နေလိုလလို ဘုန်းတောက်ခဲ့သော ဦးပညာသီဟီဟ

ဖက်ဆစ်ဂျပန်တော်လှန်ရေးလုပ်ငန်းကို တစ်ရွာဝင်တစ်ရွာထွက် လူတစ်ဦးဘဲရရ အခက်အခဲကြားမှ သက်စွန့်ကြိုးပမ်းနေရစဉ် ဗမာ့ကာကွယ်ရေးတပ်မတော်မှ စစ်ဗိုလ်တစ်ယောက် ရခိုင်ပြည် စစ်တွေခရိုင်သို့ ပေါ်ပေါက်ခဲ့သည်။ သူ့အား ရန်ကုန်စစ်ဌာနချုပ်မှ တာဝန်ပေးသည့်အတိုင်း စစ်တွေခရိုင်ရှိ ဆရာဝန်ဟူသမျှကို အတင်းခေါ်ယူတော့သည်။ စစ်တွေခရိုင်ရှိ အုပ်ချုပ်ရေးမှူးနှင့်တကွ ဦးပညာသီဟနှင့် ကျနော်တို့က စစ်တွေခရိုင်ရှိ ဆရာဝန်များကို မခေါ်ရန်ပြောသော်လည်း လုံးဝလက်မခံချေ။

စစ်တွေခရိုင်သည် အိန္ဒိယနှင့် နီးကပ်သဖြင့် အိန္ဒိယဆရာဝန်များ၏ စားကျက်ဖြစ်သည်။ အိန္ဒိယဆရာဝန်များ၏ငွေအိတ်လည်းဖြစ်သည်။ ဒုတိယကမ္ဘာစစ်မီးလောင်ကျွမ်းသောအခါ အိန္ဒိယမှဆရာဝန်များအားလုံး အိန္ဒိယသို့ ပြန်ပြေးသွားရာစစ်တွေခရိုင်တွင် ဆရာဝန်မလုံလောက်တော့ပေ။ ဆရာဝန်မလုံလောက်သော စစ်တွေခရိုင်မှ ရှိသမျှဆရာဝန်များကို ဗမာ့ကာကွယ်ရေးတပ်မတော်တွင်း တာဝန်ထမ်းရန် ခေါ်သွားလျှင် လူဦးရေတစ်သန်းမျှရှိသော စစ်တွေခရိုင်သူ၊ ခရိုင်သားများမုချဒုက္ခကြီးကြုံရတော့မည်။ ယင်းကြောင့် ဆရာဝန်များကို ခေါ်ယူနေသော ဗိုလ်နှင့်အတူ ဆရာဝန်များနှင့် ဦးပညာသီဟရော၊ ကျနော်ပါ၊ ရန်ကုန်သို့လိုက်သွားရသည်။ ရခိုင်ဆရာဝန်များရော၊ ဦးပညာသီဟနှင့်ကျနော်ပါ ရန်ကုန်ဗဟန်းရှိ ဓည၀တီကျောင်းတိုက်တွင် တည်းခိုကြသည်။ ရန်ကုန်သို့ရောက်လျှင် ဦးပညာသီဟနှင့် ဗိုလ်ချုပ်အောင်ဆန်းတိုက်ရိုက်တွေ့ဆုံရေးအတွက်ဗမာ့ကာကွယ်ရေးတပ်မတော် စစ်ဌာနချုပ်ရုံးသို့ ကျနော်သွားပြီးလေ့လာတော့သည်။ သဘောထားပြည့်ဝသော ဆရာကြီးဦးဘိုးကွန်း (ထိုစဉ်က ဗိုလ်မှူးတာဝန်ထမ်းဆောင်ခဲ့သည်။ နောင်ပြည်သူ့ရဲဘော်အချုပ်၏ ဥက္ကဋ္ဌနှင့်သံအမတ်ကြီး စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သော ကွယ်လွန်သူ ဦးဘိုးကွန်းဖြစ်သည်)နှင့် ကျနော်ဆက်သွယ်မိတော့သည်။ ဤသို့ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးပညာသီဟ တိုက်ရိုက်တွေ့ဆုံနိုင်ရန် စီစဉ်ရင်း၊ သခင်မြ၊ သခင်သန်းထွန်းနှင့် ဗိုလ်ရန်အောင်တို့ထံလည်း ကျနော်သွားသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေး မြေအောက်ခေါင်းဆောင်သခင်စိုးကိုလည်း တွေ့လိုတွေ့ငြား ကျနော်လိုက်ရှာသည်။

အခါခပ်သိမ်း ပြည်သူ့ဘက်တွင် ရဲရဲတောက်ရပ်တည်သောသစ္စာ၊ သမာဓိ၊ ပညာလည်းရှိသော သခင်ကိုယ်တော်မှိုင်းသည်ဖက်ဆစ်ဂျပန်တော်လှန်ရေးလုပ်ရပ်များကို ပြောပြလေတော့သည်။ သခင်မြ(လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ပြည်ထဲရေးဝန်ကြီးနှင့် ဆိုရှယ်လစ်ပါတီဌာနချုပ်ဥက္ကဋ္ဌ) နှင့် သခင်မြအိမ်တွင် အမြဲတွေ့ရသော သခင်ခင်အောင် (သခင်မြ၏တူအရင်းဖြစ်သည်။ ပြည်သူတိုးတက်ရေးပါတီဌာနချုပ်ဥက္ကဋ္ဌ) သခင်သန်းထွန်း (ဗကပဌာနချုပ်ဥက္ကဋ္ဌ)နှင့် ဗိုလ်ရန်အောင်တို့ထံမှလည်း နိုင်ငံရေးရာများ၊ စစ်မက်ရေးရာများကို သိရသည်။ ကျနော်လည်း သူတို့အား ရခိုင်ပြည်အခြေအနေကို တင်ပြလေသည်။ အိန္ဒိယရှိဦးသိန်းဖေမြင့်နှင့် ဆက်သွယ်ရေး ရရှိခြင်းတို့ကိုလည်း သူတို့အား ကျနော်တင်ပြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးပညာသီဟတွေ့ဆုံဆွေးနွေးနိုင်သောရက်ချိန်းရခဲ့ပြီ၊ ရခိုင်ဆရာဝန်များပြန်ရရေးနှင့်ဆေးပစ္စည်းများရရေးအတွက် မည်သို့သော အချက်အလက်များ တင်ပြအပ်သည်ကို ဦးပညာသီဟနှင့်ကျနော် ဆွေးနွေးကြတော့သည်။ ရခိုင်ဆရာဝန်များနှင့် ဆွေးနွေးကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆွေးနွေးမည့်နေ့တွင် ဦးပညာသီဟနှင့်အတူ ကျနော်လိုက်ပါသွား၏။ ဗိုလ်မှူးဘိုးကွန်းအခန်းသို့ ကျနော်ဝင်သွားသည်။ ဗိုလ်ချုပ်နှင့်တွေ့ရန် ဦးပညာသီဟ ဗိုလ်ချုပ်အခန်းသို့တက်သွားသည်။ ဗိုလ်မှူးkဘိုးကွန်းနှင့် ကျနော်စကားပြောရင်း ဦးပညာသီဟကို ခုန်နေသောနှလုံးဖြင့် စောင့်ဆိုင်းနေရသည်။နှစ်နာရီခန့်ကြာပြီးမှ ဦးပညာသီဟသည် ဗိုလ်မှူးဘိုးကွန်းအခန်းရှိ ကျနော်အား ဟစ်ခေါ်သည်။ ဦးပညာသီဟ၏မျက်နှာပြုံးရွှင်လျက်ရှိသည်။

 အောင်မြင်ခဲ့ပြီဟု ကျနော်နားလည်သွား၏။ ဓည၀တီကျောင်းတိုက်ထိ သွား၍ ဆွမ်းစားရန်အချိန်မရှိ ပြီ ဖြစ်ရကား၊ လမ်းဘေးထမင်းဆိုင်တွင် ဦးပညာသီဟလည်း ဆွမ်းစား၊ ကျနော်လည်း ထမင်းစားတော့သည်။ ဆွမ်းစားရင်း ဦးပညာသီဟက ဗိုလ်ချုပ်အောင်ဆန်းနှင့်အကြိတ် အနယ်ပြောခဲ့သော အချက်များကို အားပါးတရ ပြောသည်။ ဆရာဝန်များကိုလည်း ရခဲ့ပြီ၊ ဗိုလ်ချုပ်သည် စကားပြောသန်မာသလောက် စိတ်သဘောထားပြည့်ဝသူဖြစ်ကြောင်းကို ဦးပညာသီဟသတ္တုချခါ စကားပြောဆုံးတော့၏။ ချိုပြုံးနေသောမျက်နှာဖြင့် မြင်းလှည်းနှင့်ပြန်လာကြသော ဦးပညာသီဟနှင့်ကျနော်တို့ကို ရခိုင်ဆရာဝန်များ ဝိုင်းဝန်းကြိုဆိုကြတော့၏။ ဆရာဝန်များနှင့် ဆေးပညာများယူပြီး ရခိုင်ပြည်သို့ ပြန်ရတော့မည်ဆိုသော စကားများကို ဦးပညာသီဟ ရင်ဖွင့်လိုက်ရာ အသက်အရွယ်ရပြီဖြစ်သော ရခိုင်ဆရာဝန်များ မြူးတူးကခုန်ကြတော့၏။

ဆရာဝန်များ၏ငွေအိတ်ပွင့်သွားပြီ။ မည်သို့ဖြစ်မည်၊ မည်သည့်ဌာနသို့ သွားရမည်ဟု မသိသဖြင့် ချွေချွေတာတာ ခြစ်ခြစ်ခြုတ်ခြုတ် သုံးစွဲနေကြသောဆရာဝန်များသည် ငွေကို ဒလဟောသုံးစွဲတော့၏။ ရန်ကုန်သို့ရောက်သည့်နေ့ကပင် ဓည၀တီကျောင်းတိုက် မိမ္မဇရပ်မှ နွားမြီး၊ နွားရိုးဟင်းသက်သက်ဖြင့် စားနေခဲ့ရသော ကျွန်တော်တို့မှာ ငွေအိတ်ပွင့်သွားသောဆရာဝန်များထံမှ တရုတ်ပျော်ပွဲစားရုံများတွင် အရပ်တမြမြနှင့် ထမင်းကောင်း၊ ဟင်းကောင်းများ စားရလေတော့သည်။

ရခိုင်ဆရာဝန်များနှင့် ဂျပန်ခေတ်တွင် အလွန်ရှားပါးသော နိုင်ငံခြားဆေးပညာများကို သေတ္တာလိုက်သယ်ယူခဲ့ရသော သာယာသောအပြုံးပိုင်ရှင် ဦးပညာသီဟအား ရခိုင်ပြည်သူပြည်သားများ နှစ်ထောင်းအားရစွာ ကြိုဆိုကြသည်။ ဦးပညာသီဟ၏ကောင်းသောကျော်ဇောမှုသည် ရခိုင်တစ်ပြည်လုံးတွင် ပျံ့နှံ့သွားလေသည်။ ကျော်ဇောပြီး နိုင်ငံရေးဩဇာကြီးမားလျက်ရှိသော ဦးပညာသီဟအား မြေယာပြုပြင်ရေးလုပ်ရန် ကျနော်နှိုးဆော်တော့၏။ ဦးပညာသီဟနှင့် ကျွန်နော်မှာ ဇာမီဒါမြေရှင်စနစ်ဆိုးကို ခါးခါးသီးသီးမုန်းတီးရွံရှာသူများ ဖြစ်ရာ မြေယာပြုပြင်ရေးလုပ်ရန် ဦးပညာသီဟက လွယ်ကူစွာသဘောတူ၏။

ဦးပညာသီဟနှင့် ကျနော်တို့လုပ်ခဲ့သော မြေယာပြုပြင်ရေးသည် အခြားတိုင်းပြည်များတွင် လုပ်ခဲ့သောမြေယာတော်လှန်ရေးနှင့် ထပ်တူဖြစ်ချင်မှဖြစ်မည်။ ကျနော်တို့၏မြေယာပြုပြင်ရေးမှာ အင်္ဂလိပ်ငွေစက္ကူများဖြင့် ပေါင်နှံခဲ့သောလယ်ယာမြေများကို ဖောဖောသီသီနှင့် ပေါချင်တိုင်း ပေါနေသော ဂျပန်ငွေစက္ကူများဖြင့် အင်္ဂလိပ်ငွေစက္ကူတစ်ကျပ် ဂျပန်ငွေတစ်ကျပ်စီ ရာနှုန်းတန်ဘိုးထားပြီး ဦးရဲကျော်သူကုမ္ပဏီနှင့် ဦးရွှေသာကုမ္ပဏီတို့ထံမှ ရွေးယူခွင့်ပြုစေခဲ့ခြင်းပင်ဖြစ်သည်။

နာယကဆရာတော် ဦးပညာသီဟဆိုပြီး ဦးပညာသီဟ၏တံဆိပ်တုံးလက်မှတ် ပြုလုပ်ထားခါ အတွင်းရေးမှူးအဖြစ် ကျနော်ရှိလျှင်ကျနော်လက်မှတ်ရေးထိုးပြီး ကျနော်ရုံးတွင်မရှိလျှင် ဦးစောသာအောင် (ရလကဥက္ကဋ္ဌဖြစ်သည်၊ စစ်တွေလမ်းမကြီး မြို့မေတ္တာဓါတ်ပုံတိုက်ပိုင်ဖြစ်သည်) ဖြစ်စေ ဦးအောင်ဘန်း (ယခု စစ်တွေမြို့နယ် သမဝါယမ ရုံးစာရေးကြီး) ဖြစ်စေ တစ်ဦးဦး လက်မှတ်ရေးထိုးပြီး ကုမ္ပဏီပိုင်ရှင်၊ မြေပိုင်ရှင်ကြီးများ၏ လယ်ယာမြေများကို လယ်လုပ်သော လယ်သမားများ လက်ထဲသို့ရောက်စေခြင်းပင် ဖြစ်သည်။

ဤသို့ဖြင့် ဦးပညာသီဟသည် ရခိုင်တောင်သူလယ်သမားများ၏ အချစ်တော်ဖြစ်ခါ နေလိုလလို ဦးပညာသီဟ ဘုန်းတောက်ခဲ့သည်။ ဂျပန်လွတ်လပ်ရေးပေးထားသည်ဆိုသော မြန်မာနိုင်ငံကို တသွေးတသံ၊ တမိန့်အုပ်ချုပ်ရေးစနစ်ဖြင့် ဒေါက်တာဘမော်က အဓိပတိအဖြစ် ခံယူပြီး ခရိုင်မြို့နယ်အုပ်ချုပ်ရေးများ ရှိသကဲ့သို့ စစ်တွေခရိုင်တွင်လည်း ရှိခဲ့သည်။ ဦးပညာသီဟနှင့် ကျနော်တို့မှာ ခရိုင်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် အခြားမည်သည့်အဖွဲ့အစည်းတွင်မျှ ပါဝင်ကြသူများ မဟုတ်ကြ၊ သို့သော် ဦးပညာသီဟ၏ နိုင်ငံရေးဩဇာ၊ စစ်ရေးဩဇာကို အသုံးပြုပြီး ဖော်ပြပါမြေယာပြုပြင်ရေးကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

___ဝန်ခံချက်။ ။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ - ၁၅ ရက်နေ့၊ ပထမအကြိမ်ထုတ် ဘုံပေါက်သာကျော်ရေးသားသော "တော်လှန်ရေးခရီးဝယ် (၁)" တွင်ပါဝင်သော "နေလိုလလို ဘုန်းတောက်ခဲ့သော ဦးပညာသီဟီဟ" ကဏ္ဍကို "ကျောက်ဖြူလူငယ်များ မီဒီယာ" အဖွဲ့သားများမှ ပြန်လည်ကူးယူဖော်ပြပါသည်။  
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။