ဟာ့ဂ်ျ လူစုပြုံတိုးမှုအတွင်း သေဆုံးခဲ့ရသူများအတွက် တောင်းပန်ရန် အီရန် ဘာသာရေးဦးသျှောင် ခါမေနီက ဆော်ဒီကို တောင်းဆို



လူ ၇၇၀ နီးပါးကို သေဆုံးစေခဲ့သည့် ဟာ့ဂ်ျ လူစုပြုံတိုးမှုအတွက် တောင်းပန်ရန် အီရန် ဘာသာရေးဦးသျှောင် အယာတိုလာ အလီခါမေနီက ဆော်ဒီအာရေဗျကို စက်တင်ဘာ ၂၇ ရက်တွင် တောင်းဆိုခဲ့သည်။ သေဆုံးခဲ့သူများထဲတွင် အီရန်နိုင်ငံမှ ၀တ်ပြုသူ ၁၄၄ ဦးထက်မနည်း ပါဝင်သည်။

“အချင်းချင်း အပြန်အလှန် အပြစ်တင်နေမယ့်အစား ဆော်ဒီဟာ သူ့တာဝန်သူယူပြီး တစ်ကမ္ဘာလုံးက မွတ်စလင်တွေနဲ့ ကျန်ရစ်သူ မိသားစုတွေကို တောင်းပန်သင့်ပါတယ်” ဟု ခါမေနီ၏ ပြောကြားချက်ကို ကိုးကားပြီး အီရန် နိုင်ငံပိုင် IRNA သတင်းဌာနတွင် ဖော်ပြခဲ့သည်။ သေဆုံးခဲ့သူများအနက် နိုင်ငံသားများ ပါဝင်သဖြင့် ဒေါသထွက်နေသည့် အီရန်အစိုးရသည် ဒေသတွင်းပြိုင်ဘက် ဆော်ဒီကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ “ဒါဟာ အရည်အချင်း မပြည့်ဝတာတင် မဟုတ်ပါဘူး။ ရာဇ၀တ်မှုတစ်ခု ဖြစ်ပါတယ်” ဟု အီရန်ရှေ့နေချုပ် အီဘရာဟင်ရာအီစီက ပြောကြားခဲ့သည်။ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီကလည်း ဆော်ဒီ လူစုပြုံတိုးဝှေ့မှု ဖြစ်စဉ်ကို စုံစမ်းပေးရန် ကုလသမဂ္ဂကို စက်တင်ဘာ ၂၆ ရက်က တောင်းဆိုထားသည်။ သေဆုံးသည့် အီရန်နိုင်ငံသား ၁၄၄ ဦးကျော်အပြင် ပျောက်ဆုံးနေသူ ၃၄၄ ဦး ရှိနေပြီး ဒဏ်ရာရခဲ့သူ ၁၀၂ ဦး ရှိခဲ့သည်။ အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်က စုံစမ်းရေးတွင် ဆော်ဒီအာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု နည်းပါးသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ဆော်ဒီတွင်မူ ဟာ့ဂ်ျ၏ နောက်ဆုံးဝတ်ပြုသည့်ရက်ဖြစ်သော စက်တင်ဘာ ၂၇ ရက်တွင် အစိုးရသည် လုံခြုံရေးတပ်ဖွဲ့ဝင် အမြောက်အမြားကို ချထားခဲ့သည်။ လူစုပြုံ တိုးဝှေ့မှုကြောင့် သေဆုံးသူ ဦးရေမှာလည်း ၇၆၉ ဦးအထိ မြင့်တက်လာခဲ့သည်။

ဟာ့ဂ်ျ နောက်ဆုံးနေ့တွင် နတ်ဆိုးနှင်သည့် ကျောက်တုံးပစ်ပေါက်ပွဲ ပြုလုပ်ရာ ဂျမာရက်တံတား၏ ပထမအဆင့်၌ အရေးပေါ် ကယ်ဆယ်ရေးသမား ဒါဇင်ပေါင်းများစွာကို ချထားခဲ့သည်။ စက်တင်ဘာ ၂၄ ရက် စုပြုံတိုးဝှေ့မှု ဖြစ်ပွားခဲ့စဉ်က ဂျမာရက်တံတား ပထမအဆင့်တွင် လူထောင်ပေါင်းများစွာ လာရောက် စုပြုံနေခဲ့ကြသည်။ ငါးဆင့်မြင့်သော ဂျမာရက်တံတား အနီးရှိ လမ်းများတွင်လည်း လုံခြုံရေးဝန်ထမ်း အများအပြား ကင်းလှည့်နေခဲ့ကြသည်။

ပြည်ထဲရေးဝန်ကြီး၏ ထုတ်ပြန်ချက်ထဲ၌ ဟာ့ဂ်ျလုံခြုံရေးနှင့် လူအုပ်ကြီးကို စီမံကြီးကြပ်ရေးတို့အတွက် ရဲ ၁၀၀၀၀၀ ကို တာဝန်ချထားခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော် စုပြုံတိုးမှု ဖြစ်ပွားစဉ်က လမ်းများပိတ်ဆို့နေခြင်း၊ အပူချိန် မြင့်တက်နေစဉ် လူအုပ်သွားလာမှုကို ကြီးကြပ်မှု ညံ့ဖျင်းခြင်းတို့အတွက် ၀တ်ပြုသူများက ရဲတပ်ဖွဲ့ကို အပြစ်တင်ခဲ့ကြသည်။ ကျန်းမာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ချက်ထဲတွင် သေဆုံးသူ ၇၆၉ ဦးရှိပြီး ဒဏ်ရာရသူ ၉၃၄ ဦးရှိခဲ့သည်။

လူ ၇၀၀ ကျော် သေဆုံးခဲ့ပြီးသော်လည်း စက်တင်ဘာ ၂၆ ရက်က ၀တ်ပြုသူများသည် သူတို့၏ တတိယအကြိမ် နတ်ဆိုးနှင်သည့် ကျောက်တုံးပစ်ပေါက်ခြင်း အစဉ်အလာကို လုပ်ဆောင်ရန် မီနာမြို့ထဲတွင် တိုးဝှေ့နေကြဆဲ ဖြစ်သည်။ ယခုနှစ်အတွင်း ဟာ့ဂ်ျသို့ လာရောက်သည့် ခရီးသွားဝတ်ပြုသူ နှစ်သန်းကျော်ရှိသည်ဟု သိရသည်။

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။