
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုတွင် အဓိက သံသယ တရားခံဟု ယူဆရသူ နိုင်ငံခြားသား တစ်ဦးကို ကမ္ဘောဒီးယားတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ထိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ဩဂုတ် ၃၁ ရက်တွင် ကမ္ဘောဒီးယား ရဲများက ဖမ်းဆီးပေးခဲ့သည့် အဆိုပါ သံသယ တရားခံကို ထိုင်းနိုင်ငံသို့ လွှဲပေးရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။ ၎င်းသည် ထိုင်းနှင့် နယ်စပ်အနီး ကမ္ဘောဒီးယားဘက်ခြမ်းရှိ ပွိုင်ပက်မြို့တွင် ရှိနေစဉ် အဖမ်းခံရခြင်းဟု သိရသည်။
၎င်းကို ကမ္ဘောဒီးယားရှိ စစ်စခန်းတစ်ခုတွင် ကနဦး မေးမြန်းမှုများ ပြုလုပ်ပြီးနောက် ဆက်လက်စစ်ဆေးစုံစမ်းရန် ထိုင်းဘက်သို့ လွှဲပေးသွားမည် ဖြစ်သည်။ အဆိုပါ သံသယ တရားခံသည် မည်သည့်နိုင်ငံသား ဖြစ်ကြောင်းနှင့် အခြားအချက်အလက်များကို အတိအကျ မသိရသေးဘဲ ၎င်း၏ အမည်ကို ယူဆူဖူဟု ခေါ်ဝေါ်ကြောင်းသာ ထိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။
ထိုင်းမီဒီယာများက အသက် ၂၅ နှစ်အရွယ် သံသယ တရားခံသည် တရုတ်နိုင်ငံသား ပတ်စ်ပို့ ကိုင်ဆောင်ထားသူဖြစ်ကြောင်း၊ ၎င်း၏ အမည်မှာ ယူဆူဖူ မီရိုင်လိုင်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားလာကြသည်။ ၎င်းသည် တရုတ် ဟွိုက်မွတ်ဆလင်များ နေထိုင်ရာ ရှင်းကျန်းမှဖြစ်ပြီး ဖနွမ်ပင်မှတစ်ဆင့် ဘန်ကောက်သို့ ဝင်ရောက်လာခြင်းဟု ဆိုသည်။
သြဂုတ် ၁၇ ရက် နတ်ကွန်း ဗုံးကွဲမှုတွင် လူ ၂၀ သေဆုံးကာ ၁၂၀ မျှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် ယခုအကြမ်းဖက်မှုတွင် အလိုတူ အလိုပါဟု ယူဆရသူ တစ်ဦးကိုလည်း ဘန်ကောက် ဆင်ခြေဖုံးရပ်ကွက် တိုက်ခန်းတစ်ခုတွင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက ဖမ်းဆီးထိန်းသိမ်းထားသည်။
ကမ္ဘောဒီးယားတွင် ဖမ်းမိသည့် အမျိုးသားမှာမူ လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် ပါရှိသည့် နတ်ကွန်းအနီး ဗုံးပါသော ကျောပိုးအိတ်ကို လာချသွားသူ ဖြစ်ဖွယ်ရှိကြောင်းလည်း သိရှိရသည်။
____7Day News Journal
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။