ဘုံပေါက်သာကျော်ပြောပြတဲ့ ဆရာတော်ဦးစိန္တာ


ဆရာတော်ဦးစိန္တာ
ဆရာတော်ဦးစိန္တာ

ကျနော်မှ ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် နေ့မအား ညမအား လှုံ့ဆော်စည်းရုံးနေရခြင်း၊ ဖက်ဆစ်ဆန့်ကျင်ရေးအင်အားစုများကို နေသားတကျ ဖွဲ့စည်းခြင်း၊ အိန္ဒိယရှိ ဦးသိန်းဖေမြင့်ထံသို့လည်းကောင်း၊ ရန်ကုန်သို့လည်းကောင်း၊ ပေါင်းကူးတံတားအဖြစ် ကျနော်ဆက်သွယ်ပေးရခြင်း၊ ဖက်ဆစ်နှိပ်စက်ညှင်းဆဲမှုဖြင့် အသက်သေသွားသည့်တိုင် ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဖော်ဆောင်မလုပ်မည့် လက်ရွေးစင်သံမဏိများကို ရွေးချယ်စေလွှတ်ရခြင်း၊ အခါခါကျနော်ကိုယ်တိုင်ရန်ကုန်သို့ သွားလာနေရခြင်း စသောမရေမတွက်နိုင်သည့် လုပ်ငန်းဆောင်တာများကြောင့် ဗြိတိသျှတိုက်ဖျက်ရေး၊ မြေအောက်တော်လှန်ရေးလုပ်ငန်းဖြင့် ပုသိမ်မြို့ ဆရာကြီး ဦးရွှေကျော်ထံ သွားစဉ်ကတစ်ကြိမ်သာ ဦးစိန္တာအား ကျနော်တွေ့ခဲ့ရသည်။

ဦးစိန္တာသည် ပြဿနာဟူသမျှကို နက်နက်နဲနဲ တွေးယူတတ်သည်။ ဆွေးနွေးပွဲများဖြင့် မည်သို့ဖြစ်ပါစေ၊ ဦးစိန္တာ၏ပြုံးသောမျက်နှာနှင့် အေးဆေးသာယာသော အသံကိုသာ ကြားရတတ်သည်။ အပြောအဆို၊ အမူအရာ၊ နူးညံ့သိမ်မွေ့သော ဦးစိန္တာသည် သဘောတရားရေးရာကို နက်နက်နဲနဲတွေးမြင်တတ်ခြင်းကြောင့် သူ၏ဆုံးဖြတ်ချက်ကို မည်သို့သော အခက်အခဲများ၊ အသက်အန္တရာယ်များဖြင့် ကြုံကြိုက်စေကာမူ အလွယ်တကူ စွန့်လွှတ်ခြင်း မရှိတော့ပေ။

ဗြိတိသျှနယ်ချဲ့စနစ်တိုက်ဖျက်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲတွင် မြေအောက်တော်လှန်ရေးအဖွဲ့၏ နာယကဆရာတော်ဦးစိန္တာသည် မြေပုံမြို့နယ်၊ အမ်းမြို့နယ်တို့တွင် တော်လှန်ရေးလုပ်ငန်းများကို ကာယကံမြောက်လုပ်ကိုင်နေခဲ့သည်။ တောင်ကုတ်မှစစ်ကြောင်းချီလာသော ဗိုလ်ရန်အောင်တို့နှင့်ပေါင်းပြီး ဗိုလ်ရန်အောင်ထားခဲ့သော ဗမာ့လွတ်လပ်ရေးတပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခါ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးနှင့် ယင်းခရိုင်တွင်းရှိ မြို့နယ်အသီးသီးအုပ်ချုပ်ရေးများကို ကြောဖိရင်ဖိ ပါဝင်ဆောင်ရွက်ခဲ့သည်။

ဗိုလ်ရန်အောင်နှင့် ဗမာ့လွတ်လပ်ရေးတပ်မတော်များ ရန်ကုန်ဌာနချုပ်သို့ ဆုတ်ခွာသွားသည်နှင့်တစ်ပြိုင်နက် မကြာမှီဦးစိန္တာအား ဖက်ဆစ်ဂျပန်များ ဖမ်းဆီးလေတော့၏။ (ကျနော် ဦးသိန်းဖေမြင့်ပေးသောစာဖြင့် ဗိုလ်လက်ျာထံသွားနေခိုက်တွင်ဦးစိန္တာဖက်ဆစ်ဂျပန်များ၏ ဘမ်းဆီးခြင်းခံနေရသည်) ဖက်ဆစ်ဂျပန်များ၏ အကြောင်းပြချက်မှာ မြေပုံမြို့နယ် ရက်ချောင်းကုလားရွာတွင် ဖြစ်ခဲ့သော ကုလား-ရခိုင်လူမျိုးရေးအဓိကရုဏ်းသည် ဦးစိန္တာကြောင့်ဖြစ်ခဲ့ခြင်း၊ နာမည်ကြီး ဓားပြဗိုလ်မောင်သာဦးကို ဦးစိန္တာမွေးထားခြင်း စသောအကြောင်းပြချက်များ၊ မဟုတ်မဟပ်စွပ်စွဲချက်များဖြင့် ဖက်ဆစ်ဂျပန်များ ဖမ်းဆီးခဲ့သည်။ ဖက်ဆစ်ဂျပန်များသည် ဖမ်းထားသူများအား အရှင်လတ်လတ် လက်သည်းခွာသည်။

လက်ထိပ်များကို အပ်ဖျားများဖြင့်ထိုးသည်။ ချည်နှောင်ထားပြီး နှာခေါင်းတွင်းသို့ ရေလောင်းသွင်းသည်။ ချည်နှောင်ထားသူများ၏ ဝမ်းဗိုက်တွင် ကြွက်အရှင်ကို အုပ်ဆောင်းထဲထားပြီး ဝမ်းဘိုက်ကို ကြွက်တွင်းတူးစေသည်။ ဤသို့ လူမဆန်စွာ ရက်စက်ကြမ်းကြုတ်သည့် ဂျပန်ဖက်ဆစ်သည် ဖက်ဆစ်ဝါဒအတိုင်း ဘမ်းသည်ဆိုလျှင်ပင် ဦးစိန္တာအား လူမဆန်စွာညှင်းဆဲလေတော့၏။ ဆရာတော်ဦးပညာသီဟနှင့်တကွ ဆရာတော်ဦးစိန္တာ၏တပည့်များ ကြိုးစားမှုကြောင့် ဆရာတော်ဦးစိန္တာ မသေမပျောက်ဘဲ လွတ်လာခဲ့သည်။

ယင်းကြောင့်ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို လုပ်ကိုင်ဆောင်ရွက်သော်လည်း မိမိ၏ခြေကို မိမိထိန်းထားခါ ယုံကြည်ရသော တပည့်ရင်း ဦးငအောင်ချေ (မြေပုံမြို့နယ် ကြာအင်းတောင် ကျေးရွာသားဖြစ်သည်)တို့မှတစ်ဆင့် ဆရာတော်ဦးပညာသီဟနှင့် ကျနော်အား အဆက်အသွယ် ပြုလေတော့သည်။

___ဝန်ခံချက်။ ။ ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ - ၁၅ ရက်နေ့၊ ပထမအကြိမ်ထုတ် ဘုံပေါက်သာကျော်ရေးသားသော "တော်လှန်ရေးခရီးဝယ် (၁)" တွင်ပါဝင်သော "ဆရာတော်ဦးစိန္တာ" ကဏ္ဍကို "ကျောက်ဖြူလူငယ်များ မီဒီယာ" အဖွဲ့သားများမှ ပြန်လည်ကူးယူဖော်ပြပါသည်။  
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။