အိမ်အကူ ကလေးငယ်ကို နှိပ်စက်မှု အိမ်ရှင်ကို တရားစွဲရန် နှောင့်နှေးနေ

အိမ်အကူ, မြောက်ဒဂုံ, ကလေးသူငယ် အခွင့်အရေး
အိမ်အကူ မသန်းသန်းကို ဒဏ်ရာများနှင့် တွေ့ရစဉ် (ဓာတ်ပုံ – ကိုညီညီ / Facebook)
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း တိုးချဲ့ရပ်ကွက် ဦးဝိစာရလမ်းရှိ နေအိမ်တအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် အသက် ၁၅ နှစ် အရွယ် မိန်းကလေးကို ဆိုးဝါးစွာ ရိုက်နှက်နှိပ်စက်ခဲ့သည့် အိမ်ရှင်ကို တလကျော် ကြာမြင့်သည့်တိုင် တရားမစွဲနိုင်သေးကြောင်း သိရသည်။
“ရဲလုပ်ငန်း ကျန်သေးလို့ တရားမစွဲ နိုင်သေးတာပါ။ ဒီအပတ်ထဲ တရားစွဲနိုင်အောင် ကြိုးစားနေပါတယ်။ အိမ်ရှင်ကတော့ အာမခံ ထားပါတယ်။ ထွက်ပြေးတိမ်းရှောင်တာလည်း မရှိပါဘူး။ လုံလောက်တဲ့ ခံဝန် ၂ ဦးနဲ့ အာမခံ ပေးထားပါတယ်။ ကလေးရဲ့ ဒဏ်ရာက သက်သာနေပါပြီ” ဟု ဒဂုံ (မြောက်) မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှသန်းက ဧရာဝတီသို့ ပြောသည်။
ရိုက်နှက်နှိပ်စက်ခံရသူ အိမ်အကူ မိန်ကလေး၏ ဒဏ်ရာ အခြေအနေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဆရာဝန်ထံမှ ဆေးစာရယူပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ရဲလုပ်ထုံးလုပ်နည်း ကျန်ရှိနေသေးသဖြင့် တရားမစွဲဆိုနိုင်သေးကြောင်း၊ အမြန်ဆုံး တရားစွဲဆိုနိုင်ရန်အတွက် ကြိုးစားနေကြောင်း ရဲမှူးလှသန်းက ဆက်ပြောသည်။
ထိုအမှုနှင့် ပတ်သက်ပြီး အိမ်ရှင်ဖြစ်သူ ဒေါ်အေးဝင်း ကို ရိုက်နှက်မှု ပုဒ်မ ၃၂၅၊ အနိုင်အထက် ပြုမှုပုဒ်မ ၃၅၄၊ ဆဲဆိုမှု ပုဒ်မ ၂၉၄ နှင့် ခြိမ်းခြောက်မှု ပုဒ်မ ၅၀၆ တို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်က ဒဂုံမြောက်ပိုင်း မြို့မရဲစခန်းတွင် အမှုဖွင့်ထားခဲ့ပြီးနောက် ဒေါ်အေးဝင်းကို အာမခံပေးထားကြောင်း သိရသည်။
ရိုက်နှက်နှိပ်စက်ခံရသူ အိမ်အကူ မိန်းကလေး၏ ဦးလေးဖြစ်သူ ဦးမျိုးဦးက “ဆေးစာရပြီး ရဲစခန်းကို သွားပေးထားတာ သုံးပတ်လောက် ရှိပါပြီ။ အလုပ်က ရှုပ်ထွေးနေတယ်လို့ ပြောတာပဲ။ ရဲစခန်းကတော့ အမြန်ဆုံး လုပ်ပေးမယ်လို့ ပြောပါတယ်။ ကလေးရဲ့ အနာက ပျောက်တဲ့ဟာလည်း ပျောက်သွားပြီ။ တချို့အနာကတော့ နာနေတုန်းပဲ” ဟု ဧရာဝတီကို ပြောသည်။
ရိုက်နှက်နှိပ်စက်ခံရသူ အိမ်အကူ မိန်းကလေး မသန်းသန်းသည် ဆေးရုံမှ ဆင်းလာပြီ ဖြစ်ကြောင်း၊ ၎င်း၏ အမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့တို့ထံ တိုင်ထားကြောင်း ဦးမျိုးဦးက ဆက်ပြောသည်။
အိမ်အကူ မိန်းကလေး မသန်းသန်းသည် ၂၀၁၃ ခုနှစ်မှ စတင်ပြီး အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ကြောင်း၊ အိမ်ရှင် ဒေါ်အေးဝင်းက မသန်းသန်း၏ ဦးခေါင်း၊ လက်၊ ခြေနှင့် ကျောဘက်တို့ကို သံဆူးကြိုး၊ သံယောင်းမတို့ဖြင့် ရိုက်နှက် နှိပ်စက်ခဲ့သည့်အတွက် ကာယကံရှင်၏ ခန္ဓာကိုယ် တခုလုံးတွင် အမာရွတ်များ၊ ဒဏ်ရာများဖြင့် ပြည့်နှက်လျက် ရှိသည်ကို တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အတွင်းက အိမ်ရှင်ဖြစ်သူ ဗီဒီယိုသရုပ်ဆောင် မော်ဒယ် သီရိကိုကိုနိုင်နှင့် ခင်ပွန်းဖြစ်သူက ၎င်းတို့၏ အိမ်အကူ အသက် ၁၅ နှစ်အရွယ် မထက်ထက်ကို ရိုက်နှက်နှိပ်စက်ခဲ့သည့် အမှု ဖြစ်ပွားခဲ့သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူ စာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနစ်တွင် စတင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုစာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် ၄၀ အထိ ကလေးသူငယ် အခွင့်အရေးကို ဖော်ပြထားကာ ကျန် ၁၄ ချက် သည် အစိုးရများဘက်က အကောင်အထည်ဖော် ဆောင်ရွက်ရမည် အပိုင်းကို ပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်းကို တွေ့ရသည်။
ကလေးသူငယ်များ၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ် အထိ သတ်မှတ်ထားပြီး၊ မြန်မာနိုင်ငံတွင် အသက် ၁၆ နှစ် အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ် ဟု သတ်မှတ်ထားသည်။
http://mobile.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။