ဖိလစ်ပိုင်ကျွန်း မင်ဒါနာအိုပြည်နယ်ထဲရှိ မာရင်နာပင်လယ်အော်ကို စက်တင်ဘာ ၉ ရက်က တွေ့ရစဉ် (Photo:AFP)
နိုင်ငံခြားသားသုံးဦးနှင့် ဖိလစ်ပိုင် ဓားစာခံ တစ်ဦးတို့အား ဖမ်းဆီးထားသော သေနတ်သမားများသည် ရေတပ်၏ ၀န်းရံပိတ်ဆို့ထားသည့်ကြားမှ လွတ်မြောက်ခဲ့ပြီး ဖိလစ်ပိုင်တောင်ပိုင်းရှိ ဝေးလံခေါင်သီသော တောင်တန်းများသို့ ထွက်ပြေးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းသေနတ်သမားများသည် မော်သူပုန်များနှင့် အစ္စလာမ္မစ် သူပုန်များ၏ နယ်မြေဖြစ်သော Davao Oriental ပြည်နယ်သို့ ထွက်ပြေးခဲ့ကြစဉ် စစ်ဘက်အထူး တပ်ဖွဲ့ဝင်များက ခြေရာခံလိုက်နိုင်ရန် ကြိုးပမ်းနေပြီး လေတပ်မှ ရဟတ်ယာဉ်များကလည်း ကယ်ဆယ်ရေးအတွက် အသင့်ဖြစ်နေကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဒုတိယတပ်မှူး အာရွန်အကွီနိုက ပြောကြားခဲ့သည်။
ယင်းသေနတ်သမားများသည် စက်တင်ဘာ ၂၁ ရက်ညပိုင်းက ဇိမ်ခံကမ်းခြေ အပန်းဖြေစခန်း တစ်ခုမှ နော်ဝေနိုင်ငံသား မန်နေဂျာဖြစ်သော အသက် ၅၆ နှစ်ရှိ ဂျာတန်ဆက်ကင်းစတက်၊ ကနေဒါ ခရီးသွားနှစ်ဦးဖြစ်သော အသက် ၆၈ နှစ်ရှိ ဂျွန်ရစ်ဒယ်နှင့် အသက် ၅၀ ရှိ ရောဘတ်ဟောတို့ကို ဖမ်းဆီးခဲ့သည်။ ဟော၏ ရည်းစားဖြစ်သူ အသက် ၄၀ ရှိ တက်စ်ဟုသာ သိရသည့် ဖိလစ်ပိုင် အမျိုးသမီး တစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့သည် ဇိမ်ခံအပန်းဖြေ စခန်းတွင် ကျောက်ချထားသော ရွက်လှေပေါ်၌ ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
လုံခြုံရေး တပ်ဖွဲ့ဝင်များက ယင်းသေနတ်သမား အဖွဲ့ကို ဖမ်းမိသည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဘီနစ်နိုအကွီနိုက သတင်းထောက်များကို ကတိပေးခဲ့သည်။ ဖိလစ်ပိုင်တွင် နိုင်ငံခြားသားတစ်ဦး ပြန်ပေးဆွဲခံရတိုင်း နိုင်ငံခေါင်းဆောင်များက ယင်းကဲ့သို့ အာမခံချက်များ ပေးလေ့ ရှိသော်လည်း ဖမ်းဆီးခံခဲ့ရသူများသည် ပုံမှန်အားဖြင့် ပြန်ပေးငွေများ ပေးပြီးမှသာ ပြန်လွတ်လာလေ့ရှိသည်။
ယင်းသေနတ်သမားများသည် ဆာမယ်ကျွန်းစုတစ်ဝိုက် ရေတပ်၏ ၀ိုင်းရံပိတ်ဆို့ထားမှုကို ကျော်လွှားနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာ ဖမ်းဆီးခံခဲ့ရသူများအတွက် စိုးရိမ်မှု မြင့်မားစေခဲ့သည်။ သေနတ်သမားများသည် အင်ဒိုနီးရှားနှင့် နီးကပ်သော ဖိလစ်ပိုင် အရှေ့တောင်ဘက်စွန်းရှိ ဆင်းရဲနိမ့်ကျသည့် Davao Oriental ဒေသ အရှေ့ဘက်သို့ ကီလိုမီတာ ၅၀ (မိုင် ၃၀) ခန့် ရွက်လွှင့်သွားခဲ့ကြောင်း သိရသည်။
ယင်းသေနတ်သမားများသည် စက်တင်ဘာ ၂၂ ရက်ညတွင် ယင်းပြည်နယ်သို့ ရောက်ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သော်လည်း အာဏာပိုင်များသည် ယင်းသေနတ်သမားများ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။