ချုံကြားမှ ဘုံဖျားသို့ (သို့မဟုတ်) စက်ရုံအလုပ်သမားဘ၀မှ တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ

ရေးသူ-လင်းလင်း(ကညက)


ငယ်စဉ်က တရုတ်တောင်ပိုင်း ရှန်ကျန်း (Shenzhen) မြို့လေးက ဆင်းရဲနွမ်းပါးလှတဲ့ စက်ရုံအလုပ်သမားတစ်ဦးဖြစ်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် မစ္စကျောင် (Ms.Zhou) ဟာ ဒီနေ့ဆိုရင်တော့ ဟူနန် အခြေစိုက် Lens Technology ရဲ့ Chairman နဲ့ President ဖြစ်နေပါပြီ။ သူ့ရဲ့အဲဒီကုမ္ပဏီဟာ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာ တွေနဲ့ကင်မရာတွေအတွက် Touch Screen မှန်မျက်နှာပြင်တွေ ကိုထုတ်လုပ်ပေးနေတာဖြစ်ပါတယ်။ ကုမ္ပဏီလုပ်ငန်းရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံခန့်ရှိနေပါပြီ။ ဒါ့ပြင် သူ့ရဲ့ နာမည်ဆိုရင်လည်း အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံခန့် တန်ကြေးရှိတဲ့ ဧရာမ e-Commerce လုပ်ငန်းကြီး Alibaba ကို တည်ထောင်ထားသူ တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီး မစ္စတာ ဂျက်မ (Jack Ma) တို့နဲ့ မကြာခဏဆိုသလို ယှဉ်တွဲပြီးဖော်ပြခံနေ ရပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လက သူ့ရဲ့ကုမ္ပဏီကို ရှန်ကျန်းစတော့ အိပ်ချိန်းဈေးကွက်မှာတင်ခဲ့တဲ့နောက်ပိုင်း မစ္စကျောင်ရဲ့ကြွယ်ဝမှု ဟာ အခုလိုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ရှယ်ယာတွေ ဟာ ဆယ်ရက်ဆက်တိုက်ဆိုသလို တစ်ဟုန်ထိုးတိုးတက်လာခဲ့ကာ အခုလို ဒေါ်လာ ၇.၆ ဘီလီယံထိ တန်ဖိုးမြင့်တက်လာခဲ့တာပါ။ သူ့ရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၇.၁ ဘီလီယံခန့်ချမ်းသာတဲ့အိမ်ခြံ မြေရင်းနှီးမြှုပ်နှံသူ ချန်လိုင်ဝါးကိုတောင် ကျော်လွန်သွားခဲ့တာဖြစ် ပါတယ်။ တရုတ်ပြည်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ စွမ်းအင် လုပ်ငန်းသူဌေးကြီးဖြစ်တဲ့ လီဟီဂျန်ပဲဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝ ချမ်းသာမှုက အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံထိရှိပါတယ်။

ပြောရမယ်ဆိုရင် မစ္စကျောင်ရဲ့ဘ၀အစပိုင်းဟာဘီလျံနာ သူဌေးကြီးတစ်ယောက်ဖြစ်ရေး အိပ်မက်ဆိုတာထက် အိပ်မက်ဆိုး ကြီးတစ်ခုလို့ဆိုရမှာပါ။ သူ့ကို ဟူနန်ပြည်နယ်ထဲက ရွာငယ်လေး တစ်ရွာမှာ ဆင်းဆင်းရဲရဲနဲ့မွေးဖွားခဲ့တယ်။ အသက်ငါးနှစ်အရွယ် မှာပဲ မိခင်ရဲ့စွန့်ပစ်ခြင်းခံခဲ့ရသလို ဖခင်ဖြစ်သူကလည်း လုပ်ငန်း ခွင်မတော်တဆမှုကြောင့် မျက်စိနှစ်ကွင်းလုံး လုံးဝနီးပါးအလင်း မရနိုင်တော့တဲ့ဒုက္ခိတအခြေအနေပါ။ ဒါပေမဲ့ ဒီလိုအခြေအနေဆိုး ကပဲ ဘ၀မှာအောင်မြင်ရမယ်ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကို ပိုမိုပြတ်သား စေခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာပဲ ကုန်ပစ္စည်းထုတ်လုပ်မှု ရဲ့အချက်အချာဒေသဖြစ်တဲ့ ရှန်ကျန်းကို သူထွက်ခွာလာခဲ့တယ်။ အဲဒီနောက် မှန်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ သူ့ရဲ့အလုပ်က နာရီတွေအတွက် မှန်လုပ်ရတာဖြစ်ပါတယ်။

“မိသားစုကဆင်းရဲပေမဲ့ ကျွန်မမှာ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့စိတ်ကတော့ အရမ်းကိုရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မဖေဖေနဲ့ အဖွားက ကျွန်မကိုအရမ်းချစ်ခဲ့ကြလို့ပါ” လို့ သူက အစောပိုင်းအင်တာဗျူများမှာ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့အလုပ်ဟာ အပြောင်းအလဲမရှိလို့ စိတ်ဝင်စားစရာမကောင်းတဲ့အတွက် အလုပ်ကနေနုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဘော့စ်အနေနဲ့ သူ့ကိုဌာနသစ်ဆီပြောင်းရွှေ့ပေး ဖို့ကျပြန်တော့လည်း မစ္စကျောင်ရဲ့လုပ်သက်ကသုံးလပဲရှိနေပါ တယ်။ ဘာပဲဖြစ်ဖြစ် ရွာငယ်လေးတစ်ရွာက မိန်းကလေးတစ် ယောက်က စာကိုကောင်းကောင်းရေးတတ်တဲ့အတွက် အထက်လူ ကြီးတွေက သူ့ကိုသတိထားမိလာခဲ့တယ်လို့လည်း သူက မီဒီယာ တွေကိုပြောခဲ့ပါတယ်။

အဲဒီနောက်ပိုင်းကစပြီး မစ္စကျောင်တစ်ယောက် ရာထူး တွေတစ်ဆင့်ပြီးတစ်ဆင့် အလျင်အမြန်တိုးတက်လာခဲ့ပြီး ကုန် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံးရဲ့ ဒါရိုက်တာရာထူးအဆင့်ကိုပါ ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်မှာတော့ သူဟာ ကိုယ်ပိုင် မှန်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက်က ၂၂ နှစ်ပဲရှိပါသေးတယ်။

သူ့အတွက်အရာအားလုံးက ပန်းခင်းလမ်းလို ချောမွေ့ နေခဲ့တာတော့မဟုတ်ပါဘူး။ မစ္စကျောင်ဟာ ကုမ္ပဏီပေါင်း ၁၁ ခု တည်ထောင်ခဲ့ဖူးပြီး အဲဒီလုပ်ငန်းတွေ အားလုံး မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၃ ခုနှစ် Lens Technology ကုမ္ပဏီကျမှ လုပ်ငန်းကနေအမြတ်အစွန်း ရရှိလာခဲ့ပါတယ်။ တစ်ပြိုင်နက်တည်း လောက်မှာပဲ သူဟာ မိုဘိုင်းဖုန်းတွေအတွက် မှန်မျက်နှာပြင်ထုတ်လုပ်တဲ့ နယ်ပယ်ထဲကိုပါ ၀င်ရောက်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

“၀န်ထမ်းတွေကိုလစာပေးဖို့ ကျွန်မ အိမ်ကိုနှစ်ကြိမ်တောင် ရောင်းခဲ့ရဖူးတယ်” လို့ သူကခါးသီးလှတဲ့ဘ၀အတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။ ဒါတင်မက သေးပါဘူး။ မနာလိုတဲ့ ပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကုမ္ပဏီမှာ ကုန်ကြမ်း ပြတ်မလိုဖြစ်ခဲ့ရတဲ့အတွက် စိတ်ဖိစီးမှုတွေ များပြီး မစ္စကျောင်တစ်ယောက် ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံဖို့စိတ်ကူးမိတဲ့အထိ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေ မဲ့ အခက်အခဲအဖုံဖုံကြားကနေ အခုလိုအောင် မြင်လာခဲ့တာဟာ သူ့ရဲ့မဆုတ်မနစ် စွဲစွဲမြဲမြဲ လုပ်တတ်တဲ့ဝီရိယကြောင့်လို့ မကြာခဏ ထုတ်ဖော်ပြောလေ့ရှိပါတယ်။
“တောင်တက်သလိုပါပဲ၊ ရှင့်ကို ထိပ်ဆုံးရောက်စေမယ့်အရာက ရှင့်ရဲ့ရုပ်ပိုင်း ကြံ့ခိုင်မှုမဟုတ်ပါဘူး။ ရှင့်ရဲ့မလျှော့သော ဇွဲ၊ လုံ့လတို့ပဲဖြစ်ပါတယ်” လို့ သူ့ရဲ့ကုမ္ပဏီ အချမ်းသာဆုံးစာရင်းဝင်ခဲ့တဲ့နောက် ရုပ်သံ အစီအစဉ်တစ်ခုရဲ့အင်တာဗျူးမှာ သူ့ရဲ့ဘ၀ ဒဿနကို ဝေမျှခဲ့ပါတယ်။

ကုမ္ပဏီအနေနဲ့ ဖောက်သည်တွေ ရဲ့ ယုံကြည်မှုရအောင် ကြိုးပမ်းနေရတဲ့ အစော ပိုင်းကာလတွေတုန်းကဆိုရင် မစ္စကျောင်ဟာ သုံးရက်ဆက်တိုက် စက်ရုံမှာပဲနေပြီး စံချိန်စံညွှန်းပြည့်မီအောင် အရည်အသွေးစမ်းသပ် မှုတွေကို ကိုယ်တိုင်ကိုယ်ကျလုပ်ကိုင်ခဲ့တယ်။ အဲဒီလိုကြိုးပမ်းအား ထုတ်ခဲ့တဲ့အတွက် Lens Technology ကုမ္ပဏီဟာ ၂၀၁၃ ခု နှစ်မှာ ၀င်ငွေအမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံအထိရရှိခဲ့ပြီး ၀န်ထမ်းပေါင်းရှစ်သောင်းခန့်ရှိတယ်လို့ Bloomberg ကထုတ် ပြန်ခဲ့ပါတယ်။ သူ့ရဲ့ကုမ္ပဏီဟာ Apple ၊ Samsung တို့လို နိုင်ငံစုံလုပ်ငန်းကြီးတွေရဲ့ဖုန်းတွေအတွက် မှန်မျက်နှာပြင်တွေ ထုတ်လုပ်ပေးနေတာဖြစ်ပြီး ကမ္ဘာပေါ်က စမတ်ဖုန်းငါးလုံးမှာ တစ်လုံးက သူ့ကုမ္ပဏီကထုတ်တဲ့မှန်မျက်နှာပြင်ကို အသုံးပြုထား တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ဒါပေမဲ့ ခင်ပွန်းဟောင်းနဲ့ရခဲ့တဲ့သမီးတစ်ယောက်ရှိတဲ့ မစ္စကျောင်ဟာ ဘ၀မမေ့သလို သူ့ကို ဘ၀တစ်လျှောက်လုံးကူညီ ခဲ့သူတွေကိုလည်းမမေ့ပါဘူး။ သူဟာ ကုမ္ပဏီအတွက် စတော့ ဈေးကွက်နဲ့ပတ်သက်တာတွေကိုကြိုတင်လေ့လာဖို့ တိုက်တွန်းခဲ့တဲ့ သူ့ရဲ့ဘာသာစကားသင်ဆရာဟောင်းတစ်ဦးကိုလည်း ဖိတ်ကြား ခဲ့ပါတယ်။ “ကျွန်မရဲ့မူလတန်းကျောင်းကဆရာကသာ ကျွန်မကို စတော့ဈေးကွက်လေ့လာဖို့သတိမပေးခဲ့ရင် ကျွန်မလည်းဒီတီထွင် မှုကိုစဉ်းစားဖို့ စိတ်ကူးမိမှာမသေချာပါဘူး” လို့ သူက မူပိုင်ခွင့် မှတ်ပုံတင်ထားတဲ့ ခြစ်ရာစင်းရာမထင်ကြောင်းအာမခံနိုင်တဲ့မှန် မျက်နှာပြင်တွေကိုရည်ညွှန်းပြောဆိုခဲ့ပါတယ်။ အခုဆိုရင် ဒီ တီထွင်မှုကနေ ကုမ္ပဏီအတွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိစေခဲ့ပါပြီ။

သူ့ရဲ့ဘ၀ဟာ မိုးစက်ထိတာနဲ့ ချက်ချင်းပွင့်တဲ့ပဒုမ္မာ ကြာပန်းပွင့်လိုပါပဲ။ ငယ်စဉ်ကလေးဘ၀က ကျေးလက်ဒေသမှာ ဆင်းရဲပင်ပန်းစွာကြီးပြင်းလာခဲ့ရပေမဲ့ အခုဆိုရင်တော့ တရုတ် ပြည်ရဲ့အချမ်းသာဆုံးအမျိုးသမီးတစ်ဦးဖြစ်နေခဲ့ပါပြီ။ သူ့အနေနဲ့ အခုလိုအောင်မြင်မှုတွေရရှိလာခဲ့တာဟာ ငယ်စဉ်က သူ့ရဲ့ဘော့စ် တွေနဲ့အိပ်ခဲ့လို့၊ သူအလုပ်လုပ်ခဲ့တဲ့ပထမဆုံးကုမ္ပဏီက ဖောက် သည်တွေကို သူ့ဆီပါလာအောင်ဆွဲဆောင်ခဲ့လို့ဆိုတဲ့ကောလာဟလ တွေရှိခဲ့ပေမဲ့ မစ္စကျောင်ကတော့ အားလုံးကိုပယ်ချခဲ့ပါတယ်။

“ကျွန်မအကြောင်းကို မသိတဲ့သူတွေက ကောလာဟလ တွေကိုယုံကြလိမ့်မယ်။ ဒါတွေကို ကျွန်မကိုယ်တိုင်ရှင်းပြနေလို့ ဘာမှအသုံးမ၀င်သလို အဲဒီလိုလိုက်ရှင်းပြနေဖို့လည်းမလိုပါဘူး” လို့ သူကခပ်ပြတ်ပြတ်ပဲတုံ့ပြန်ပြောကြားခဲ့ပါတယ်။

http://myanmarb2bmagazine.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။