ဆော်ဒီဟာ့ဂ်ျမှာ ဘာတွေက ကြေကွဲဖွယ် ဖြစ်ရပ်ကို ဖြစ်စေခဲ့တာလဲ



စက်တင်ဘာ ၂၆ ရက်က ဆော်ဒီနိုင်ငံ မက္ကာမြို့ ဂရင်းဗလီရှိ အစ္စလာမ်တို့ အထွတ်အမြတ် အထားဆုံး ကားဘာဗိမန်ကို မွတ်စလင်တို့ လှည့်ပတ်နေစဉ်
ဆော်ဒီက ဟာ့ဂ်ျမှာ ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ခဲ့ပြီးတဲ့နောက် သုံးရက်အကြာမှာ သေဆုံးသူ အရေအတွက်က ၇၆၉ ဦး ရှိလာပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုကိုတော့ အခုထိ ဖြေဆိုနိုင်ခြင်း မရှိသေးပါဘူး။ ဒီမေးခွန်းကတော့ ‘‘ဆော်ဒီဟာ့ဂ်ျမှာ ဘာတွေက ကြေကွဲဖွယ် ဖြစ်ရပ်ကို ဖြစ်စေခဲ့တာလဲ’’ ဆိုတဲ့ မေးခွန်းပါပဲ။

လူအများကြီး သေခဲ့ရတဲ့ စုပြုံတိုးဝှေ့မှုနဲ့ ပတ်သက်ပြီး ထောက်ပြကြတဲ့ အကြောင်းရင်းတွေထဲမှာ ဟာ့ဂ်ျကို လာသူတွေက ဘာသာရေး ဓလေ့ထုံးတမ်းတွေ ပြည့်စုံအောင်လုပ်ဖို့ ကတိုက်ကရိုက် လုပ်ကြရခြင်း၊ အပူဒဏ်၊ ဆန့်ကျင်ဘက် လားရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက် ဘာသာရေး ယုံကြည်ချက်ကြီးစွာနဲ့ လုယက်တိုးဝှေ့ ကြခြင်းတွေအပြင် နှစ်ပတ်လည် အစ္စလာမ်ဓလေ့ ထုံးတမ်းအတွက် မက္ကာနဲ့ မီနာကို ပထမဆုံး အကြိမ်အဖြစ် ရောက်လာသူ အများအပြားအကြား စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခြင်းတွေ ပါဝင်ပါတယ်။

လူတွေက များလွန်းပြီး အချိန်က နည်းလွန်း

မွတ်စလင် ဘာသာဝင်တွေအားလုံး ငွေကြေးအနေအထားနဲ့ ရုပ်ပိုင်းဆိုင်ရာ အနေအထားအရ တတ်နိုင်ရင် ဘ၀မှာ လုပ်ဖို့လိုတာက ဟာ့ဂ်ျခရီးကို လာဖို့ပါ။ ကမ္ဘာတစ်လွှားက မွတ်စလင်ဘာသာဝင် နှစ်သန်းကျော်ဟာ ဟာ့ဂ်ျအတွက် ဆော်ဒီအာရေဗျကို ရောက်လာပါတယ်။

သန်းနဲ့ချီတဲ့ လူတွေဟာ ငါးရက်အတွင်း ဘာသာရေး ဓလေ့ထုံးတမ်းတွေ စုံလင်အောင် ဆောင်ရွက်ရမှာပါ။ အဲဒီမှာ မီနာက နတ်ဆိုးကို ကိုယ်စားပြုတဲ့နံရံကို ကျောက်ခဲနဲ့ ပေါက်ခြင်းလည်း ပါဝင်ပါတယ်။ မီနာဟာ မွတ်စလင်တွေရဲ့ အထွတ်အမြတ် နေရာဖြစ်တဲ့ မက္ကာကနေ နှစ်မိုင်လောက် ဝေးပါတယ်။

စက်တင်ဘာ ၂၄ ရက်က လူတွေအများကြီး သေခဲ့ရတဲ့ အဖြစ်အပျက်ဟာ မီနာမှာ ဖြစ်ပွားခဲ့ပါတယ်။ ဟာ့ဂ်ျကာလ ငါးရက်ရဲ့ တတိယမြောက်နေ့မှာ ဖြစ်ခဲ့တာပါ။ ဒီနေ့အထိ တရားဝင် ထုတ်ပြန်တဲ့ စာရင်းအရ ၇၆၉ ဦးသေဆုံးခဲ့ပြီး လူ ၉၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေဟာ အနည်းဆုံး နိုင်ငံပေါင်း ၁၃ နိုင်ငံက ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးက အိန္ဒိယနိုင်ငံသား ၁၄ ဦး သေဆုံးတဲ့အကြောင်း Twitter မှာ ဖော်ပြခဲ့ပါတယ်။ အီဂျစ်က ၁၄ ဦးသေဆုံး၊ ၃၀ ထက်မနည်း ဒဏ်ရာရ။ ဆိုမာလီယာက ခုနစ်ဦးသေဆုံး။ ပါကစ္စတန်ခြောက်ဦး၊ ဆီနီဂေါ ငါးဦး၊ တူရကီ လေးဦး၊ ကင်ညာနဲ့ အယ်ဂျီးရီးယား သုံးဦးစီ သေဆုံးဆိုပြီး စာရင်းတွေ ထွက်လာပါတယ်။ အင်ဒိုနီးရှားက နှစ်ဦး၊ နိုင်ဂျီးရီးယားက နှစ်ဦး၊ ဖိလစ်ပိုင်နဲ့ နယ်သာလန်က တစ်ဦးစီ ဆိုပြီးတော့လည်း စာရင်းတွေ ထွက်လာပြန်ပါတယ်။

ဆော်ဒီအာရေဗျကတော့ သူရဲ့ အရပ်ဘက် ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦး ဒဏ်ရာရရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဝေလက မွတ်စလင်ကောင်စီက မွတ်စလင် ခရီးသွားအဖွဲ့ ခြောက်ခုထဲက နှစ်ဖွဲ့ပဲ ဝေလတောင်ပိုင်းကနေ ဟာ့ဂ်ျခရီး ထွက်သွားတယ်လို့ ဆိုပါတယ်။ ဝေလ မွတ်စလင်ကောင်စီက ဆာလင်းကစ်ဝေးက အဲဒီလို ခရီးထွက်သွားတဲ့ လူအရေအတွက်က ၂၅၀ လောက်ရှိပြီး သူတို့မိသားစုတွေနဲ့ ဆွေမျိုးတွေ အရမ်းကို စိုးရိမ်ပူပန် နေကြတယ်လို့ ပြောပါတယ်။

ဂျာနယ်လစ်တစ်ဦးနဲ့ ဘလော့ဂါတစ်ဦးဖြစ်ပြီး ဟာ့ဂ်ျခရီးထွက်သွားတဲ့ အီသာအယ် ကာတက်နေးက လူတွေဟာ သူတို့သွားချင်တဲ့လမ်းကို ဆန့်ကျင်ဘက် လားရာတွေကနေ တိုးဝှေ့ဖို့ ကြိုးစားကြတယ်၊ တချို့က ကျောက်ခဲပေါက်တဲ့ နေရာဆီကို ဦးတည်ပြီး တချို့က သူတို့ ဓလေ့ထုံးတမ်း တစ်ခုလုပ်ပြီးတဲ့ နေရာကနေ ပြန်လာတယ်လို့ ဆိုပါတယ်။

‘‘ကျွန်တော်တို့ အုပ်စုက လမ်းအမှတ် ၂၀၄ အတိုင်း ပြန်လှည့်လာတယ်။ လမ်းအမှတ် ၂၀၆ ကိုလာတဲ့ အခြားအုပ်စုနဲ့ ကန့်လန့်ဖြတ် ဆုံတွေ့တယ်’’ လို့ တခြားဝတ်ပြုသူ တစ်ဦးဖြစ်တဲ့ အာမက်မိုဟာမက်အေမာက ပြောပါတယ်။

သူက’’အကြီးအကျယ် တိုးဝှေ့မှုကြီး ဖြစ်တော့တာပဲ။ အဖြစ်အပျက်ကို သရုပ်ဖော်ပြဖို့ ကျွန်တော့်မှာ စကားလုံးတွေတောင် ပျောက်ဆုံးသွားတယ်။ အဲဒီလို အကြီးအကျယ် တိုးဝှေ့ မှုက ဟာ့ဂ်ျလာသူတွေအကြား ထိခိုက်သေဆုံးမှု မြင့်မားတဲ့ ဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တာပါ’’ လို့လည်း ပြောပြပါတယ်။

စုပြုံတိုးဝှေ့မှုကြီး ဖြစ်ပွားပြီးတဲ့နောက် လူအုပ်အောက်ကို ပိသွားတဲ့ လူတွေအားလုံးကို ကယ်ဆယ်ရေး လုပ်သားတွေက ဆွဲထုတ်ဖို့ကြိုးစားတာ နာရီပေါင်း အတော်ကြာခဲ့ပါတယ်။

‘‘လူနာတင်ယာဉ်တွေ၊ ဥသြဆွဲသံတွေနဲ့ချည်း ဖုံးလွှမ်းနေတော့တာပဲ။ နာရီတွေ အများကြီး အများကြီး ကြာတဲ့အထိ ဒီအသံတွေကို အဆက်မပြတ် ကြားနိုင်တယ်’’ လို့ အယ်ကာတက်နေးက ဆိုပါတယ်။

အယ်ကာတက်နေးက လူအစုလိုက် အပြုံလိုက် သေရတဲ့မြင်ကွင်းကို ရိုးရိုးရှင်းရှင်းပဲ ‘‘ကြောက်စရာကြီး’’ လို့ ဖော်ပြပါတယ်။

‘‘တကယ့်အရှိအတိုင်း ပြောရရင် လူ့ခန္ဓာကိုယ် အစုအပုံကြီး တစ်ခုပေါ့။ သူတို့ တွန်းကြတယ်။ တိုးဝှေ့ကြတယ်။ ကြောက်လန့်တကြား ဖြစ်ကြတယ်။ ငယ်သံပါအောင် အော်ကြတယ်။ ပူကလည်း အရမ်းပူတယ်။ တစ်စုံတစ်ယောက် လဲကျသွားတယ်။ တခြားသူတွေက တက်နင်းမိကြတယ်။ အလုအယက် တိုးဝှေ့လာကြတယ်’’

အချိန်လုပြီး လုပ်ရတဲ့ ဖိအားတွေကလည်း ဒီဘေးဒုက္ခကြီး ဖြစ်လာစေတဲ့ အကြောင်းရင်းထဲမှာ ပါဝင်နိုင်တယ်လို့ အယ်ကာတက်နေးဆိုတဲ့ အမျိုးသမီးက ဆိုပါတယ်။

‘‘ဓလေ့ထုံးတမ်းတွေ ပြည့်စုံအောင်လုပ်ဖို့ အချိန်က နည်းလွန်းတယ်’’ လို့လည်း သူကဆိုပါတယ်။

ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ ခါလက်အယ်မီးနာက ဟာ့ဂ်ျကိုလာသူတွေဟာ ဓလေ့ထုံးတမ်းတွေ ပြီးမြောက်အောင် အလောတကြီး လုပ်ကြတာက စုပြုံတိုးဝှေ့မှု ဖြစ်စေတဲ့ အဓိက အကြောင်းရင်းလို့ ထင်တဲ့အကြောင်း ပြောပြပါတယ်။

‘‘လူတွေက ပထမဆုံး ကျောက်ခဲနဲ့ ပေါက်တဲ့အလုပ်ကို မနက်ခင်းမှာ လုပ်ရတာ ကြိုက်ကြပါတယ်’’ လို့ ဂျက်ဒါဆိုသူက ဆော်ဒီအာရေဗျကနေ ပြောခဲ့ပါတယ်။

ပူလွန်းပြီး အားအင်ကုန်ခန်း

ဒီခရီးဟာ သဘောသဘာဝအရကိုက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းခက်ခဲတဲ့အလုပ်ပါ။

၄၃ ဒီဂရီစင်တီဂရိတ် (၁၁၀ ဒီဂရီဖာရင်ဟိုက်) ကျော်တဲ့ အပူချိန်မှာ အပူဒဏ်မခံနိုင်တဲ့သူ တစ်ဦးဟာ မူးမေ့လဲကျပြီး ဘယ်တော့မှ သတိပြန်မလည် လာနိုင်တော့တာမျိုး ဖြစ်နိုင်တယ်လို့ အယ်ကာတက်နေးက ဆိုပါတယ်။

‘‘ကျွန်မ အပြင်ဘက်မှာ ဓာတ်ပုံရိုက်တာ၊ အသံဖမ်းတာ နှစ်နာရီလောက် လုပ်ခဲ့ရတယ်။ နေပူထဲမှာ နှစ်နာရီလောက် မတ်တတ်ရပ်ရင် မူးလာမှာပဲ။ မထင်မှတ်ဘဲ မေ့လဲသွားနိုင်တယ်’’ လို့ အယ်ကာတက်နေးက မီနာကနေ ပြောပါတယ်။

‘‘ဒါပေမဲ့ လူတွေက သတိမမူမိဘဲ သူတို့ရဲ့ ဘာသာရေး ဓလေ့ထုံးတမ်း ပြီးမြောက်ဖို့ ဆက်လုပ်နေတုန်း စုပြုံတိုးဝှေ့မှုကြီး ဖြစ်လာတာပါ’’ လို့လည်း သူက ဆိုပါတယ်။

အယ်ကာတက်နေးက စုပြုံတိုးဝှေ့မှုကြီး ထဲ ကျရောက်ခဲ့တဲ့ အမျိုးသားတချို့နဲ့ စကား ပြောခဲ့ပါတယ်။

‘‘ခင်ဗျား တွန်းတာနဲ့ တိုးဝှေ့တာကို မခံနိုင်ရင် လဲကျသွားမယ်။ လဲကျသွားရင် ခင်ဗျား ပြန်ထနိုင်မှာ မဟုတ်တော့ဘူးလို့ သူတို့က ကျွန်မကို ပြောပါတယ်’’

အတွေ့အကြုံ မရှိတော့ စိတ်တွေက ရှုပ်

ဆော်ဒီက ဟာ့ဂ်ျလူအုပ်ကြီးကို ဧည့်ခံရတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အလွန်ကျွမ်းကျင်နိုင်ပေမယ့် ဟာ့ဂ်ျကိုလာတဲ့ ဧည့်သည်တွေ အများအပြားကတော့ ပထမဆုံး အကြိမ်အဖြစ် ရောက်ဖူးတာပါ။ လမ်းကြောင်းတွေ အားလုံးအတွက် ဗရုတ်ဗရက် ဖြစ်မှုအတွက် ကြိုတင်ပြင်ဆင် ထားတာမျိုး ရှိမှာမဟုတ်ဘူး။

‘‘အမှားတစ်ခုခု ဖြစ်ခဲ့ရင်၊ လူအုပ်တစ်အုပ်က လမ်းကြောင်းမှားဝင်မိရင် စုပြုံတိုးဝှေ့မှုကြီး ဖြစ်လိမ့်မယ်။ မနေ့က ဖြစ်ခဲ့တာ ဒါမျိုးပါပဲ’’ လို့ ဆော်ဒီအာရေဗျ ရုပ်သံဌာနဖြစ်တဲ့ El Arab TV က ဂျာမောခါရှော့ဂီက ပြောပါတယ်။

ဆော်ဒီပြည်ထဲရေး ၀န်ကြီးဌာနရဲ့ လုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်မန်ဆာအယ်တက်ကီက ချမှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို ဧည့်သည် တချို့က မလိုက်နာခဲ့တာက အဓိက ကျလိမ့်မယ်လို့ အရိပ်အမြွက် ပြောတဲ့အကြောင်း Saudi Press Agency က ဖော်ပြပါတယ်။

‘‘ဘာသာရေးခရီးကို လာတဲ့သူတွေဟာ ကိုယ့်ဘာသာ သွားနိုင်အောင် ကြိုးစားရမယ်။ ဒါမှမဟုတ်လည်း လမ်းညွှန်ချက် အတိုချုပ်တွေ လုပ်ထားဖို့ ကြိုးစားရမယ်’’ လို့ ခါရှော့ဂီက ပြောပါတယ်။

ဒါပေမဲ့ အီရန်အာဏာပိုင် တွေကတော့ ဆော်ဒီအာဏာပိုင်တွေကို ဒီကိစ္စနဲ့ ပတ်သက်ပြီး စီမံမှုအလွဲတွေ ရှိတယ်လို့ စွပ်စွဲပါတယ်။

ဟစ်ဇ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာဆရယ်လာက လက်ဘနွန်နိုင်ငံက အယ်မန်နာ ရုပ်သံဌာနကို ပြောရာမှာ ဆော်ဒီအာရေဗျ အနေနဲ့ ဟာ့ဂ်ျဧည့်သည်တွေကို စီမံရာမှာ မွတ်စလင်ကိစ္စအဖြစ် ပူးတွဲလုပ်ဆောင်သင့်ပြီး စီမံမှုတွေအတွက် မွတ်စလင် ကော်မတီတစ်ရပ်ရဲ့ အကြံပေးမှုကို ခံယူသင့်တယ်လို့ ဆိုပါတယ်။

Writer:
နရီမင်း

http://news-eleven.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။