သစ်တော ပျက်စီးပြုန်းတီးမှုက ပတ်ဝန်းကျင်ရေးရာမှာ အရေးအကြီးဆုံးနဲ့ စိန်ခေါ်မှု အများဆုံး

သဘာဝပတ်ဝန်းကျင်, EcoDev, ဦးဝင်းမျိုးသူ
စီးပွားရေးအရ အကျိုးရှိစွာ ဂေဟစနစ် ဖွံဖြိုးတိုးတက်ရေးအဖွဲ့ (The Economically Progressive Ecosystem Development group – EcoDev) သည် သဘာအရင်းအမြစ် ကာကွယ်ရေးနှင့် သဘာဝ ပတ်ဝန်းကျင်ကို ကောင်းမွန်စွာ စီမံခန့်ခွဲရေးတို့အတွက် လှုံ့ဆော်ပညာပေးနေသော ပြည်တွင်း NGO တခု ဖြစ်သည်။ EcoDev အဖွဲ့ကို ပူးတွဲ တည်ထောင်သူနှင့် ဒါရိုက်တာတဦးဖြစ်သူ ဦးဝင်းမျိုးသူက သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေး၊ သယံဇာတ ကြွယ်ဝသည့် မြန်မာနိုင်ငံမှ လူမှုအသိုင်းအ၀ိုင်း၏ ဘ၀ရပ်တည်မှု၊ အခွင့်အရေးများကို ကာကွယ်ပေးရေး တို့နှင့်ပတ်သက်၍ ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းောထက် ကျော်ဆုမွန်သို့ ပြောပြခဲ့ပါသည်။
မေး ။ ။ Eco-Dev ကို စတင်ခဲ့တဲ့ကာလနဲ့ အဲဒီအချိန်က အဓိက လှုပ်ရှားခဲ့တဲ့ အကြောင်းအရာလေးတွေ အကြောင်း ပြောပြပါဦး။ စိန်ခေါ်မှုတွေရောပေါ့။
ဖြေ ။ ။ ၁၉၉၄ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လည် ရောက်ရှိချိန်မှာ စတင် လုပ်ဖြစ်ကြတယ်။ အဲဒီအချိန်က လူမှု အဖွဲ့အစည်းတွေ လုပ်နိုင်တဲ့ အခန်းကဏ္ဍက အကန့်အသတ်တွေနဲ့ ဖြစ်နေတဲ့ အခါကျတော့ သက်ဆိုင်ရာ ကုလ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတာပေါ့။ အဓိက ဆောင်ရွက်တဲ့အပိုင်းက အစိုးရပိုင်သစ်တောလို့ ပြောတဲ့၊ ဒေသခံတွေက အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ သစ်တောလေးတွေကို တရားဝင်ရရှိအောင် ၀ိုင်းပြီး ဆောင်ရွက်တဲ့ လုပ်ငန်းကို ဆောင်ရွက်ခဲ့ပါတယ်။ နောက် သစ်တော ပြုစုပျိုးထောင်ရေးနဲ့ ဒေသခံ ရွာသူရွာသားတွေ သူတို့ရဲ့ လူမှုဘ၀ဖွံ့ဖြိုးဖို့ ၀င်ငွေရမယ့် လုပ်ငန်းလေးတွေ တွဲပြီး လုပ်ပေးပါတယ်။ အဲဒါတွေက မူလဘူတ ၁၉၉၇ နောက်ပိုင်းမှာ လုပ်ခဲ့တာတွေပါ။
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ တရားဥပဒေ စိုးမိုးရေးလိုဟာတွေ လုပ်တယ်။ ဥပမာ သစ်တပင်ခုတ် ထောင် ၃ နှစ်လိုဟာတွေ။ ဒီထောင် ၃ နှစ်ဆိုတာ သစ်တော ဥပဒေထဲမှာ မပါဘူး။ ဒါပေမယ့် လူသိများနေတဲ့ ကိစ္စရပ်တွေ။ တချို့ ရွာသူရွာသားတွေက ကိုယ့်ခြံစည်းရိုးမှာ ကိုယ့်အပင်ခုတ်တာတောင် ဖမ်းဆီးခံရပြီး ထောင်ကျရတဲ့ ကိစ္စတွေ ရှိခဲ့တယ်။ ဒါတွေကို တရားရုံးချုပ်အထိ လိုက်ပါဆောင်ရွက်တော့ အောင်မြင်တယ်။ တဖြည်းဖြည်းနဲ့ ပုံမှန် လူမှုဖွံ့ဖြိုးရေး လုပ်နေတာကနေ တရားဥပဒေစိုးမိုးရေး၊ ပတ်ဝန်းကျင် တရားမျတမှုကို ရွေ့လာတယ်။ နောက် မြစ်ဆုံပေါ်လာတော့ ဦးဆောင် လှုပ်ရှားဆောင်ရွက်ခဲ့တယ်။ မြစ်ဆုံပြီးချိန် မြေယာအခင်းအကျင်း၊ မြေသိမ်းခံရတာတွေကို ၂၀၁၁ မှာစပြီး လူထုသိအောင် ဆောင်ရွက်ခဲ့တယ်။ ဆောင်ရွက်တော့ ၈၈ မျိုးဆက်တွေပါ ပါလာတော့ ကျယ်ပြန့်သွားတယ်။ ၂၀၁၃ မှာ “သန့်ရှင်းသောလေ ဆောင်ရွက်ရေး” ဆိုပြီး လုပ်ခဲ့တယ်။ ကျောက်မီးသွေးစက်ရုံတွေကြောင့် ဒီက ထွက်လာတဲ့ ပြဿနာတွေ ဘယ်လိုရှင်းမလဲ ဆိုတာပေါ့။ ဒီကိစ္စကို Campaign တွေ ဆောင်ရွက်လာတာ တောက်လျှောက်ပါပဲ။
တချိန်တည်းမှာပဲ မြေ၊ ရေ၊ လေ ဖြစ်သွားတယ်။ အခုချိန်မှာ ရန်ကုန်မြို့ပြမှာ ပတ်ဝန်းကျင်အနေအထား ကျဆင်းနေတာ ဖြစ်တဲ့အတွက် ဒါတွေကော ဘယ်လို ဆောင်ရွက်မလဲဆိုတာ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အဓိကကတော့ အခြေခံ လူတန်းစားတွေရဲ့ အခွင့်အရေးဆိုင်ရာတွေကို ကာကွယ်ပေးနေတာပါ။ ကျနော်တို့မှာ ဓာတ်ခွဲခန်းတွေ ရှိတယ်။ လေ၊ ရေ ညစ်ညမ်းနေတာရှိရင် စစ်ဆေးပေးတယ်။ ဆက်ဆောင်ရွက်ရမှာကို တင်ပြတိုက်တွန်းပေးတယ်။ ဒါက ပြောင်းလဲလာတဲ့ လုပ်ငန်းတွေပေါ့။
မေး ။ ။ ဆရာ့ အတွေ့အကြုံအရဆိုရင် မြန်မာနိုင်ငံမှာ အကြီးမားဆုံးနဲ့ အလေးပေး ဆောင်ရွက်ဖို့လိုတဲ့ ပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ်ဖြစ်လာနိုင်တဲ့ ပြသာနာတခုက ဘာပါလဲ။ ဦးစားပေးလုပ်ဖို့ လိုနေပြီဆိုတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာပေါ့နော်။ ဘယ်ဒေသတွေက ဒီပြဿနာရဲ့ ခြိမ်းခြောက်မှုတွေ ခံနေရပြီလဲဆရာ။
ဖြေ ။ ။ ဆရာတို့မြင်တဲ့အမြင်နဲ့ ပြည်သူမြင်တဲ့အမြင် ကွာခြားမယ်။ ဒီဘက်က မြင်တဲ့အမြင်ကတော့ သစ်တော ပျက်စီးပြုန်းတီးမှုက ပတ်ဝန်းကျင်ရေးရာမှာ အရေးအကြီးဆုံးနဲ့ စိန်ခေါ်မှု အများဆုံးလို့ မြင်တယ်။ သူက မူလ အရေးကြီးဆုံးဟာပဲ။ သူပျက်စီးတာနဲ့အမျှ နောက်ဆက်တွဲတွေက အရမ်းများတတ်တယ်။ သို့သော် လူတွေကတော့ လက်ငင်းချက်ချင်း ကြုံရတာတွေကို ပြောတာဖြစ်တဲ့အတွက်၊ မြို့နယ်ပေါင်း ၆၀ ကျော်မှာ စစ်တမ်း ကောက်ကြည့်တဲ့အခါ သူတို့ ဦးတည်တာက ရေရှားပါးတာရယ်၊ ရေ အရည်အသွေး ညစ်ညမ်းလာတာရယ်ကို ပြောတယ်။ တွေ့ဆုံမေးသူ ၆၀ ကျော်က ရေကိုပဲ ပြောတယ်။ ဒါကလည်း အင်မတန် လက်တွေ့ကျပါတယ်။ နေ့စဉ်သုံးရတာ ဖြစ်တဲ့အတွက်ပါ။ ရေ အရည်သွေး ညစ်ညမ်းတယ်ဆိုတာ တချို့နေရာတွေမှာပဲ ဖြစ်တယ်ထင်ထားတာ။ ဒါပေမယ့် ဒီတိုင်းကျတော့ ဒီကိစ္စက နေရာအနှံ့မှာ ဖြစ်နေသလားပေါ့။ တော်တော်လန့်သွားတယ်။
မေး ။ ။ မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အခုနောက်ပိုင်းလူတွေရဲ့ ခံယူချက်၊ အသိပညာတွေက ဘယ်လို အခြေအနေရှိပါသလဲ။ တိုးတက်မှု ရှိပါသလား။
ဖြေ ။ ။ အကြမ်းဖျင်းအရတော့ သိသင့်တဲ့ အချက်လေးတွေကိုတော့ သိကြတယ်။ သစ်တောတွေပြုန်းရင် ရာသီဥတု ဖောက်ပြန်ပြီး ရေတွေ ဘာတွေကအစ ခက်ခဲလာမယ်။ ဒါတွေကို သိကြတယ်။ ဇီဝမျိုးကွဲတွေ ကိစ္စကျတော့ သူတို့ မသိတော့ဘူး၊ ခက်ခဲတယ်လေ။ သူတို့မှာ အဓိက ကွင်းဆက်ချိတ်စဉ်းစားတဲ့ အသိတော့ ရှိတယ်လို့ ပြောလို့ရတယ်။
မေး ။ ။ စစ်တမ်းအရ မြန်မာနိုင်ငံမှာ သစ်တော ပြုန်းတီးမှုက ဘယ်လောက် အနေအထားအထိ ရောက်နေပြီလဲ။ ဒီပြုန်းတီးမှု နောက်ဆက်တွဲကရော ဘာတွေ ဖြစ်နေပြီလဲ။
ဖြေ ။ ။ သစ်တောပြုန်းတာနဲ့ ပတ်သတ်ရင် အစိုးရ သစ်တောဦးစီးဌာနနဲ့ ကမ္ဘာ့စားနပ်ရိကာအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ သုံးသပ်မှုမှာ သစ်တောက ၄၆ ရာခိုင်နှုန်းပဲ ကျန်တော့တယ်။ တနှစ်ကို ပျမ်းမျတရာခိုင်နှုန်းလောက် ပြုန်းနေတယ်လို့ သတ်မှတ်တယ်။ ဒီနှုန်းက တော်တော်မြင့်တယ်။ နှစ် ၁၀၀ အတွင်း အကုန်ပြောင်သွားမယ့် သဘောပဲ။ အစိုးရသတ်မှတ်တဲ့ ပြုန်းတီးမှုဆိုတာမှာ သစ်တောက တောပွင့်ရော၊ တောပိတ်ရော ပါနေတယ်။ အရမ်းကောင်းတဲ့ တောတွေ ပျက်စီးနေတာရော၊ တောကျဲလို့ခေါ်တဲ့ သစ်ပင်သိပ် မများတာရော ထည့်သွင်းစဉ်းစားတယ်။ ဒါပေမယ့် မကြာသေးခင်က စမစ်ဆိုးနီးယားတက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဂြိုဟ်တုဓာတ်ပုံတွေ ကြည့်တဲ့အခါ စစ်ကိုင်း၊ ကချင်၊ တနင်္သာရီတိုင်းတွေမှာပေါ့။ ဘာတွေ့လဲဆိုတော့ အင်မတန်ကောင်းတဲ့ တောတွေချည်းပဲ ပျက်စီးမှုက ၁ ရာခိုင်နှုန်းလောက်ရှိတယ်။ ကောင်းတဲ့တော ပြုန်းတာက ပိုစိုးရိမ်ရတယ်။ နှစ်စဉ်ပေါ့။ ဒီကိစ္စကို အရမ်းစိတ်ပူတယ်။
ပတ်ဝန်းကျင်အရေးကတော့ ရိုးသားစွာ ၀န်ခံပြောဆိုဖို့လိုတယ်။ လက်ရှိဖြစ်နေတဲ့ ပြုန်းတီးမှုနဲ့ ကျန်ရှိနေတဲ့ အနေအထားပေါ့။ ဒီပြုန်းတီးမှုက ၁ ရာခိုင်နှုန်းရှိတဲ့အတွက် ကြောက်ဖို့ကောင်းတယ်။ ကမ္ဘာမှာ အမြင့်မားဆုံးလို့ ပြောလို့ရတယ်။ ၄၆ ရာခိုင်နှုန်း ကျန်သေးတော့ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ကောင်းသေးတယ်။ ဒါပေမယ့် ဒါကို ကျေနပ်နေလို့ မရဘူး။ ဒီထက်များ ကျသွားရင်တော့ အခြေခံဆင်းရဲသား လူတန်းစားတွေ ရပ်တည်ဖို့ အရမ်း ခက်သွားလိမ့်မယ်။ ဘ၀ပေး သင်ခန်းစာကတော့ နာဂစ်ပေါ့။ ဖြစ်ချိန်မှာ ဘယ်ကပဲ ကူညီတာဖြစ်ဖြစ် လူလုပ်နိုင်တာ နည်းနည်း၊ သဘာဝက သူတို့ ရပ်တည်နိုင်အောင် ဆက်ပံ့ပိုးခဲ့တာ။ ဒီဟာတွေ မရှိတော့ရင် သူတို့ ဘယ်လို ဆက်ရပ်တည်နိုင်မလဲ။ Social capital ရော၊ သဘာဝအရင်းအမြစ်ရော ပြုန်းတီးသွားရင် ကြုံလာမယ့် ကမ္ဘာ့ရာသီဥတု စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ အခုဆို အပူချိန်က ၁ ဒီဂရီလောက် တက်နေပြီ။ ဒီလောက် ဂရင်းဟောက်စ် ဂက်စ်တွေ လျော့ထားတာတောင် ၂ ဒီဂရီအထိ တက်မယ်ဆိုရင် ဘယ်လို ရင်ဆိုင်မလဲ။ ပတ်ဝန်းကျင်ကို ပြင်ဖို့ ထား၊ ရှိတာကို ထိန်းဖို့ အဓိကကျပြီ။ လေ့လာချက်အရ သစ်တောနဲ့ ၅ မိုင်ပတ်လည်မှာ နေသူဦးရေက သန်း ၂၀ လောက်ရှိတယ်။ မြစ်ကြောင်းတလျှောက်မှာ နေသူက ၆ သန်းလောက်ရှိတယ်။ ဒီလူတွေ မှီနေတဲ့ ရေ၊ သစ်တော ပျောက်ရင် ဒီလူတွေ ခံရမယ်။ ဆင်းရဲမှု လျှော့ချနေချိန် ဒါတွေကို မထိန်းသိမ်းရင် ပိုဆိုးသွားမယ်။ ဒါအတွက် ကာကွယ်နေရတာပါ။
မေး ။ ။ ခုနက ပြောတဲ့အထဲမှာ သစ်တောပြုန်းတီးမှုတွေရဲ့ အဓိက အရင်းအမြစ်တွေက လူကြောင့် ပျက်စီးတာများလား၊ သဘာဝ ပတ်ဝန်းကျင်ကြောင့် ပျက်စီးတာများလား။
ဖြေ ။ ။ လူကြောင့်က အဓိကပါပဲ။ သဘာဝ ပတ်ဝန်းကျင်က ပြုန်းတာရှိတယ်။ တောမီးလိုပေါ့၊ ဒါပေမယ့် လူကြောင့်ပါပဲ။ သဘာဝကြောင့်က ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတာပါ။
မေး ။ ။ အခုဆို နယ်စပ်တွေကနေ သစ်တွေအလုံးလိုက် ခိုးထုတ်နေတယ်။ အစိုးရ မိုဘိုင်းအဖွဲ့တွေကလည်း ဖမ်းနေတာပဲ။ ဒီကြားထဲ သစ်တောအရာရှိတွေ အသတ်ခံရတာတွေတောင် ဖြစ်နေတယ်။ ဒီကိစ္စတွေနဲ့ ပတ်သတ်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေက ဒီလို EcoDev လိုပေါ့၊ အစိုးရကို Advocacy လုပ်တာမျိုးတွေ မရှိဖူးလား၊ ဒီကိစ္စအပေါ်မှာ ဘယ်လို အကြံတွေ ပေးတာမျိုးရှိပါသလဲ။
ဖြေ ။ ။ သစ်ခိုးတာကို လေ့လာရင် ၃ မျိုးရှိတယ်။ ၁ က လောဘကြောင့်၊ ၂ က စားဝတ်နေရေးကြောင့်၊ ၃ က လုပ်ထုံးလုပ်နည်း အားနည်းချက်ကြောင့် သစ်ခိုးမှုကို ဖြစ်စေတာပေါ့။ ဥပမာ ကုမ္ပဏီတွေနဲ့ သစ်ကိုပို့ချိန်၊ အစိုးရ နည်းလမ်းတွေက တင်းကျပ်တော့ မဟုတ်တာလုပ်မှကို တွက်ချေကိုက်မယ့် အနေအထား ဖြစ်နေတယ်။ ဒီလိုခိုးတာဆိုရင် လုပ်ထုံးလုပ်နည်းကို အဆင်ပြေအောင် လုပ်ပေးရင် အဆင်ပြေမယ်။ စားဝတ်နေရေးကြောင့်ဆို ဘယ်လိုဖြစ်ဖြစ် ခိုးနေမှာပဲ၊ စားစရာမရှိရင် ခိုးမှာပဲ။ သူတို့ဘ၀ ၀မ်းစာရှာဖို့ မရှိဖူး။ အစိုးရက ဖန်တီးပေးရမယ်။ လောဘကြောင့် ခိုးတာဆိုရင်တော့ ဥပဒေစိုးမိုးရေးက အရေးကြီးသွားပြီ။ နယ်စပ်မှာ ခိုးတာဆိုရင် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပါဝင်ပတ်သက်သွားပြီ။ တိုက်ရိုက်၊ သွယ်ဝိုက်ပေါ့လေ။ သူတို့ရပ်တည်ရေးဖို့ ပါဝင်နေတာ။ ဖမ်းမိလည်း ဥပဒေအရ အရေးယူလို့ မရဘူး ဖြစ်နေတယ်။ တခြား ငြိမ်းချမ်းရေးကိစ္စတွေလည်း ရှိမယ်ဆိုတော့ ကြည့်ရတာနဲ့ ဥပဒေနဲ့ ကိုင်လို့မရတာတွေ ရှိတယ်။
ဒီတော့ ရွာသားပြောသလို ထင်းတစီးခိုးတော့ ထောင်ကျတယ်။ ကားလိုက်သယ်နေတာ ကျတော့ မဖမ်းဖူးဆိုတော့ ဒီဥပဒေကိုင်ရတဲ့ သစ်တောဦးစီးဌာနမှာလည်း အခက်အခဲရှိတယ်။ အဲဒီမှာတင် ဖြုတ်ထုတ်သတ်တွေ၊ ခံရတာတွေ ဖြစ်လာတယ်။ ပြောရတာ တော်တော်ခက်တယ်။ အရပ်ဘက် အဖွဲ့ကတော့ ဖြစ်စေချင်တာက တရားမ၀င်သစ်တွေနဲ့ ပတ်သတ်ပြီး နိုင်ငံတော်အဆင့် မူဝါဒတွေ ချမှတ်စေချင်တယ်။ ဒါနဲ့ပတ်သတ်ပြီး စီမံချက်တွေ လုပ်ဖို့လိုတယ်။ ပြည်သူတွေအမြင်ဖွင့်တဲ့ သင်တန်းတွေ လုပ်ပေးတယ်။ နောက်ပြဿနာတခုက ဖမ်းဆီးထားတဲ့ သစ်ကို လိုင်စင်ထုတ်ပေးတဲ့ ကိစ္စ၊ လိုင်စင် ၈ လို့ ခေါ်တာပေါ့။ ဒါကို သိပ်ပြီး သဘောမကျဘူး။ အမျိုးမျိုး ခိုးလာပြီးမှ အဖမ်းခံရရင် ဒဏ်ငွေပေးဆောင်ပြီး ပြန်ထုတ်ပေးတယ်။ တရားဝင်ပေါ့။ အခုဟာက ပေါ်တင်ခိုးလာတယ်။ ပြီးတော့ ဖမ်းပါပြောတယ်။ ပြီးရင် တရားဝင်ထုတ်လို့ရပြီ။ သစ်ထုတ်လိုင်စင်က ချမပေးတာ များတယ်။ ဒီတော့ ခိုးလာ၊ ဖမ်းမိတော့ ဒဏ်ငွေဆောင်ပြီး တရားဝင်တာကတော့ ဆိုးတယ်။ ဒါတွေကို ဆွေးနွေး ညှိဖို့လိုတယ်။
အစိုးရက ဥရောပဈေးကွက်ကို တင်နိုင်ဖို့ စည်းကမ်းတွေကိုသာ ဆွေးနွေးချင်တယ်။ ဒီဘက်က အဖွဲ့တွေက တင်နိုင် မနိုင်ဖို့ကို စိတ်မ၀င်စားဖူး။ သစ်ခိုးမှုတွေ ပပျောက်သွားဖို့ စီမံချက် ဆွဲစေချင်တယ်။ တနိုင်ငံထဲမှာ နှစ်ခုဖြစ်မယ်။ တခုက ဥရောပကို သွားဖို့ စည်းစနစ် ကျလို့၊ နောက်တခုက ဖြစ်ချင်တိုင်းဖြစ်နေတော့ ဘာမှ မထူးဘူး၊ ဒါမျိုးမလိုချင်ဘူး၊ ပြည်သူတွေ အသိရှိဖို့လိုတယ်။ ပြီးတော့ အစိုးရက သစ်ကို ပြည်ပပို့ဖို့ပဲ လုပ်နေတယ်။ ဒါပေမယ့် ဖြစ်စေချင်တာက ပြည်တွင်းကို ပိုသုံးစေချင်တယ်။ ဆင်းရဲသားက သူ့အိမ်အတွက်က ဒီသစ်ကိုပဲ အမှီပြုဆောက်ရတယ်။ လယ်ယာသုံးပစ္စည်းဆိုလည်း ဒီသစ်ပဲ သုံးရတယ်။ ကျန်နေတဲ့ သစ်တွေကို ဆင်းရဲသူတွေအတွက် သုံးတာမျိုးပဲ ဖြစ်စေချင်တယ်။ ဒေသခံတွေကို ဦးစားပေးစေချင်တယ်။ အမြင်တွေတော့ မတူကြဘူး။
မေး ။ ။ တိုင်းရင်းသားဒေသတွေထဲမှာ သဘာဝအရင်းအမြစ်တွေ အများကြီးရှိတယ်။ ဒီတော့ ပတ်ဝန်းကျင်ရေးရာကို ဒီဒေသတွေမှာ သွားဟောပြော ဆွေးနွေးတဲ့အခါ အဆင်ပြေမှုရှိရဲ့လား၊ သူတို့ ဒီအရင်အမြစ်တွေအပေါ် သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ တိုင်းရင်းသားတွေကတော့ ရိုးပါတယ်။ အစဉ်အဆက်လည်း နှိပ်စက်ခံလာရတာကိုး။ ငြိမ်ခံရတာပေါ့။ ငြိမ်မခံတော့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး ပြန်တွန်းလှန်တာပေါ့လေ။ ဒီတော့ တရားမျတမှု အတွက်ပဲ တိုင်းရင်းသားတွေ လုပ်လာကြတယ်။ ကိုလိုနီစနစ်ကိုက ခွဲခြားခဲ့တာကိုး။ ဒါတွေကို သေချာမရှင်းနိုင်ရင် အခု ငြိမ်းချမ်းရေး ပြောင်းလဲမှုတွေက ခက်ခဲနေမှာပဲ။ ဒါက အခြေခံဖြစ်နေတဲ့ ကိစ္စတွေပဲ။ ဒါတွေကို ရှင်းဖို့ လိုအပ်တယ်။
http://burma.irrawaddy.org/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။