စက်တင်ဘာ ၁၂ ရက်က ဆော်ဒီဘုရင် ဆယ်လ်မန် (ယာဘက်-ဒု) ဂရန်းဗလီ အတွင်းရှိ ၀န်ချီစက် ပြုတ်ကျရာ နေရာသို့ ရောက်ရှိလာစဉ် (Photo : AFP)
ဆော်ဒီအာ ရေဗျနိုင်ငံ၏ဘုရင် ဆယ်လ်မန်က လူ ၁၀၇ ဦး သေဆုံးခဲ့ရသော မက္ကာမြို့ရှိ ဂရန်းဗလီပေါ်သို့ ၀န်ချီစက် ပြုတ်ကျရသည့် အကြောင်းရင်းကို ရအောင်စုံစမ်းမည်ဟု စက်တင်ဘာ ၁၂ ရက်က ကတိပြုခဲ့သည်။
“ကျွန်တော်တို့ အကြောင်းရင်းတွေ အားလုံးကို စုံစမ်းပါမယ်။ စုံစမ်းပြီးရင်လည်း ရလဒ်ကို ပြည်သူတွေထံ ကြေညာပါ့မယ်” ဟု ဆယ်လ်မန်က မွတ်စလင်တို့အတွက် အထွတ်အမြတ် အထားဆုံး ဂရန်းဗလီသို့ သွားရောက်ကြည့်ရှု ပြီးနောက် ပြောကြားခဲ့သည်။ ဆော်ဒီအာဏာပိုင်များ၏ ပြောကြားချက်အရ စက်တင်ဘာ ၁၂ ရက်က ၀န်ချီစက် ပြုတ်ကျသဖြင့် လူရာကျော် သေဆုံးခဲ့သော်လည်း နောက်တစ်နေ့တွင် လူအမြောက်အမြားသည် ဂရန်းဗလီသို့ ၀တ်ပြုရန်အတွက် ပြန်လည်ရောက်လာ ကြသည်ဟု သိရသည်။ ၀န်ချီစက် ပြုတ်ကျခဲ့သဖြင့် ပျက်စီးခဲ့ရသည့် နေရာများကိုမူ ၀င်ရောက်ခွင့် တားမြစ်ထားဆဲဖြစ်သည်။
လူပေါင်းများစွာ သေဆုံးပြီး ဒဏ်ရာရရှိ သူ ၂၀၀ ကျော် ရှိခဲ့သော်လည်း ဂရန်းဗလီသို့ လာရောက်ကြသည့် ၀တ်ပြုသူများအနက် ၀မ်းနည်းကြေကွဲသူ အနည်းသာ ရှိသည်ကို တွေ့ရသည်။ ၀တ်ပြုသူအများစုမှာ ၀န်ချီစက်ပြုတ်ကျသည့် နေရာကို ဓာတ်ပုံများ ရိုက်ကြပြီးနောက် ၎င်းတို့၏ ၀တ်ပြုခြင်း လုပ်ငန်းစဉ်ကို ဆက်လက်ပြုလုပ် ခဲ့ကြသည်။ “ဘာသာရေး အချိန်တစ်ခုအတွင်း ဘာသာရေးမြေပေါ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီမတော်တဆမှုထဲမှာ ကျွန်တော်သေသွားဖို့ ဆုတောင်းမိပါတယ်” ဟု အီဂျစ်ဝတ်ပြုသူ တစ်ဦးဖြစ်သည့် မိုဟာမက်အီဘရာဟင်က ပြောကြားခဲ့သည်။
သေဆုံးသွားသူများအနက် အင်ဒိုနီးရှားနှင့် အိန္ဒိယတို့မှလာသော ၀တ်ပြုသူများပါဝင်ပြီး ဒဏ်ရာရသွား သူများထဲ၌ မလေးရှား၊ အီဂျစ်၊ အီရန်၊ တူရကီ၊ အာဖဂန်နှင့် ပါကစ္စတန် နိုင်ငံသားများ ပါဝင်ခဲ့ကြသည်။
ဆော်ဒီဘုရင် ဆယ်လ်မန်သည် ဒဏ်ရာရရှိသွားသူများ၏ ကျန်းမာရေး အခြေအနေကို ကြည့်ရှုရန် ဒေသတွင်း ဆေးရုံတစ်ခုသို့ သွားရောက်ခဲ့ပြီး သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်ဟု ဆော်ဒီနိုင်ငံပိုင် သတင်းဌာနတွင် ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့သော်လည်း ရက်အနည်းငယ်သာ လိုတော့သည့် နှစ်စဉ်ပြုလုပ်နေကျ ဟာဂျီဝတ်ပြုပွဲတော်ကို ဆက်လက်ပြုလုပ် သွားမည်ဟု သိရသည်။ ယမန်နှစ်က ဟာဂျီဝတ်ပြုပွဲတော်သို့ ကမ္ဘာတစ်ဝန်းမှ လာရောက်ကြသည့် မွတ်စလင်ပေါင်း နှစ်သန်းကျော်ရှိခဲ့သည်။
ဆော်ဒီရှိ ဘင်လာဒင်စီးပွားရေး လုပ်ငန်းစုထဲမှ အင်ဂျင်နီယာတစ်ဦးက ၀န်ချီစက်ပြုတ်ကျရခြင်း ဖြစ်စဉ်တွင် နည်းပညာဆိုင်ရာ အမှားမတွေ့ရဘဲ ယင်းဖြစ်ရပ်သည် ဘုရားရိုက်ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။
မက္ကာရှိ ဘာသာရေး ရဲချုပ်ဟောင်း ရှိတ်အာမက်အယ်ဂမ်ဒီကလည်း အဆိုပါ မတော်တဆမှုသည် ဘုရားသခင်၏ စမ်းသပ်မှုတစ်ခု ဖြစ်သည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ဖြစ်ခဲ့တဲ့ အရာတွေကို လက်ခံရမယ်” ဟု ဂမ်ဒီက ပြောကြားလျက် စုံစမ်းမှုများကို ပြုလုပ်ကြရန် တောင်းဆိုခဲ့သည်။
ယခုဖြစ်ရပ်ဆိုးသည် မက္ကာဝတ်ပြုသူများအပေါ် ပထမဆုံးအကြိမ် ရိုက်ခတ်မှု မဟုတ်ပေ။ ပြီးခဲ့သည့် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ဆော်ဒီရှိ မက္ကာနှင့် မီနာမြို့များ၌ ဟာဂျီဝတ်ပြုကာလ ၀န်းကျင်အတွင်း ဖြစ်ပွားခဲ့သည့် ထင်ရှားသော မတော်တဆမှုများစွာ ရှိခဲ့ကြောင်း သိရသည်။
http://news-eleven.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။