ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြားများကိစ္စ သံသယရှိသူ ၆ ဦးကို ဖမ်းဆီးစစ်ဆေး

စိတ်ကြွဆေးဝါး, မူးယစ်ဆေးဝါး, မင်္ဂလာဒုံ
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းနှင့် မြောက်ဒဂုံမြို့နယ်တို့တွင် တွေ့ရှိခဲ့သည့် စိတ်ကြွဆေးပြား ၂၈ သန်းကျော်နှင့် ဆက်စပ်နေသည်ဟု သံသယရှိသူ ၆ ဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ (CCDAC) မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်သိန်းက “သံသယရှိတဲ့သူတွေကို ခေါ်ပြီး စစ်ဆေးနေတာ။ ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာတော့ နာမည်တွေ ထုတ်မပြောနိုင်သေးဘူး။ တချို့လည်း မမိသေးဘူး။ လောလောဆယ်မှာ မူးယစ်ဆေးဝါး ကိစ္စမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ ၆ ယောက်ကို ထိန်းသိမ်း စစ်ဆေးနေတာ။ ဒီလူတွေက တရားခံပြေး ကြေညာထားတဲ့ ၁၂ ဦးထဲကတော့ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုတပတ်ထုတ် ပြည်တွင်းဂျာနယ် တစောင်၌ အဆိုပါ မူးယစ်ဆေးဝါးများ ပိုင်ရှင်သည် တရုတ် – မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုမှ ပိုင်ဆိုင်ပြီး မန္တလေးမြို့နေ တရုတ်လူမျိုးတဦး အပါအဝင် ၃ ဦးကို ဖမ်းဆီးထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်ဟု ရေးသားဖော်ပြထားသည်။
သို့သော် CCDAC မှ ရဲမှူးကြီးမြင့်သိန်းက “တိုင်းရင်းသားအဖွဲ့ ပိုင်၊ မပိုင် ဆိုတာလောက်အထိကို ကျနော်တို့ မဖော်ထုတ်နိုင်သေးပါဘူး။ အတည်ပြုချက်လည်း မပေးနိုင်ဘူး။ သူတို့ ဘယ်လိုရလို့ ရေးတယ် ဆိုတာတော့ ကျနော်တို့ မပြောတတ်ဘူး။ ဖြစ်စဉ်အမှန် ပေါ်ဖို့အတွက် စုံစမ်းစစ်ဆေးနေတုန်းပဲ” ဟု ရှင်းပြသည်။
လတ်တလောတွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရရှိမှုနှင့် ပတ်သက်နေသည့် ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ဝင်းလှိုင်၊ ကျော်အေးလှိုင်၊ ကျော်လှိုင်၊ လှမောင်၊ မောင်ဝင်း၊ စိုးရှင်း (ခ) အားရှင်၊ ရန်ရှောက်ဟွာ၊ မြတ်နှင်းအေး၊ သန်းမြင့်၊ နှင်းအေးငြိမ်း၊ သန်းရွှေ စုစုပေါင်း ၁၂ ဦးကို တရားခံပြေးများ အဖြစ် ကြေညာထားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် ထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရုံးထံမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက မင်္ဂလာဒုံ စက်မှုဇုန် နယ်မြေအတွင်း၌ ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား ၂၆ ဒသမ ၇ သန်း (တန်ဖိုးငွေ ကျပ် ၁၃၃ ဒသမ ၅ ဘီလီယံ) တင်ဆောင်ထားသည့် ကားတစီးကို နယ်မြေခံ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီးနောက် ကားပိုင်ရှင်အား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးရာတွင် ကုလားတန်မြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည့်ကား ဖြစ်နေကြောင်း တွေ့ရှိခဲ့သည်။
ထို့ကြောင့် အဆိုပါ ရုံးချုပ်၊ ကုမ္ပဏီရုံးခွဲနှင့် ၎င်းတို့၏ နေအိမ်များကို ဩဂုတ် ၃ ရက်တွင် ရှာဖွေစစ်ဆေးရာတွင် ၎င်းတို့သည် နေအိမ်နှင့် ရုံးများကို သော့ပိတ် ထွက်ပြေး တိမ်းရှောင်သွားကြောင်း၊ ရုံးချုပ် အခန်းအတွင်းမှ ဆာလာအိတ် ၅ အိတ်ဖြင့် ထည့်ထားသော စိတ်ကြွဆေးပြား ၁ ဒသမ ၅ သန်း (တန်ဖိုးငွေ ၇ ဒသမ ၅ ဘီလီယံ) ကို ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။