မြန်မာ့လွတ်လပ်ရေး ဗိသုကာ၏ ဆရာ့ဆရာ

ခင်မောင်စော (ဘာလင်)


စက်တင်ဘာလသို့ရောက်ပြန်ပြီ။ ယခုနှစ်ဆိုလျှင် ၇၆ ကြိမ်မြောက် ဆရာတာ်ဦးဥတ္တမနေ့ ကျင်းပကြ တော့မည်ဖြစ်သည်။ ဆရာတော်ဦးဥတ္တမကျေးဇူးကိုမမေ့ဘဲ နှစ်စဉ် ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်အ ပေါင်းက ကျင်းပကြသည်။

"၁၂၄၇ ခုနှစ်မှာတည် တန်ဆောင်မုန်းလဆုတ် ၈ ရက်နေ့ ကိုတော့ မမေ့နိုင်ပါသည်။ ယနေ့ တိုင်ပါ အ တည်။ ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင်များက ကြေကွဲကြလို့ ရေနည်းငါးပုံအညီ။ သြော် သီပေါရာဇာ ပါတော်မူရှာပြီ"။ စစ်ကြိုခေတ်က ဆရာရွှေတိုင်ညွန့်  ရေးစပ်ပြီး အဆိုတော်ကြီး ဒေါ်စိန်ပါတီသီဆိုသွား ခဲ့သည့်  အထက်ပါ သီချင်းအတိုင်းပင် မြန်မာတနိုင်ငံလုံးမှာ ကျွန်ဖြစ်ခဲ့ရပါသည်။

၁၈၈၆ခုနှစ် ဇန္န၀ါရီလ ၁ ရက်နေ့ တွင် အိန္ဒိယဘုရင်ခံချုပ် လော့ဒပ်ဖ်ရင် (Lord Dufferin) က မြန်မာမင်း ပိုင်နက်အားလုံးကို ဗြိတိသျှ အိန္ဒိယအင်ပါယာ (British Indian Empire) အတွင်း သွတ်သွင်းလိုက်ကြောင်း ကြေညာလိုက်သဖြင့် မြန်မာတို့ မှာ ကျွန်ဘ၀မှ သဘောက်ဘ၀သို့  ကျဆင်းရပြန်သည်။

ရတနာပုံခေတ် သာသနာပိုင် ဆီးဘန်နီ ဆရာတော်ဘုရားကြီးက "သုဉ်းသုံးဝဖြင့်၊ သုညခေတ်ဝယ် လူဖြစ်ရလေ၊ တို့ တတွေသည်၊ သေသော်မှတည့်၊ သြော်ကောင်း၏" ဟု ပြတ်သားစွာ စာဆိုခဲ့သည်။

အချုပ်တန်း ဆရာဖေကလည်း "မြန်မာတွေ စည်းကမ်းဖောက်လို ၊့ ထီးနန်းပျောက်ခဲ့ပြီ၊ ညစ်ပလီလူမျိုး၊ ဂွကောင်တွေ ခွေးဖြစ်တော့ဗျိုး---- ပျာတာစာသင်တောင်ဦးချရ၊ ကုလားမြင် သူ့ အမေ -ိုးတော့မလို" ဟု မြန်မာတွေ အင်္ဂလိပ် ကုလားဖြူသာမက၊ ကုလားနက်တို့ ကိုပင် ကြောက်နေရပုံကို ရင်နာနာဖြင့် စာဖွဲ့ခဲ့ပါသည်။

ကုလားကို ကြောက်စရာစကားအဖြစ်ထားကာ ကလေးများဆိုးနေလျှင် "ပျာတာလာပြီ တိတ်တိတ်။ ပျာတာလာပြီ အိပ်အိပ်" ဟုတမျိုး "ကုလားကြီးလာပြီ။ ဖမ်းသွားလိမ့်မယ်။ အိမ်ထဲဝင်တော့"ဟု တဖုံ ဆိုလေ့ရှိသည်။ ခြောက်လေ့ရှိသည်။

မှန်ပါသည်။ ထိုစဉ်က မြန်မာများ ကုလားကို အကြောက်ကြီး ကြောက်နေကြပါသည်။ ဇာတ်ခုံပေါ်မှ ဇာတ်မင်းသား တစ်ဦးကလည်း "ဂါတ်တဲလေးပေါ်မှာနော်ဗျာ။ ကျနော်ဟာ အငယ်ဆုံးပါဘဲ။ ပန်ချာပီ ပုလိပ်ကြီးတွေ ၀ိုင်းပါလို့ ။ကြောက်အားလန့် အားပို။ ငိုယိုကာ ရှိခိုးတောင်းပန်ပါသော်လဲ။ လက်ထိပ်က ခတ်ထားဆဲ" ဟု အမူပိုပိုနှင့် သီဆိုပြခဲ့ပါသည်။

မျက်နှာဖြူမဟုတ်သော ဘောင်းဘီဝတ် ပညာဝန်ထောက်တဦး ဆရာကြီး ဦးဝန် (မင်းသုဝဏ်) ငယ်စဉ်က နေခဲ့သည့် ဘုန်းကြီးကျောင်းအတွင်း နောက်ပိတ်ဖိနပ်ကြီး မချွတ်ဘဲ ၀င်လာရာ ကျောင်းသူ ကျောင်းသား တစ်ရာကျော်က ထိုကုလားမဲ ပညာရေးဝန်ထောက်ကို ပဌမ၊ ဒုတိယ၊ တတိယ၊ တကြိမ်၊ နှစ်ကြိမ်၊ သုံး ကြိမ်မြောက်အောင် ထိခြင်းကြီး ငါးပါးဖြင့် ဖူးမြော်မာန်လျှော့ ကန်တော့ခဲ့ရပါကြောင်း ဆရာကြီး ဦးဝန်က ၁၉၆၂ ခုနှစ်တွင် ရေးသော ၎င်း၏ "သာဓုခေါ်၍ အမျှဝေပါ၏" ဆောင်းပါးတွင် ၀န်ခံထားခဲ့ပါသည်။

မြန်မာတို့  ကုလားမဲကိုပင် ဤမျှ ကြောက်နေရသော ခေတ်၌ မြန်မာပြည်ရှိ မျက်နှာဖြူများ၏ အဓိပတိ မြန်မာပြည် ဘုရင်ခံမင်းကြီးကို မြန်မာပြည်မှ မောင်းထုတ်ရဲသော သတ္တိခဲတဦး ပေါ်ပေါက်လာပါတော့သည်။ ထိုသူသည်ကား ရခိုင်သား ဆရာတော် ဦးဥတ္တမပင်တည်း။ ဆရာတော်က "ခရက်ဒေါက်၊ မင်းမြန် မာပြည်က ထွက်သွားပေတော့"ဟု အဓိပ္ပါယ်ရသည့် ´Crackdock Get Out” ဆိုသည့်စကားကို ပြောခြင်းဖြင့် မြန်မာပြည်လွတ်လပ်ရေးကို ကြေညာပြလိုက်သည်။ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်ဘုရင်ခံကို မောင်းထုတ်ခြင်းမှာ လွတ်လပ်ရေး ကြေညာမှုတမျိုးပင်ဖြစ်သည်။

ထိုအချိန်က ဆရာတော်နှင့် ခေတ်ပြိုင် မြန်မာမျိုးချစ်ကြီးများ ဘာလုပ်နေခဲ့ကြသနည်း။ ပုဂ္ဂိုလ်ကြီးတဦးက “ရွှေဘုန်းတေဇာ၊ ဖြိုးဝေဖြာ၍" တို့ ဖြင့် အစချီသော ပဉ္စမမြောက် ဂျော့ဘုရင်နှင့် မေရီ မိဖုရားတို့ ၏ ဘုန်းတော်ဘွဲ့ ပိုဒ်စုံရတုကို သီကုံးခဲ့ပြီး ဆဌမတန်းသုံး ဒေါင်းတံဆိပ် မြန်မာဖတ်စာထဲတွင်ထည့်၍ ကျောင်းသားများကို သင်ကြားစေခဲ့သည်။ "ရှစ်စင်းစိုက်ထူ၊ ကျွန်းဇမ္ဗူ ဟု၊ ဟိန္ဒူစတန်၊ ဇေယျာဖန်သည့်၊ မြေမှန်ဗွေဟီ၊ မြို့ ဒေလီဝယ်၊ မေရီထိပ်ထား ၊ မိဖုရားနှင့် စုလျားညာနေ” တို့ ဖြင့်ဖွဲ့ ထားပြီး "ငါးတိုက်ဝဠာ၊ မိုးမည်ကို” ဖြင့် အဆုံးသတ်သော ရတုပိုဒ်စုံ ဖြစ်ပါ၏။

ဇာတ်မင်းသားကြီး တဦးကလည်း "ဂျော့ဘုရင်ရွှေဘုန်း၊ နေတလုံး ပမာတဆူ၊ သတ္တ၀ါကြည်ဖြူ၊ ထီးနန်း သရဖူ၊ အုပ်စိုးပိုင်ယူ၊ ဆရာစိန် တေးသီချင်း၊ ဘေးကင်းတော်မူ၊ ဂရိတ်ဗြိတိန်သာသာ ကြည်ကြည်ဝိုင်းလို့ ၊ ဘာလင်ဂျာမန်တိုင်းကို၊ မဆိုင်းဘဲအောင်တော်မူ” ဟု သီဆိုခဲ့ပါသည်။ ၎င်းပုဂ္ဂိုလ်ကြီးမှာ အင်္ဂလိပ်အစိုးရက ချီးမြှင့်သော TPS (Taingkyo Pyikyo Saung) တိုင်းကျိုးပြည်ကျိုးဆောင် ဘွဲ့ ရရှိခဲ့ပြီး၊ လွတ်လပ်ရေး ရပြီးသောအခါ၌ ၀ဏ္ဏကျော်ထင်ဘွဲ့  ထပ်ရပြန်ပါသည်။

စစ်တွေသား ဆရာတော် ဦးဥတ္တမက ဘုရင်ခံကိုမောင်းထုတ်၍ "ထောင်ဆု” ရနေခိုက် မြန်မာပညာရှိများ ကတော့ "အောင်ဆုသြဘာ၊ မင်္ဂလာဖြင့်၊ ဆယ်ဖြာလက်မြှောက်၊ ဆက်ခါလျှောက်ပိမ့်၊ ခိုင်ဆောက်အောင် လံ၊ ဂရိတ် ဗြိတန်နှင့်၊ နိုင်ငံ အိန္ဒိယ၊ အစိုးရသည့်၊ ဘ၀သခင်၊ ဂျော့ဘုရင်နှင့်၊ အရှင်မိဖုရား၊ မြတ်နှစ်ပါးတို့ ၊ တိုင်းကားစိုးစံ၊ ပြည်နိုင်ငံကို၊ ရန်မာန်ကင်းပြီး၊ ဘုန်းတော်ကြီး၍၊ သက်တော်ရှည်စွာ၊ ဆယ်ဖြာဓမ္မ၊ သင်္ဂ ဟနှင့်၊ နာယကဂုဏ်၊ ကိုယ်လုံးခြုံ၍၊ တိမ်မှုန်မသန်း၊ လပြည့်ဝန်းသို့ ၊ ရွှေနန်းပေါ်ထက်၊ နှစ်သက်မြတ်နိုး၊ ဥစ္စာစိုးသည်၊ တန်ခိုးနေသို့  ထွန်းစေသောဝ်´ ဟူသော မင်္ဂလာဧကပိုဒ် ရတုကို တောရောမြို့ ပါ နှုတ် တိုက်ကျက်မှတ်ခိုင်းပြီး စာသင်ကျောင်းတိုင်းတွင် ကျောင်းမတက်မီ သီဆိုကာ ဂုဏ်ပြုနေဆဲဖြစ်ပါ၏။

မစ္စတာ မောင်မှိုင်းကသာ ခွေးဋီကာ၊ ဒေါင်းဋီကာတို့ ဖြင့် အင်္ဂလိပ်များနှင့် “ဖလဖ” (ဖော်လံဖါး) တို့ ကို ကလိတတ်ပါ၏။

ဆရာတော်မှာမူ ပြောင်မြောက်လှသော ၀ံသာနုတရားများ၊ အဟိံသ၊ Non corporation ။ ကိုယ်ကျင့် တရား။ ခြိုးခြံရေး။ ညီညွတ်ရေး။ ပညာရေး။ သည်းခံရေး တို့ ကို အခြခံကာ ဟောသဖြင့် သွားလေရာတွင် ပြည်သူလူထုကြီးက မင်္ဂလာစည်တော်ရွမ်း၍ ကြိုဆိုသကဲ့သို့ ဗြိတိသျှ အာဏာပိုင်များကလည်း "လာပါ၊ လာပါ၊ ရှင်ဥတ္တမရဲ့၊ တကယ်စောင့်တဲ့ မောင်၊ မလွယ်ပေါက်နဲ့ ထောင်” လုပ်ကာ ထောင်တံခါးကြီး ဖွင့် ပြီး ကြိုဆိုခဲ့ပါသည်။

ဆရာတော်မှာ လွတ်လပ်ရေး တိုက်ပွဲဝင်ရင်း ထောင်ကျခံခဲ့ရသည်မှာလည်း မနည်းပါ။ အကျဉ်းသားဘ ၀နှင့် သင်္ကန်းချွတ်ခဲ့ရပြီး အကျဉ်းသားဝတ်စုံနှင့် အလုပ်ကြမ်း လုပ်နေရရှာသော ဆရာတော့်ဓါတ်ပုံများ ကိုလည်း တွေ့ဘူးပါသည်။ ပျံလွန်တော် မမူမီလည်း ဆင်းဆင်းရဲရဲနေခဲ့ရပြီး ဆင်းဆင်းရဲရဲဖြင့်ပင် ပျံ လွန်တော်မူ သွားခဲ့ရရှာပါသည်။

ဆရာတော် ပျံလွန်တော်မမူခင် ဆင်းဆင်းရဲရဲ နေခဲ့ရပုံအချို့ကို ကွယ်လွန်သူ စာရေးဆရာကြီး ရွှေဥဒေါင်း က ၎င်း၏ "ဘ၀တသက်တာ အတွေးအခေါ်များ" စာအုပ်တွင် ဖော်ပြထားပါသည်။ ဆရာတော်မှာ ဆီးချို ရောဂါ ဖိစီးနေရချိန်တွင် အချို့ဘုန်းကြီးများက ဆရာတော်ကို နိုင်ငံရေးဘုန်းကြီး ဆိုပြီး ၀ိုင်းပယ် ထားကြ ပုံ။ ဆရာတော်မှာ ပစ္စည်းလေးပါး တကာမရှိ၍ ဆင်းရဲစွာနေရပုံတို့ကို ရေးသားထားပါသည်။ သို့သော်လည်း ပညာရှိသတိဖြစ်ခဲဟု ဆိုရမည်လောမသိ။ ဆရာကြီး ရွှေဥဒေါင်းသည် ဆရာတော်ကို ၎င်းကပင့် ဖိတ်၍ ဆွမ်းကပ်သည့်အကြောင်းကို ရေးသားရာတွင် စေတနာသုံးတန်ဖြင့် လှူသော ၎င်း၏သဒ္ဓါစိတ်ကို ကြည်နူးစွာ ဖော်ပြရမည့်အစား ဆရာတော် စားနိုင်အားရှိပုံကို အသားပေးပြီး ရေးသားထားသဖြင့် ဆရာတော်ခမျာမှာ “လှူတာ အကုန်စားသော ဇူဇကာပုဏ္ဏား” အဖြစ်သို့ ရောက်သွားရရှာတော့သည်။

အကယ်စင်စစ်တွင် ဆရာတော်ကဲ့သို့ ဘက်စုံတော်၍ ထင်ရှားသူမှာ ရှာမှရှားပါသည်။ ဆရာတော်သည် ဘာသာစကား၆မျိုးခန့် ကိုကျွမ်းကျင်စွာပြောတတ်ပြီး၊ ဂျပန်တက္ကသိုလ်တခုတွင် ပါမောက္ခ အဖြစ် အမှု ထမ်းခဲ့ဘူးသည့်အပြင် အိန္ဒိယနိုင်ငံ ဟိန္ဒူ မဟာဆဗ္ဗ အသင်းကြီး၏ ဥက္ကဌ အဖြစ်ပင် ရွေးကောက် တင်မြောက်ခြင်းခံရသူဖြစ်ပါသည်။ ဤကဲ့သို့ ဘာသာခြား ဟိန္ဒူများကပင် ၎င်းတို့အသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းကလည်း ဆရာတော်၏အရည်အချင်းကို မီးမောင်းထိုးပြ လိုက်ခြင်းတမျိုးပါ။

ဆရာတော် ပျံလွန်တော်မူပြီးနောက် လွတ်လပ်ရေးရပြီးချိန်တွင် ဖဆပလအစိုးရသည် ရွှေတိဂုံဘုရား ခြေတော်ရင်းရှိ ကန်တော်မင် ပန်းခြံကို ဦးဥတ္တမ ပန်းခြံဟု ပြောင်းလဲ သတ်မှတ်ပေးရုံမှလွဲပြီး အခြား မည်သည့် ချီးမြှောက်ပူဇော်မှုမျှ မလုပ်ခဲ့ကြပါ။ အင်္ဂလိပ်ခေတ်က ဂျော့ဘုရင်၏ဘုန်းတော်ဘွဲ့ကို ဇာတ် ကလေရာတိုင်းတွင် သီဆိုခဲ့သည့် ဇာတ်ဆရာကြီး ဂရိတ် ဦးဖိုးစိန်ကိုတော့ ၀ဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခဲ့ကြပါသည်။ ဆရာတော်ကဲ့သို့ နိုင်ငံခြား တက္ကသိုလ်များတွင် ပါမောက္ခအဆင့်ဖြင့် အမှုထမ်းခဲ့ဘူးသူ တဦးကိုမူ အဂ္ဂမဟာပဏ္ဍိတဘွဲ့ဖြင့် နောက်ကြောင်းပြန် ပူဇော်ရန် မည်သူကမျှ သတိမရကြ။ မည်သူကမျှလည်း မတိုက်တွန်းခဲ့ကြပေ။ အဘယ်ကြောင့်ပါနည်း။

ဖဆပလအစိုးရက စတိ ချီးမြှင့်ပူဇော်ခဲ့သော ဦးဥတ္တမပန်းခြံမှာလည်း ၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီနှင့်မဆလခေတ်တို့တွင် မသိမသာ တမျိုး သိသိသာသာ တဖုံ ကန်တော်မင်္ဂလာ ပန်းခြံဟု ခေါ်လာကြပါတော့သည်။

ရခိုင်အပေါင်းက ဆရာတော်ဦးဥတ္တမကျေးဇူးကိုမမေ့ဘဲ နှစ်စဉ် ဆရာ တော်ဦးဥတ္တနေ့ ကျင်းပလာကြပြီး ဦးဥတ္တမပန်းခြံအဖြစ်ပြန်ပြောင်းခွင့်ရရန် ကြိုးစားခဲ့ကြသောကြောင့် ယခု ၂၀၁၅ တွင် ဦးဥတ္တမပန်းခြံဟု အမည်ပြန်ပြောင်းပေးခဲ့သည့်သတင်းမှာ ရခိုင်များအတွက် မင်္ဂလာရှိသောသတင်း ဖြစ်ပါသည်။

မြန်မာပြည် လွတ်လပ်ရေးတွင် ဆရာတော်၏ အခန်း ကဏ္ဍက ကြီးမားလှပါသည်။

ဗိုလ်ချုပ်အောင်ဆန်းကို အများပြည်သူတို့ က မြန်မာ့လွတ်လပ်ရေး ဗိသုကာအဖြစ် တင်စားခေါ်ဝေါ်ကြ ပါသည်။ မှန်ပါသည်။ သို့ သော် မည်သည့်ဗိသုကာ၌မဆို "ကြားဆရာ၊ မြင်ဆရာ၊ သင်ဆရာ”တို့  ရှိရ စမြဲဖြစ်ပါသည်။ ဆရာတော် ဦးဥတ္တမသည် ဗိုလ်ချုပ်အောင်ဆန်း၏ သင်ဆရာ မဖြစ်ခဲ့ဘူးသော်လည်း ကြားဆရာ မြင်ဆရာတော့ ဖြစ်ခဲ့ပါ၏။ ထို့ ကြောင့် ဆရာတော်ကို “မြန်မာ့လွတ်လပ်ရေး ဗိသုကာ၏ ဆရာ့ဆရာ”ဟု ခေါ်ရသော် မှားအံ့မထင်ပါ။ နတ်မောက်သား ဗိုလ်ချုပ်အောင်ဆန်း။ ငယ်နာမည် မောင် ထိန်လင်းကား လွတ်လပ်ရေး၏ ဗိသုကာကြီးဖြစ်ပြီး။ စစ်တွေသား ဆရာတော် ဦးဥတ္တမ ငယ်နာမည် ပေါ်ထွန်းအောင် ကတော့ ဗိုလ်ချုပ်၏ ကြားဆရာ၊ မြင်ဆရာ “မြန်မာ့လွတ်လပ်ရေး၏ မီးပြတိုက်ကြီး” ပါပေတည်း။

တခါတရံကျွန်တော်စဉ်းစားကြည့်မိပါသည်။ မြန်မာပြည်အတွက် အနစ်နာခံခဲ့သော ဆရာတော်သည် အဘယ်သို့သော အကြောင်းများကြောင့် မြန်မာအစိုးရအဆက်ဆက်က လျစ်လျူပြု ခံနေရပါသနည်း။ ဗမာရဟန်း မဟုတ်ဘဲ ရခိုင်ရဟန်း ဖြစ်၍ပင်လော။ "၀ဋ်မှာအမြဲ ငရဲမှာအပ" ဆိုသော ဆိုရိုးစကားရှိပါ သည်။ မြတ်စွာဘုရားသော်မှ ၀ဋ်တော်နှင့်မကင်းဘဲ အားလုံးချုပ်ငြိမ်းရာ နိဗ္ဗာန်ကူးမည့် နောက်ဆုံးဘ၀ တွင် ၀ဋ်တော်များ ခံသွားခဲ့ရရှာပါသည်။ ဘုရား သက်တော်ထင်ရှား ရှိစဉ်ကလည်း ရဟန္တာများနှင့် ပုထု ဇဉ်ရဟန်းများ လူများ၏ ရှေးဘ၀က အကြောင်းနှင့် ၀ဋ်များအကြောင်းကို ထုတ်ဖော် ဟော ကြားတတ် ပါသည်။ မြတ်စွာဘုရားသာ သက်တော်ထင်ရှား ရှိနေခဲ့ပါလျှင် ဆရာတော် ဦးဥတ္တမ၏ ရှေးကံကို ဟော ကြားပေးပါရန် လျှောက်ထားကြည့်ချင်ပါတော့သည်။

မြန်မာအစိုးရအဆက်ဆက်တွင် ဆရာတော်ချီးမြှောက်ပူဇော်မှုမခံရခြင်းကိစ္စသည် အကျယ်အကျယ် မငြိမ်းဖွယ် မဖြစ်စေရန် ဆရာတော်၏ ဘဝေဘဝတခုခုက ၀ဋ်ကြွေးကြောင့်ဟုပင် ထားကြပါစို့။

Credit: Kyaw H Aung
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။