ချီလီရှိ ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့ရာ ဒေသတွင် ရှင်းလင်းမှုများ စတင်

ချီလီနိုင်ငံရှိ အင်အားပြင်း ငလျင်တစ်ခု နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်သည့်ဒဏ်ကို ခံခဲ့ရသည့် ကမ်းခြေမြို့လေးတွင် အပျက်အစီးများကို စတင်ရှင်းလင်းနေပြီဟု သိရသည်။

စက်တင်ဘာ ၁၇ ရက်က ချီလီတွင် ဆန်တီယေဂို မြို့တော်၏ ကမ်းလွန် ပင်လယ်ပြင်ကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၈.၃ အဆင့်ရှိ အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့ပြီး ဆိပ်ကမ်းမြို့ ကိုကွင်မ်ဘိုသို့ ၁၅ ပေ အမြင့်ရှိ ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်ခဲ့သည်။
ကြိုတင် သတိပေးမှုများအရ ကမ်းခြေ ဧရိယာများမှ လူအများ ဘေးလွတ်ရာ တိမ်းရှောင်ထားနိုင်ခဲ့သည့်တိုင် မြို့ထဲတွင်မူ အကြီးအကျယ် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်ထိ ငလျင်ကြောင့် သေဆုံးသူ ၁၁ ဦးရှိခဲ့ပြီး လူ ၁သန်းကျော်ကို ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၈ ရက်တွင် ငလျင်နောက်ဆက်တွဲ မြေလွှာတုန်ခါမှုများ ဆက်လက် ဖြစ်ပေါ်နေသော်လည်း ကိုကွင်မ်ဘိုတွင် ရှင်းလင်းရေး လုပ်ငန်းများ အစပြုနေပြီ ဖြစ်သည်။ လမ်းများပေါ်တွင် ငါးဖမ်းလှေကြီးများ လာတင်နေသလို ဆူနာမီရေလှိုင်း ရိုက်ခတ်မှု အရှိန်ကြောင့် အောက်ခြေမှ ကျွတ်ထွက်လာသည့် အိမ်များနှင့် အခြားသော အပျက်အစီးများကိုလည်း တွေ့နိုင်သည်။ သို့သော်လည်း ဒေသခံ အချို့က ပျက်စီးဆုံးရှုံးမှု ပမာဏသည် မျှော်လင့်ထားသလောက် ဖြစ်မလာ၍ စိတ်သက်သာရာ ရမိကြောင်း ဝန်ခံခဲ့ကြသည်။
ကိုကွင်မ်ဘိုမြို့နှင့် အနီးတဝိုက် ဧရိယာများကို အစိုးရက အရေးပေါ် အခြေအနေ သတ်မှတ် ကြေညာထားလိုက်သည်။ အကျိုးဆက် အနေဖြင့် အဆိုပါ ဒေသများတွင် အစိုးရက အထူးအာဏာကုန် အသုံးပြုခွင့် ရှိလာပြီး ထောက်ပံ့ရေး ပစ္စည်းများ အလျင်အမြန် တင်ပို့နိုင်ရန် အားထည့် လုပ်ဆောင်နေသလို စစ်သည်များကို စေလွှတ်ကာ လုံခြုံရေးအတွက် တာဝန်ချထားလိုက်သည်။ သဘာဝ ဘေးဆိုးကြီး နောက်ဆက်တွဲအဖြစ် တရားမဲ့ အပြုအမူများနှင့် လုယက်မှုများ ဖြစ်မလာစေရန် အဆိုပါ ဒေသ၏ လုံခြုံရေးကို တိုးမြှင့်ထားလိုက်ခြင်း ဖြစ်သည်။
“ကျွန်မတို့မှာတော့ ရှိသမျှ အားလုံး ကုန်ပါပြီ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ အခြေအနေပါပဲ။ မြို့ထဲက ဘယ်လိုဘယ်ပုံ ထွက်လာမိတယ် ဆိုတာတောင် မသိတော့ဘူး”ဟု ကြက်ခြေနီ အဖွဲ့က ဖွင့်လှစ်ထားသည့ ကယ်ဆယ်ရေး စခန်းသို့ ရောက်လာသည့် အသက် ၇၉ နှစ်အရွယ် ဟီလ်ဒါဇမ်ဘရာက ပြောကြားခဲ့သည်။ သူမ၏ နေအိမ်သည် ကိုကွင်မ်ဘို မြောက်ပိုင်း ၂၅ မိုင်မျှ အကွာရှိ ကမ်းခြေမြို့ တွန်ဂွိုင်တွင် ရှိနေပြီး လှိုင်းများ ရိုက်ခတ်မှုကြောင့် လုံးဝ ပျက်စီးသွားသည်။
“မြို့ထဲမှာ မှောင်မည်းနေတာပဲ။ လူစိမ်းတွေ လိုက်လာတဲ့ ပစ်ကပ် ထရပ်ကား တစ်စီးပေါ်ကို ကျွန်မ တက်လိုက်လာတာပါ။ နောက်တော့ ဒီရောက်လာတာပဲ”ဟုလည်း သူမက ဖွင့်ဟခဲ့သည်။ အစိုးရ၏ နောက်ဆုံးထုတ်ပြန်ထားသော ကြေညာချက်အရ ငလျင်နှင့် ဆူနာမီ ရေလှိုင်းများကြောင့် အိမ်ခြေ ၁၈၀ နီးပါး ပျက်စီးခဲ့ပြီး နေအိမ်ပေါင်း ၈၈၀၀၀ နီးပါးမျှ လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။
ချီလီနိုင်ငံသည် ရေအောက်မီးတောင် ရပ်ဝန်းဇုန်နှင့် ဆက်စပ်တည်ရှိပြီး အားကောင်းသည့် ငလျင်ကြီးများ လှုပ်ခတ်မှုနှင့် ကြုံရလေ့ ရှိသည်။ ၂၀၁၄ ခုနှစ်က ရစ်ခ်ျတာစကေး ၈.၂ အဆင့်ရှိ ငလျင်ကြီးတစ်ခု နိုင်ငံမြောက်ပိုင်း အစ်ကီကွီမြို့ကို ဦးတည် လှုပ်ခတ်ခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်က ရစ်ခ်ျတာစကေး ၈.၈ အဆင့်ရှိ ငလျင်ကြီးတစ်ခုကြောင့် ဆူနာမီ ရေလှိုင်းများပါ ဖြစ်ပေါ်ပြီး လူပေါင်း ၅၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။ 
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။