ထုတ်သိမ်(ခေါ်)ဒုံးသိမ်ပုထိုးတော်ကြီးမှာ ဘူးသီးတောင်မြို့နယ် ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်ရွာတွင်
တည်ရှိသည်။ မြောက်ဦးမြို့ဘုရင်မင်းဘာကြီး (အေဒီ ၁၅၃၁-၁၅၅၃)က အနောက်အကာအဖြစ် အစီအမံဖြင့်တည်ထားကိုးကွယ်ခဲ့သည်ဆို၏။ မူလအမည်မှာ ထုတ်သိမ်ဟူ၍ တွင်ခဲ့သည်။ အရန်စေတီပေါင်း (၁၂)ဆူပါရှိ၏။
ထိုနောက် တန္တဗိုလ်စန္ဒဝိဇိယရာဇာ(အေဒီ ၁၆၃၁-၁၆၃၄)က ထပ်မံပြုပြင်မွမ်းမံခဲ့သည်။ တန္တဗိုလ် စန္ဒဝိဇိယရာဇာ၏ ငယ်နာမည်"ဒုံးညို"ကို အစွဲပြု၍ ဒုံးသိမ်အဖြစ် ပြောင်းလဲခေါ်လာကြသည်။ ၁၉၄၁-၄၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သောကုလားရခိုင်အဓိကရုဏ်းကာလတွင် ပုထိုးတော်ကြီး ဖျက်ဆီးခံခဲ့ရသည်။ ပုထိုးတော်ကြီးနှင့် အရန်စေတီငယ်များ၊ဘုရားဆင်းထုတော်များ ပျက်စီးခဲ့သည်။ မဟာရံတံတိုင်းကြီးနှင့် ရင်ပြင်တော်မှာ ကျယ်ဝန်းလှသဖြင့် သိမ်အဖြစ် သမုတ်ခဲ့ကြောင်းလည်း သိသာနိုင်သည်။ မဟာရံတံတိုင်းအတွင်းတွင် ပျက်စီးပြန့်ကြဲနေသော ဘုရားဆင်းထုတော် အကျိုးအပဲ့များ၊အနုပညာပန်းလက်ရာများ၊ ဘီလူးရုပ်၊ ဗျာလ်အရုပ်အပိုင်းအစများကို ဝမ်းနည်းကြေကွဲဘွယ်ရာ တွေ့မြင်နိုင်ပေသည်။
ခရစ်(၁၉၉၀)ပြည့်နှစ် မေလ(၁၀)ရက်နေ့က ဘူးသီးတောင်မြို့ စစ်ဗျူဟာမှူး၊ မ၀တတို့မှ ကြီးမှူး၍
လုပ်သားပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေဖြင့် ပြန်လည်မွမ်းမံခဲ့သည်။ ပုထိုးတော်ကြီးနှင့် အရန်စေတီတော်(၄)ဆူကိုပြုပြင်ပြီး ဖြစ်သော်လည်း အရန်စေတီတော် (၈)ဆူနှင့်မဟာရံတံတိုင်းကြီးကို ပြုပြင်မွမ်းမံရန်နှင့် ပြန့်ကြဲနေသောရှေးဟောင်းပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျှက်ရှိပါသည်။
____ဝန်ခံချက်။ ။ ဘူးသီးတောင်မြို့နယ်ဖြစ်စဉ်သမိုင်းစာအုပ်မှ ကူးယူဖော်ပြပါသည်။
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။