အစိုးရတပ်က ရွာသားများကို စစ်ဝတ်စုံဆင်ပေးပြီး လမ်းပြလုပ်ခိုင်း

၂၀၁၁ ခုနှစ် တုန်းက ထောင်သားပေါ်တာများနှင့် မြန်မာ့တပ်မတော်စစ်ကြောင်း ကရင်ပြည်နယ်မြောက်ပိုင်းရှိ ရွာတရွာကို ဝင်ရောက်ဖြတ်သန်းနေပုံ (ဓာတ်ပုံ - ရိုက်တာ)
ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မောက်မယ်မြို့နယ်ထဲမှာ အစိုးရတပ် စစ်ကြောင်တကြောင်းမှ ရွာသားတွေကို စစ်ဝတ်စုံဝတ်ဆင်စေပြီး လမ်းပြလုပ်ခိုင်းတယ်လို့  ဒေသခံတွေက ပြောပါတယ်။
နမ့်စန်အခြေစိုက် ခလရ ၂၄၇ လက်အောက်ခံ အစိုးရတပ်စစ်ကြောင်းတကြောင်းဟာ စက်တင်ဘာ ၁၇ ရက် မနက်က ဟိုလွိုင်ကျေးရွာအုပ်စု နမ့်ယုမ်းရွာကို ရောက်ရှိလာပြီး   ရွာသား ၆ ဦးကို  စစ်ဝတ်စုံဝတ်ပေးကာ လမ်းပြခိုင်းတယ်လို့ ဟိုလွိုင်ကျေးရွာအုပ်စုမှ အမည်မဖော်လိုသူ ရွာသူကြီးတဦးက ဒီဗွီဘီကို ပြောပါတယ်။
“အစိုးရစစ်သားတွေ  ဒီနေ့မနက် ၉ နာရီလောက်က နမ့်ယုမ်းရွာထဲရောက်လာပြီး  ရွာသား ၆ ယောက်ခေါ်သွားတယ်။ သူတို့ကို စစ်အင်္ကျီစစ်ဘောင်းဘီ ၀တ်ပေးပြီး ကျောပိုး အိတ်လွယ်ခိုင်းတယ်၊ ပြီးတော့ သေနတ်ကိုင်ခိုင်းတယ်၊ ရွာသားက မလုပ်ချင်ဘူးပြောတော့ ပါးရိုက်တယ်၊ ပြီးတော့ အရှေ့ကနေသွားခိုင်းတယ်၊ ကုန်းလွယ်မုတ်ဘက် ထွက်သွားတယ်လို့ ရွာသားတွေ လာပြောတယ်။”
အစိုးရတပ်နောက် လိုက်ပါသွားတဲ့ ရွာသားတွေဟာ  မွန်းလွဲ ၂ နာရီကျော်တဲ့ထိ ပြန်ရောက်မလာသေးတဲ့အတွက် တခုခုဖြစ်မှာ စိတ်ပူပြီး မောက်မယ်မြို့ပေါ်က ကျားဖြူပါတီကို တိုင်ကြားထားတယ်လို့  ရွာသူကြီးက ဆက်ပြောပါတယ်။
မြို့နယ်ကျားဖြူပါတီ ဥက္ကဋ္ဌကလည်း  ရွာသား ၆ ဦးပေါ် စိုးရိမ်ပူပန်ရကြောင်း၊ သက်ဆိုင်ရာစစ်ကြောင်းကို တိုက်ရိုက်ပြောဖို့ မလွယ်ကူတဲ့အတွက် တခြားလမ်းကြောင်း ရှာဖွေပြီး ရွာသားတွေကို ပြန်လွှတ်ပေးဖို့၊ လက်နက်ကိုင်ချင်းဖြစ်တဲ့ကိစ္စ ရွာသားတွေကို မထိခိုက်စေဖို့ ပြောပေးမယ်လို့ သူကြီးကို ပြန်ပြောခဲ့ပါတယ်။
သူတို့ရွာနဲ့ မနီးမဝေး ကုန်းမတ်လန်းဆိုတဲ့ ကျေးရွာအုပ်စုဘက်မှာလည်း မနေ့တနေ့က ရှမ်းပြည်တပ်မတော်နဲ့ အစိုးရတပ်ကြား ပစ်ခတ်မှု  ၂ ကြိမ် ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ရွာသူကြီးက ပြောပါတယ်။
အခုလို ပစ်ခတ်မှုတွေဖြစ်နေတဲ့အပြင် အစိုးရစစ်ကြောင်းတွေပါ သွားလာလှုပ်ရှားနေတဲ့အတွက် ရွာသားတွေအနေနဲ့ အသွားအလာဆင်ခြင်နေရကြောင်း၊  မနေ့က ကျားဖြူပါတီက  ဆန္ဒမဲ ပေးဖို့ကိစ္စ အစည်းအဝေး ခေါ်ထားတာတောင် ရွာသားအများစုက မသွားရဲကြဘူးလို့  ရွာသူကြီးက ပြောသွားပါတယ်။
လတ်တလော ရှမ်းပြည်တောင်ပိုင်းဘက်မှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်နေတာကြောင့် ရှမ်းပြည်နယ်တွင်း လုံခြုံမှု စိတ်မချရတဲ့ ဒေသတွေမှာ  ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ ခေတ္တရပ်ဆိုင်းထားဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
http://burmese.dvb.no/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။