့်ပေးထားသည့် သူပုန်ယူနစ်တစ်ခု)ဟာ သူတို့ရဲ့ ပစ်ကပ်ကား ခြောက်စီးနဲ့ ကျည်ဆန်တွေကို အယ်လ်နျူဆာရာလို့ ယူဆရတဲ့ လက်နက်ကိုင် အဖွဲ့ဆီ လွှဲပေးလိုက်ရပါတယ်”ဟု ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ကြီး ဂျက်ဖ်ဒေးဗစ်က စက်တင်ဘာ ၂၅ ရက်တွင် အတည်ပြုခဲ့သည်။

အမေရိကန် စစ်ရေးဗဟို ကွပ်ကဲမှု ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ပက်ထရစ် ရိုင်ဒါက အဆိုပါ ကိစ္စသည် စက်တင်ဘာ ၂၁ သို့မဟုတ် ၂၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ အယ်လ်နျူဆာရာတို့ထံ ရောက်သွားသည့် ယာဉ်နှင့် လက်နက်ခဲယမ်း ပမာဏသည် အဆိုပါ သူပုန်ယူနစ်ကို အမေရိကန် ထောက်ပံ့ပေးထားသည့် ပစ္စည်းအားလုံး၏ ၂၅ ရာခိုင်နှုန်းမျှ ဖြစ်ကြောင်းလည်း သိရသည်။

“သတင်းတိကျပါတယ်။ ဆီးရီးယား အင်အားသစ် တပ်ဖွဲ့ဟာ အယ်လ်နျူဆာရာတွေဆီမှာ အညံ့ခံ ညှိနှိုင်းပြီး စစ်သုံးလက်နက် ပစ္စည်းတွေ ပေးအပ်လိုက်ရပါတယ်။ ဒီဖြစ်ရပ်ဟာ ဆီးရီးယား လက်နက်ကိုင် တပ်ဖွဲ့တွေကို အမေရိကန်က လေ့ကျင့်ပေးနေတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး အလေးအနက် စိုးရိမ်စရာ အခြေအနေမျိုး ရှိနေကြောင်း ညွှန်ပြနေပါတယ်”ဟု ရိုင်ဒါက ပြောကြားသွားသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။