နှစ် ၂၀၀၀ ကျော် သက်တမ်းရှိ ဘုရားကျောင်းကြီးကို အိုင်အက်စ်တို့ ဖျက်ဆီးလိုက်ကြောင်း ကုလသမဂ္ဂ အတည်ပြု

ဆီးရီးယားရှိ ပယ်လ်မိုင်ရာ မြို့ဟောင်းမှ နှစ်ပေါင်း ၂၀၀၀ ခန့် သက်တမ်းရှိသည့် ဘုရားကျောင်းကြီး တစ်ခုကို အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက ဗုံးခွဲဖျက်ဆီးလိုက်ကြောင်း သတင်းများကို ကုလသမဂ္ဂက အတည်ပြုလိုက်ပြီ ဖြစ်သည်။

ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ ပယ်လ်မိုင်ရာမှာ ဘဲလ်ဘုရားကျောင်းကြီးမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားပြီဟု သိရှိရသည်။ အိုင်အက်စ်တို့သည် ဆီးရီးယား တပ်များကို ယခုနှစ်အတွင်း ပယ်လ်မိုင်ရာမှ တိုက်ထုတ်ကာ ရှေးဟောင်းယဉ်ကျေးမှု ပညာရပ်အရ အဖိုးမဖြတ်နိုင်သည့် အဆိုပါ နယ်မြေကို ထိန်းချုပ်ထားလိုက်သည်။
ပယ်လ်မိုင်ရာ မြို့တော်ဟောင်းသည် ကုလသမဂ္ဂ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ဂရိနှင့် ရောမ ရှေးယဉ်ကျေးမှု လက်ရာများ ကြွယ်ဝစွာ ကြွင်းကျန်နေဆဲ ဖြစ်သည်။ ဘဲလ်ဘုရားကျောင်းကြီးသည် ပယ်လ်မိုင်ရာရှိ ရှေးဟောင်း အထင်ကရ အဆောက်အအုံများအနက် တစ်ခုဖြစ်သည်။
သို့သော်လည်း ကုလသမဂ္ဂက အသစ်ထုတ်ပြန်လိုက်သည့် ဂြိုဟ်တု ဓာတ်ပုံများအရ တစ်ချိန်က ဘဲလ်ဘုရားကျောင်း တည်ရှိခဲ့သည့် နေရာတွင် မည်သည့် အဆောက်အအုံမျှ မရှိတော့ဘဲ ရှင်းလင်းနေသည်ကို တွေ့ရသည်။ “စိတ်မကောင်းစွာနဲ့ပဲ ပြောနိုင်တာကတော့ ဘဲလ်ဘုရားကျောင်း အဓိက အဆောက်အအုံကြီးက ဖျက်ဆီးခံလိုက်ရပြီလို့ ဒီဓာတ်ပုံတွေက သက်သေခံနေပါတယ်”ဟု ကုလသမဂ္ဂ၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ ပညာရှင် တစ်ဦးဖြစ်သော အိုင်နာ ဂျော်ဂိုက ပြောကြားခဲ့သည်။ ဘုရားကျောင်းအနီးရှိ တိုင်လုံးကြီးများကိုလည်း အိုင်အက်စ်တို့က ဖျက်ဆီးခဲ့ဟန် ရှိကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။
ဩဂုတ် ၃၁ ရက်တွင် ဆီးရီးယား ရှေးဟောင်းပစ္စည်းနှင့် ပြတိုက်များဌာန အကြီးအကဲ မာမွန် အက်ဘ်ဒူကလ်ကာရင်မ်က ဘဲလ်ဘုရားကျောင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားခဲ့သော်လည်း အဓိက အစိတ်အပိုင်း အများစုသည် ခြေရာလက်ရာမပျက် ရှိနေဆဲဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သေးသည်။ သို့သော်လည်း အိုင်အက်စ်တို့သည် ဘုရားကျောင်းကြီးကို ဖျက်ဆီးလိုက်ပြီဟု ကုလသမဂ္ဂက ထုတ်ပြန်သည့် ဓာတ်ပုံများက ညွှန်ပြလျက် ရှိသည်။
အိုင်အက်စ်တို့သည် ပြီးခဲ့သည့် သီတင်းပတ် အတွင်းကလည်း ပယ်လ်မိုင်ရာ မြို့ဟောင်းရှိ နှစ်ပေါင်း ၂၀၀၀ မျှ သက်တမ်းရှိသည့် ဘယ်လ်ရှာမင် ဘုရားကျောင်းကြီးကိုလည်း ဗုံးခွဲ ဖြိုချခဲ့ပြီးဖြစ်ကြောင်း ဆီးရီးယား အစိုးရက အတည်ပြုထားသည်။ 
ယခုနောက်ဆုံး ဖျက်ဆီးခံရသည့် ဘဲလ်ဘုရားကျောင်းသည် ရှေးခေတ် ပယ်လ်မိုင်ရာ မြို့တော်သားတို့ ကိုးကွယ်သည့် နတ်ဘုရား အများအပြားကို ဂုဏ်ပြု တည်ဆောက်ထားခြင်းဖြစ်ပြီး မြို့တော်ဟောင်းတွင် ကျန်ရှိသည့် အဆောက်အအုံများအနက် အပျက်အစီး အနည်းဆုံး တစ်ခုလည်း ဖြစ်သည်။ 
ပယ်လ်မိုင်ရာ မြို့တော်ဟောင်းသည် တစ်ချိန်က ဆီးရီးယား၏ အဓိက ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနယ်မြေ တစ်ခုလည်း ဖြစ်ခဲ့ပြီး ပြည်တွင်းစစ် ပဋိပက္ခများ မစတင်မီက တစ်နှစ်လျှင် ကမ္ဘာလှည့် ခရီးသည် အရေအတွက် တစ်သိန်းခွဲမျှ ပယ်လ်မိုင်ရာသို့ လာရောက်လေ့ရှိကြောင်းလည်း သိရှိရသည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။