အောင်မင်္ဂလာစေတီတော်သည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ကျေးရွာအနီးရှိ သိန္နမေဃပဗ္ဗတတောင်ကုန်းပေါ်၌ တည်ရှိသည်။ ဘူးသီးတောင်၊ မောင်တောကားလမ်း၏လက်ယာဘက်တွင် ကျရောက်သည်။
ဤစေတီတော်ကိုရခိုင်ဓည၀တီပြည့်ရှင် သူရိယစက္ကမင်းကြီး ဘီစီ (၃၁၆-၂၇၂)နှင့် မိဖုရားကြီးရုပီယာတို့က သာသနာတော်သက္ကရာဇ်(၂၂၂) ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့တွင် စတင်တည်ထား ကိုးကွယ်ခဲ့သည်။ ဗုဒ္ဓ၏ဗျာဒိတ်တော်လာ"လက်ဝဲလက်ဖန်တော်ဓာတ်" ကိန်းဝပ်စံပါယ်တော်မူရာ စေတီတော်မြတ်တစ်ဆူ ဖြစ်သည်။
ရခိုင်ဝေသာလီပြည့်ရှင် သူရိယစန္ဒြားမင်းကြီးလက်ထက် ဥတ္တမဖြိုကြွင်း သက္ကရာဇ် (၂၄၉)ခုနှစ်တွင် တစ်ကြိမ်၊မြောက်ဦးမြို့ဘုရင်မင်းဖလောင်းလက်ထက် ကောဇာသက္ကရာဇ်(၉၅၄)ခုနှစ်တွင် တစ်ကြိမ် ထပ်မံပြုပြင်ခဲ့သည်။ ဗြိတိသျှခေတ်တွင် ဘူးသီးတောင်မြို့နယ်လက်ဝဲဒက်ကျေးရွာမှ ဘုရားဒါယကာကြီးဦးကောင်းလာဘက ထပ်မံပြုပြင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလစစ်ဘေးစစ်ဒါဏ်၊ သဘာဝရာသီဥတုဒါဏ်းဒများကြောင့် ပျက်စီးခဲ့ရာမှ ပြုပြင်သူမရှိ ဖြစ်ခဲ့သည်။ကောဇာသက္ကရာဇ်(၁၃၅၀) ပြည့်နှစ် တန်ဆောင်မုန်းလပြည့် ဗုဒ္ဓဟူးနေ့တွင် ဘူးသီးတောင်မြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဌလမ်းမဆရာတော် ဦးကုဏ္ဍလနှင့် အတွင်းရေးမှူး ဆရာတော် ဦးနန္ဒိသာရတို့အား အမှူးထား၍ဦးအောင်ကျော်ဇံ၊ ဦးကျော်လှဦးနှင့် ဂေါပကအဖွဲ့ဝင်များ လုပ်သားပြည်သူများ၏ အလှူတော်ထည့်ဝင်ငွေဖြင့် အသစ်တဖန်အုတ်မြစ်ချ တည်ထားကိုးကွယ်ခဲ့ကြသည်။
စေတီတော်မှာ ဆစ်ကျောက်များဖြင့် ပြန်လည်တည်ထားခြင်း ဖြစ်၏။ အတိုင်းအတာမှာ ဥာဏ်တော်အမြင့်
(၂၇)တောင်၊ အချင်း(၂၇)တောင်နှင့် ပတ်လည်(၈၁)တောင်ရှိသော ဂြိုလ်ကြီး(၈)လုံးပါဝင်သည့် (၈)မြော§င့်ပုံသဏ္ဌာန်ဖြစ်သည်။ ကာလတန်ဘိုးမှာ (၇)သိန်းကျော် ကုန်ကျခဲ့သည်။ မြောက်ဦးမြို့မှ ပန်းရံဆရာဦးကျော်အေး၏ လက်ရာမွန်ပင်ဖြစ်သည်။
____ဝန်ခံချက်။ ။ ဘူးသီးတောင်မြို့နယ်ဖြစ်စဉ်သမိုင်းစာအုပ်မှ ကူးယူဖော်ပြပါသည်။

0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။