ရခိုင်ရေဘေးသင့်တောင်သူများအား ပြည်နယ်စိုက်ပျိုးရေးဌာနမှ ထောက်ပံ့ငွေ ပေးအပ်

စံမောင်သန်း
စစ်တွေ၊ စက်တင်ဘာ ၅

ရေလွှမ်းမိုးမှုကြောင့် ပျက်စီးသွားသော ရခိုင်ပြည်နယ်မှ စပါးစိုက်ခင်းများ အတွက် ပြည်နယ် စိုက်ပျိုးရေးဌာန မှ ထောက်ပံ့ငွေများ ပေးအပ်ပွဲကို စစ်တွေတွင် စက်တင်ဘာလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သတင်း ရရှိသည်။

ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တော ခရိုင်နှင့် ကျောက်ဖြူ ခရိုင်တို့မှ လယ်သမားများ အတွက် ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းကို ၎င်းနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် ယာယီ ၀န်ကြီးချုပ် ဦးမြအောင်က “ရခိုင်ပြည်နယ်မှာ စပါးစိုက်ဧက ၂ ဒသမ ၉ သိန်းကျော် ရေလွှမ်းမိုး ခံခဲ့ရပြီးတော့ အဲဒီအထဲက စိုက်ဧက ၂ ဒသမ ၁ သိန်းကျော် ပျက်စီးခဲ့ရပါတယ်။ အစိုးရဆီ က ထောက်ပံ့ကြေး မထုတ်ပေးခင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ မျိုးစပါးရှာပြီး စိုက်ပျိုးခဲ့တဲ့ လယ်သမားတွေ အတွက် ထောက်ပံ့ကြေး တွေ ပေးအပ်တာဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ထောက်ပံ့ကြေးများကို သံတွဲခရိုင်ရှိ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များရှိ လယ်သမားများမှအပ ကျန်ခရိုင်အတွင်းမှာ ရှိသော လယ်သမားများကို ထုတ်ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမြအောင်က ဆိုသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဌာနမှ လယ်သမားများကို ပျက်စီးသွားသော တစ်ဧကလျှင် မျိုးစပါး တစ်တင်းနှုန်း၊ ကျပ်ငွေဖြင့် ဆိုလျှင် ၇၀၀၀ ကျပ် စီ ထောက်ပံ့ကြေးပေးအပ်ခဲ့သည်။

ထောက်ပံ့ကြေးငွေများကို သက်ဆိုင်ရာမြို့နယ်မှ အုပ်ချုပ်ရေးမှူးထံသို့ ထုတ်ပေးခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူးမှ တဆင့် ကျေးရွာ အလိုက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုအဖွဲ့သို့ ပေးအပ်ကာ ယင်းမှ တဆင့် လယ်သမားများထံသို့ ပေးအပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ရေလွှမ်း၍ စပါးစိုက်စိုက်ဧက ၂ ဒသမ ၁ သိန်းကျော် ပျက်စီးခဲ့ရာတွင် အစိုးရထံမှ မျိုးစပါးကို ဧက ၄၀၀၀၀ အတွက်သာ ထုတ်ပေးနိုင်ခဲ့သဖြင့် ရခိုင်ပြည်နယ် စိုက်ပျိုးရေးဌာနမှ ကျန်စပါးစိုက်ဧက ၁ ဒသမ ၇ သိန်းကျော်အတွက် ကျပ်ငွေ ၁ ဒသမ ၂ ဘီလီယံ ထုတ်ပေး ခဲ့သည်ဟု သိရသည်။

သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်များရှိ လယ်သမားများအတွက် ထောက်ပံ့ကြေး မထုတ်ပေးရခြင်းမှာ အဆိုပါမြို့နယ်များ၌ ရေလွှမ်းမိုးစဉ် စပါးစိုက်ပျိုးမှု မရှိသေး၍ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြန်လည်စိုက်ပျိုးနိုင်မှု မှာ ၉၉ ဒသမ ၃၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

____Narinjara
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။