ကမ်းပြိုမှုဖြစ်ပေါ်နေသော မောင်တောမြို့နယ်မြောက်ပိုင်း မင်းကြီးကျေးရွာမှာ နေအိမ်ပြောင်းဆောက်ရန် နေရာမရှိသဖြင့် တစ်ရွာလုံး ပြောင်းရွှေ့ရမည့်အနေအထား ဖြစ်နေ


ကမ်းပြိုမှုကြောင့် နေအိမ်ခြံဝင်းများ ရေထဲပြိုဆင်းမှုကို ခံနေရသည့် မင်းကြီးရွာ
ပြူးမချောင်း ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုကို ခံစားနေရသည့် မောင်တောမြို့နယ်ေ မြောက်ပိုင်းမှ မင်းကြီးကျေးရွာမှာ နေအိမ်ပြောင်းဆောက်ရန် နေရာမရှိတော့သဖြင့် တစ်ရွာလုံးပြောင်းရွှေ့ရမည့် အနေအထားဖြစ်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြူးမချောင်းသည် မေယုတောင်တန်းမှ စီးဆင်းလာသည့် ချောင်းတစ်ခုဖြစ်ကာ ချောင်းကမ်းနံဘေးတွင် တည်ရှိသော မင်းကြီးကျေးရွာသည် ကမ်းပြိုမှုကို နှစ်စဉ်ကြုံတွေ့နေရပြီး ကိုမန်မုန်တိုင်း တိုက်ခတ်ချိန်တွင် ပြူးမချောင်းရေပြည့်လာသဖြင့် ရွာတစ်ခုလုံး ရေနစ်မြုပ်ခဲ့ကာ ပေ ၃၀ ခန့် ကမ်းပြိုသွားခဲ့သည့်အတွက် နေအိမ်များ ရွှေ့ပြောင်းခဲ့ရပြီး၊ ရွှေ့ပြောင်းရန်အတွက် မြေမရှိတော့သဖြင့် တောင်ပေါ်တက်နေကြရကြောင်း သိရသည်။

“ ကျွန်တော်တို့ရွာက နှစ်စဉ် ကမ်းပြို တယ်။ တစ်နှစ်ကို ကမ်းက ပေ ၂၀ လောက် ပြိုတယ်။ ဒီနှစ်မှာ တစ်ရွာလုံး ရေနစ်ခဲ့ပြီး အားလုံးတောင်ပေါ်တက်ပြေးကြရတယ်။ အိမ်မှာ မွေးထားတဲ့ ၀က်တို့၊ ကြက်တို့ ရေနဲ့မျောပါသွားကြတယ်။ နေအိမ်တွေကို အချိန်မီ ဖြိုဖျက်နိုင်လို့သာ လူတွေအန္တရာယ် မဖြစ်တာပါ။ အခုဆိုရင် ရွာသားတွေက ပြောင်းစရာနေရာ မရှိတော့လို့တောင်ပေါ်မှာ တက်နေကြရပါပြီ။ အခုလည်း ပင်လယ်ရေတက်ရင်လည်း ကမ်းပြိုသလို တောင်ကျရေကြောင့်လည်း ကမ်းပြိုနေဆဲဖြစ်ပါတယ်”ဟု မင်းကြီးကျေးရွာမှ ဦးအောင်ကျော်သိန်းက ပြောကြားသည်။

ထို့အပြင် နှစ်နှစ်တာကာလအတွင်း နေအိမ် နှစ်ဆယ်ခန့် ရေထဲပါသွားခဲ့ပြီး ကျေးရွာအတွင်း နေအိမ်ဆောက်လုပ်ရန် နေရာမရှိတော့သဖြင့် တခြားကျေးရွာများသို့ ပြောင်းရွှေ့သွားကြသူများရှိကြောင်း သိရသည်။

“ ကျွန်မတို့ရွာက သွားလာရလည်း ခက်ခဲတယ်။ ကြိမ်ချောင်း-တောင်ပြိုလမ်းက သုံးမိုင်လောက် ခြေလျင်လာရတယ်။ ပြီးမှ ၀က်ကျိန်းဘုရားကို ရောက်တယ်။ ပြီးမှချောင်းကို ကူးပြီးလာရသေးတယ်။ ဒါကြောင့် သက်ဆိုင်ရာ လူကြီးတွေလည်း မလာကြဘူး။ ကျွန်မတို့ရဲ့ အခက်အခဲကို တင်ပြမယ့်သူလည်း မရှိဘူး။ အခုဆိုရင် တော်တော်လည်း ဒုက္ခဖြစ်နေကြရတယ်။ ကျွန်မတို့ရွာက ကမ်းပြိုရင်း နဲ့ ရွာတစ်ရွာလုံး ပါသွားတော့မယ့် အနေအထားဖြစ်နေပါတယ်။ တချို့အိမ်ထောင်စုတွေ တခြားရွာတွေကို ပြောင်းသွားနေကြပါတယ်။ ဒီလိုပဲ ဆက်လက် ကမ်းပြိုနေတာကြောင့် တစ်ရွာလုံးပြောင်းရမယ့် အနေအထားဖြစ်နေပါတယ်။ အခု ဒီနှစ်ကမ်းပြိုလို့ နေအိမ်ခြံဝင်းတွေ ပါသွားသူတွေဆိုရင် ရွာကအကူအညီနဲ့ နေအိမ်ဆောက်လုပ်နေကြတာပါ။ ဘယ်ကမှ အကူအညီမရပါဘူး”ဟု မင်းကြီးရွာမှ ဒေါ်နွယ်နီအောင်က ပြောကြားသည်။

မင်းကြီးကျေးရွာအား ၁၉၅၃ ခုနှစ်တွင် တည်ခဲ့ပြီး ကမ်းပြိုမှုကြောင့် ရွာနေရာအား ပြောင်းရွှေ့ခဲ့ရပြီးဖြစ်ကြောင်း သိရသည်။


Writer:
သားရွှေဦး (ကစ္ဆပ)
Local
http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။