Photo - NY Times
စက်တင်ဘာ ၁၄ ရက် မနက်ခင်းမှာ အာမက် မိုဟာမက်တစ်ယောက် တက်ကြွ ရွှင်လန်းနေပါတယ်။ အသက် ၁၄ နှစ်အရွယ် ချာတိတ်လေးဟာ ကိုယ်တိုင် တီထွင်ထားတဲ့ ဒီဂျစ်တယ် နာရီလေးကို သူ့ရဲ့ ဆရာမ ရှေ့မှောက်မှာ ဂုဏ်ယူဝံ့ကြွားစွာ ပြသဖို့ အရမ်းကို စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ်၊ အာဗင်းမှာ နေထိုင်ပြီး အင်ဂျင်နီယာတစ်ယောက် ဖြစ်လာဖို့ စိတ်ကူးယဉ်နေတဲ့ မွတ်ဆလင် ချာတိတ်လေးအတွက် ကျောင်းရောက်သွားချိန်မှာ စိတ်ကူးနဲ့ လက်တွေ့ အများကြီး ခြားနားသွားပါတယ်။ ခဲတံထည့်တဲ့ဘူးလေးကို အခြေခံပြီး ဖန်တီးထားတဲ့ နာရီလေးဟာ သူ့အတွက် ဂုဏ်ယူစရာ ဖြစ်မလာဘဲ ရဲတွေကို ဖိတ်ခေါ်လိုက်တဲ့ အချက်ပြ ကိရိယာ တစ်ခုအဖြစ် ပြောင်းလဲသွားတာကြောင့်ပါ။
အာမက်ရဲ့ ဆရာမက သူတီထွင်လာတဲ့ ပစ္စည်းလေးကို ဗုံးတစ်လုံးအဖြစ် အထင်မှားသွားပြီး ရဲတွေဆီ အကြောင်းကြားလိုက်ပါတယ်။ ရဲတွေက ချက်ချင်းရောက်လာပြီး အာမက်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ကြတယ်။ နောက်တော့မှ ချာတိတ်လေး တီထွင်ထားတာဟာ နာရီလေးတစ်လုံးသာဖြစ်ကြောင်း ဖော်ထုတ် သိရှိလာကြပါတယ်။
“ကျွန်တော်က ဆရာမ အထင်ကြီးမလားလို့ နာရီလေးတစ်လုံး တည်ဆောက်ကြည့်ခဲ့တာပါ။ တကယ်တမ်းကျတော့ အဲဒါလေးကို ပြလိုက်ချိန်မှာ ဆရာမက သူ့ကို ခြိမ်းခြောက်တယ်လို့ ထင်သွားတယ်လေ”လို့ အာမက်က စိတ်မကောင်းစွာနဲ့ ဆိုပါတယ်။ စက်တင်ဘာ ၁၆ ရက်မှာ မီဒီယာတွေနဲ့တွေ့ဆုံရာမှာ ချာတိတ်လေးက “ကျွန်တော် ဝမ်းနည်းမိပါတယ်။ ဆရာမက တစ်မျိုးထင်သွားတယ်လေ”လို့လည်း ခပ်ညည်းညည်းလေး ဖွင့်ဟပါတယ်။
အာမက်ဟာ သူ့ကို ရဲတွေ လာဖမ်းသွားချိန်မှာ ဝတ်ထားတဲ့ NASA စာတန်းနဲ့ တီရှပ်လေးနဲ့ပဲ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျောင်းဝင်းထဲကနေ လက်ထိပ်ခတ်ပြီး ခေါ်ထုတ်သွားတဲ့အတွက် အာမက်ဟာ စိတ်ရှုပ်ထွေးပြီး တုန်လှုပ်နေပုံ ရပါတယ်။ “သူတို့က ကျွန်တော့်ကို ဖမ်းသွားပြီး ပြောတာက ကျွန်တော်ဟာ ဗုံးအတုတစ်လုံး လုပ်ပြီးတော့ လူတွေကို ခြောက်လှန့်နေတယ် ဆိုတာပါပဲ”လို့လည်း သူက ရှင်းပြပါတယ်။
အာဗင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဂျိမ်းစ် မက္ကလယ်လန်ကတော့ “ကျွန်တော်တို့က ကောင်လေးကို လိုအပ်တာလေးတွေ ခေါ်မေးတာပါ။ သူက အဲဒီကတည်းက နာရီတစ်လုံး တည်ဆောက်ထားတာလို့ပဲ တွင်တွင် ပြောနေခဲ့ပါတယ်”လို့ ဆိုတယ်။ စက်တင်ဘာ ၁၆ ရက်မှာတော့ ရဲတွေက အာမက်ကို ခေတ္တ ခေါ်ယူမေးမြန်းတာသာ ဖြစ်ပြီး ဘာစွဲချက်မှ မတင်ခဲ့ဘူးလို့ ဖြေရှင်းခဲ့ပါတယ်။
အာမက်ကတော့ ကိစ္စတွေ အေးအေးဆေးဆေး ပြီးသွားတာကိုပဲ ကျေနပ်နေပြီး ရဲတွေက သူ့ကို မှားယွင်းဖမ်းဆီးတဲ့အပေါ် ပြန်မတောင်းပန်တာကိုလည်း အပြစ်တင်မနေတော့ဘူးလို့ ဆိုပါတယ်။ သူ့ရဲ့ မိသားစုရှေ့နေ လင်ဒါ မိုရီနိုက ကောင်လေးကို ရှေ့နေတစ်ယောက်မှ မခေါ်ဘဲ ရဲတွေက တိုက်ရိုက် စစ်ဆေးခဲ့တာကို လက်ခံဖို့ခက်ကြောင်း မီဒီယာသမားတွေကို ပြောပါတယ်။ အာမက်ဟာ စက်တင်ဘာ ၁၇ ရက်ထိ ကျောင်းကနေ ခွင့်ရထားပါတယ်။ အခုတော့ သူက လက်ရှိကျောင်းမှာ ဆက်မတက်ဘဲ တခြားအထက်တန်းကျောင်း တစ်ကျောင်းကျောင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပြီလို့ ဖွင့်ဟခဲ့ပါတယ်။
အာမက်ရဲ့အဖေ မိုဟာမက် အယ်လ်ဟာဆန် မိုဟာမက်ကတော့ မွတ်ဆလင် တစ်ယောက်မို့လို့ သူ့ရဲ့သားကို အကြမ်းဖက်သမားအဖြစ် အလွယ်တကူ တံဆိပ်ကပ် ခံလိုက်ရတာ ဖြစ်နိုင်တယ်လို့ ဝေဖန်ပါတယ်။ “ကျွန်တော့်သား နာမည်မှာ မိုဟာမက်ဆိုတာ ပါနေတယ်။ လူတွေက မွတ်ဆလင်တွေကို အကြမ်းဖက်သမားတွေလို့ အလွယ်တကူ ရှုမြင်လိုက်ကြပုံပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ငြိမ်းချမ်းရေးကို လိုလားသူတွေပါ။ အဲဒီလို ခက်ထန်တဲ့ နည်းလမ်းနဲ့ ရှင်သန်နေသူတွေ မဟုတ်ပါဘူး”လို့ သူက ဆိုတယ်။
မိုဟာမက်က တကယ်ဆိုရင် သူ့သားလိုမျိုး ထိုးထွင်းဖန်တီးမှု ကောင်းမွန်တဲ့ လူငယ်လူရွယ်တွေကို အမေရိကန်က အလေးအနက် လိုအပ်တယ်လို့လည်း ပြောပါသေးတယ်။ “ကျွန်တော်တို့ဟာ အခွင့်အလမ်းကောင်းတွေ ရှင်သန်ကြီးထွားအောင် လမ်းဖွင့်ထားတဲ့ နိုင်ငံမှာ နေထိုင်ကြတာပါ။ ဒါပေမဲ့ ကျွန်တော့်သားကို အခုလို ဆက်ဆံခဲ့တဲ့ လူတွေကတော့ ဒီအတိုင်း မြင်ပုံ မရပါဘူး။ ကျွန်တော့်သားက အရမ်းဉာဏ်ကောင်းပါတယ်။ အမေရိကန်ဟာ ဒီလို လူငယ်လူရွယ်တွေကို လိုအပ်ပါတယ်”လို့လည်း မိုဟာမက်က မှတ်ချက်ပေးခဲ့ပါတယ်။
အာမက်ကို ရဲတွေက မှားယွင်းဖမ်းဆီးပြီး ခေါ်ယူစစ်ဆေးမှုသတင်း ပျံ့နှံ့သွားတဲ့နောက် အမေရိကန် သမ္မတ ဘာရတ်အိုဘားမား ကိုယ်တိုင်က ကောင်လေးဘက်က ရပ်တည်ပြီး သူ့ရဲ့ တီထွင်မှု စိတ်ကူးစိတ်သန်းကို ချီးကျူးခဲ့ပါတယ်။ “တကယ်မိုက်တဲ့ နာရီလေးပဲ အာမက်ရေ။ အိမ်ဖြူတော်ကို ယူလာပြီး မပြချင်ဘူးလား။ မင်းလိုမျိုး သိပ္ပံပညာကို စိတ်ဝင်စားတဲ့ လူငယ်လူရွယ်လေးတွေကို ငါတို့ အလေးထားသင့်ပါတယ်။ ဒါဟာ အမေရိကန်ကို ခမ်းနားစေတယ်လေ”လို့ အိုဘားမားက Twitterမှာ ရေးသားခဲ့ပါတယ်။ တစ်နည်းအားဖြင့်တော့ အာမက်ကို အိမ်ဖြူတော်ဆီ အလည်လာဖို့ ဖိတ်ခေါ်လိုက်တာပါပဲ။
သမ္မတကြီးက နောက်လမှာ ကျင်းပမယ့် နှစ်ပတ်လည် နက္ခတ်ဗေဒ ညချမ်း အစီအစဉ်အတွက် အာမက်ကို ဖိတ်ကြားသွားဖို့ စီစဉ်နေကြောင်း အိမ်ဖြူတော်ရဲ့ ပြန်ကြားရေး တာဝန်ခံ ဂျော့ရှ်အားနက်စ်က ပြောပါတယ်။ အာမက်ကလည်း အိမ်ဖြူတော်ကို အရောက်သွားမယ်လို့ တက်တက်ကြွကြွ ဆိုတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ သမ္မတလောင်း ဟီလာရီ ကလင်တန်ကလည်း ထင်ယောင်ထင်မှား ဖြစ်မှုတွေက လူသားတွေကို လုံခြုံမှု မပေးနိုင်ကြောင်းနဲ့ ဒီဆယ်ကျော်သက် လူငယ်လေး အနေနဲ့ သူ့ရဲ့ တီထွင်မှုတွေကို ဆက်ပြီး အကောင်အထည် ဖော်နေသင့်ကြောင်း Twitterကနေ တိုက်တွန်းခဲ့ပါတယ်။ “သူ့နာမည် အာမက် မိုဟာမက် ဖြစ်နေတာကို ဘယ်လို အကြောင်းနဲ့မှ မေးခွန်း မထုတ်သင့်ပါဘူး။ သူဟာ စိတ်လှုပ်ရှား တက်ကြွနေတဲ့ လူငယ်လေး တစ်ယောက်ပါ။ သူ့ရဲ့ ထိုးထွင်း ဖန်တီးမှုကို ကျောင်းက ဆရာတွေနဲ့ ဝေမျှချင်တာပဲ တွေးခဲ့တာပါ”လို့ အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီက အေလီယာ ဆာလမ်က ပြောပါတယ်။
Facebook ဝက်ဘ်ဆိုက်ကို ထူထောင်သူ မာ့ခ်ဇူကာဘက်ကလည်း သူ့ရဲ့ Facebook စာမျက်နှာကနေတစ်ဆင့် အာမက်ကို ထောက်ခံ ချီးကျူးခဲ့ပါတယ်။ “တကယ်တော့ ရည်မှန်းချက်ထားပြီး ဖန်တီးတည်ဆောက်ထားတဲ့ အရာတစ်ခုခုကို ချီးကျူး လက်ခုပ်တီးသင့်တာပါ။ ဖမ်းဆီးသင့်တာ မဟုတ်ဘူး။ အနာဂတ်ဟာ အာမက်လို လူငယ်လေးတွေနဲ့ ဆက်စပ်နေပါတယ်။ အာမက်ရေ။ Facebook ရုံးချုပ်ကို လာလည်ချင်မလားပဲ။ ငါလည်း မင်းကို တွေ့ချင်တယ်။ မင်းရဲ့ တီထွင်မှုတွေကို ဆက်လုပ်ပါ”လို့ ဇူကာဘက်က ရေးသားထားခဲ့ပါတယ်။ အမေရိကန်ရဲ့ နယ်ပယ်အသီးသီးက ထင်ရှားကျော်ကြားသူ မြောက်မြားစွာကလည်း အာမက်ကို ချီးကျူးကြ၊ ထောက်ခံကြ၊ ဂုဏ်ပြုခဲ့ကြတယ်။
စိတ်ပျက်စရာ ကာလတွေကို ကျော်လွန်ပြီး နှစ်သိမ့် အားပေးမှုတွေကို အာမက်တစ်ယောက် ထွေးပွေ့ ရရှိနေပေမယ့် သူ့ရဲ့ ကျောင်းကတော့ ကံမကောင်းပါဘူး။ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေကနေ ဝေဖန်မှုတွေ အများကြီး ကြုံနေရပါတယ်။ မက်အာသာ အထက်တန်းကျောင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကတော့ နောက်ပိုင်းမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ကျောင်းအနေနဲ့ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း၊ ကျောင်းသားတွေရဲ့ စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ လိုအပ်တဲ့အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖြေရှင်းထားပါတယ်။
အာမက်ရဲ့ဖခင် မိုဟာမက်ကတော့ သူ့သားကို အဲဒီကျောင်းမှာ ပြန်မထားချင်တော့ပါဘူး။ သူ့နာမည်ဟာ ကျောင်းမှာ လှောင်ပြောင်စရာ ဖြစ်လာမှာကို မလိုလားဘူးလို့ မိုဟာမက်က ဆိုပါတယ်။ ဒါပေမဲ့ အမေရိကန် နိုင်ငံတစ်ဝန်းက သူ့သားအပေါ် စာနာထောက်ခံတဲ့ သတင်းစကားတွေ ပေးပို့လာတာကိုတော့ မိုဟာမက်က ကျေနပ်နေပါတယ်။
“ဒါဟာ သူ့အတွက် မျှော်လင့်ချက်တွေ ပေးစွမ်းခဲ့ပါတယ်။ အခုတော့ ကျွန်တော့်သားက အရာရာကို အကောင်းမြင် ရှုထောင့်ကပဲ သုံးသပ်ဖို့ စဉ်းစားထားပါတယ်။ သူ့အကြောင်း သတင်းတွေကို နားထောင်နေတယ်။ လူမှုကွန်ရက် ဝက်ဘ်ဆိုက်တွေမှာ လူတွေက သူနဲ့ပတ်သက်လို့ ပေးထားတဲ့ မှတ်ချက်တွေကို လိုက်ဖတ်ကြည့်နေတယ်။ သူ့အသက်အရွယ်နဲ့ ဒီအခြေအနေကို ဖြတ်သန်းခဲ့ရတာဟာ လွန်ပါတယ်။ ဒါပေမဲ့ ရေရှည်မှာတော့ သူ့အတွက် အကောင်းဘက်က သက်ရောက်လိမ့်မယ် ထင်ပါတယ်။ သားကိုယ်တိုင်က သူဟာ အမြင်လွဲမှားမှုရဲ့ သားကောင် ဖြစ်ခဲ့တယ် ဆိုတာမျိုး ပြဆိုချင်မှာ မဟုတ်ပါဘူး”လို့ မိုဟာမက်က မှတ်ချက်ပေးသွားခဲ့ပါတယ်။
http://www.7daydaily.com/
0 comments:
Post a Comment
မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။