နတ်ကွန်းဗုံးခွဲမှု သံသယ တရားခံအတွက် ထုတ်ထားသည့် ဆုငွေကို ထိုင်းရဲတပ်ဖွဲ့သိမ်းယူ

ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှု သံသယတရားခံအတွက် ထုတ်ပြန်ထားသည့် ဆုငွေကို မိမိတို့ကိုယ်ကို ချီးမြှင့်လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

ပြီးခဲ့သည့် လလယ်က ဘန်ကောက်မြို့တော်ရှိ နတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့နောက်တွင် ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ကိုးကားပြီး ဗုံးပါသည်ဟု ယူဆရသည့် ကျောပိုးအိတ်ကို နတ်ကွန်းအနီး လာချသွားသူ တစ်ဦး၏ ပုံကြမ်းကို ထုတ်ပြန်ကာ ထိုင်းဘတ်ငွေ ၃ သန်းမျှ ဆုကြေး ထုတ်ပြန်ခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့သည် ယခုအခါ သံသယရှိသူ တစ်ဦးကို ထိန်းသိမ်းထားပြီး ဆုငွေကိုလည်း ရဲအရာရှိများထံပင် ခွဲဝေပေးသွားမည်ဟု ရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ် ပွမ်ပန်မောင်းက ပြောကြားခဲ့သည်။ ယင်းသည် ရဲများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်ကို အကောင်းဆုံး စွမ်းဆောင်နိုင်မှုအပေါ် ချီးမြှင့်ခြင်းဟုလည်း ဆိုသည်။
သို့သော်လည်း အဆိုပါ ဆုံးဖြတ်ချက်အပေါ် ထိုင်းနိုင်ငံသားများက လူမှုကွန်ရက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အရည်အသွေး ညံ့ဖျင်းမှု၊ အကျင့်ပျက် ခြစားမှုများ ရှိနေကြောင်း ဝေဖန်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုလုပ်ရပ်သည် အဓိပ္ပါယ် လုံးဝမရှိကြောင်း ပြစ်တင်မှုများလည်း ထွက်ပေါ်လာသည်။ 
ထိုင်းနိုင်ငံသား အများအပြားက ရဲတပ်ဖွဲ့ အနေဖြင့် မည်သူမည်ဝါဖြစ်ကြောင်း၊ မည်သည့်နိုင်ငံသားဖြစ်ကြောင်း တိတိကျကျ ပြဆိုခြင်း မရှိသည့် မသင်္ကာသူ တစ်ဦးကို ဖမ်းဆီးထားရုံမျှဖြင့် ဗုံးဖောက်ခွဲမှုကို ဖြေရှင်းပြီး ဖြစ်သည် ဆိုသည်မှာ လက်ခံနိုင်စရာ မရှိကြောင်း ယူဆနေသည်။ ထို့အပြင် ယခုဖမ်းဆီးထားသူသည် ဗုံးခွဲမှုကို အဓိက ကျူးလွန်သူ ဟုတ်မဟုတ်၊ ၎င်းတွင် အမှန်တကယ် အပြစ်ရှိမရှိ ဆိုသည်မှာလည်း ဝိဝါဒများစွာ ကွဲပြားနေဆဲ ဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့သည် ဩဂုတ် ၁၇ ရက် ဗုံးခွဲမှု၏ ကြံရာပါဟု ယူဆရသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကိုလည်း လိုက်လံရှာဖွေနေသည်။
ဆွမ်ယွတ်ကမူ ဗုံးဖောက်ခွဲမှု တရားခံကို စွမ်းစွမ်းတမံ ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည့်အတွက် အဆိုပါ ဆုငွေကို ရဲတပ်ဖွဲ့ဝင်များ ခံစားထိုက်ကြောင်း အခိုင်အမာ ဆိုသည်။ “ဒါဟာ ရဲအရာရှိတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်လို့ ကျွန်တော် ယုံကြည်တယ်။ သူတို့ရဲ့ စစ်မှန်တဲ့ ထောက်လှမ်းရေး စွမ်းရည်တွေကြောင့်လည်း အခုလိုမျိုး တရားခံကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာပါ။ ဒါကြောင့် အလုပ်ကို အကောင်းဆုံး လုပ်ခဲ့တဲ့ ရဲအရာရှိတွေဟာ ဆုကြေးကို ခံစားထိုက်ပါတယ်”ဟု ၎င်းက ဩဂုတ် ၃၁ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
၎င်းက သံသယ တရားခံကို ဖမ်းဆီးရာတွင် ရဲများ စုံစမ်းမေးမြန်းခဲ့သည့် ပြည်သူများ အနေဖြင့် ဆုငွေကို ရရှိထိုက်သည် ဆိုသော ဝေဖန်မှုများကိုလည်း ငြင်းဆန်ပယ်ချခဲ့ပြီး ရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုနှင့် လုပ်ငန်းကျွမ်းကျင်မှုတို့ကြောင့်သာ ခြေရာခံ ဖမ်းဆီးမှု ပြုလုပ်နိုင်ခဲ့ခြင်းဟု တုံ့ပြန်သွားသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။