သီရိသုဓမ္မရာဇာခေတ် ရခိုင်စီးပွားရေးရာ

စောသိန်းတန်

ရခိုင်တိုင်းသည် သေးသွယ်ပြီးကျောရိုးရှည်သော ဒေသဖြစ်သည်။ ၎င်း၏အနောက်ဘက်တွင် ဘင်္ဂလားအော်ရှိသည်။ ပင်လယ်ကမ်းရိုးတန်းမှာ အနောက်ဘက်နယ်နမိတ်တခြမ်းလုံးနှင့် ဆက်စပ်နေသည်။ ကမ်းမြောင်လွင်ပြင်ရပ်များတွင် ဆန်စပါးစိုက်ပျိုးနိုင်သည်သာမက ကမ်းရိုးတန်းဒေသများတွင်လည်း ဆိပ်ကမ်းမြို့များ တည်ဆောက်နိုင်သည်။ ရခိုင်တိုင်းတွင် တောင်ထူထပ်သည်သာမက မြစ်ချောင်းများလည်းပွားများသည်။ ပင်လယ်စသည့် ရေလမ်းကြောင်းများကိုသာ အသုံးပြုသွားလာကြရသဖြင့် ရခိုင်တိုင်းကို ဒုတိယဗင်းနစ်မြို့တော်ဟူ၍ပင် နိုင်ငံခြားသားများက မှတ်တမ်းတင်ခဲ့ကြသည်။ ထိုသို့ ပင်လယ်ထွက်ပေါက်များသော ဒေသဖြစ်သောကြောင့်ပင်ရခိုင်တိုင်းသမိုင်းတွင် ရှေးနှစ်ပေါင်းများစွာကပင် နိုင်ငံခြားတိုင်းပြည်များနှင့် ကူးသန်းရောင်းဝယ် ဆက်သွယ်ခဲ့ကြသည်။ ထို့ကြောင့် ရှေးခေတ်ရခိုင်တိုင်း၏ စီးပွားရေးကိုလေ့လာလျှင် နိုင်ငံခြားသားများနှင့် တန်းတူလိုက်နိုင်သော စီးပွားရေးအမြင်ရှိခဲ့ကြောင်း တွေ့ရပါမည်။

၁၅-ရာစုခေတ်လောက်ကစ၍ မြောင်ဦး(မြို့ဟောင်း)မြို့သည် ရခိုင်တိုင်း၏မြို့တော်ဖြစ်ခဲ့သည်။ သီရိသုဓမ္မရာဇာလက်ထက်တွင်လည်း မြို့တော်မှာ မြောက်ဦးပင်ဖြစ်သည်။ ထိုအချိန်က ရခိုင်တိုင်းမှာ နှစ်ပေါင်း(၂၀၀)ကျော်မျှ အဆက်မပြတ်ဘဲ ငြိမ်းချမ်းခဲ့ရာ စီးပွားရေးမှာ အထူးတိုးတက်လျက်ရှိသည်။ ပေါ်တူဂီ၊ ဒတ်(ချ)စသော နိုင်ငံခြားသားတို့၏ကိုယ်တွေ့မျက်မြင် မှတ်တမ်းများအရ၊ ရခိုင်တိုင်းမှာထိုခေတ်ထိုအခါက၊ အရှေ့အာရှတွင် တရုတ်တို့လောက် အဆင့်အတန်းမမြင့်သော်လည်း တခြားနိုင်ငံများထက် မနိမ့်ကျကြောင်းသိရပေသည်။

ကမ္ဘာသမိုင်းတွင် ပေါ်တူဂီတို့သည် ပင်လယ်ပြင်သို့ ပထမဆုံးခြေဆန့်နိုင်ခဲ့ ကြသူများဖြစ်သည်။ ထို့နောက်မှ ဒတ်(ချ)၊ စပိန်၊ အင်္ဂလိပ်တို့က ပင်လယ်ပြင်ကိုစိုးမိုးနိုင်ခဲ့သည်။ အစောပိုင်းတွင် အိန္ဒိယသမုဒ္ဒရာ၌ ပေါ်တူဂီတဦးတည်းသာကျက်စားခဲ့သော်လည်း (၁၅၈၀)တွင် ပေါ်တူဂီ၏ထီးနန်းသည် စပိန်ဘုရင် ဒုတိယမြောက်ဖိလစ်၏လက်အောက်သို့ ကျရောက်သွားသောအခါမှစ၍ ပေါ်တူဂီတို့မှာကျဆင်းသွားသည်။ ထို့နောက် ဒတ်(ချ)တို့က ရှေ့တန်းတက်လာသည်။

ဒတ်(ချ)တို့သည် (၁၆၀၂)ခုနှစ်တွင် ဒတ်(ချ)အရှေ့အိန္ဒိယကုမ္ပဏီကိုဖွဲ့စည်းပြီး အရှေ့အိန္ဒိယကျွန်းစုရှိ ဂျဗား၊စုမတြားစသည်တို့တွင် ကုန်သွယ်ရေးစခန်းများကို အခြေစိုက်ခဲ့သည်။ ထိုစခန်းများတွင် ကုန်ရုံများကိုတည်ဆောက်ပြီး (Fဗဃွှဥျွှုနှ)ကို ရိုမန်ဒယ်လ်ကမ်းခြေရှိ ဒတ်(ချ)ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသောလုပ်ငန်းကုန်ရုံများနှင့် ဆက်သွယ်သည်။ ဟင်းခတ်အမွှေးအကြိုင် ခြံကြီးများကို ပျိုးထောင်သည်။

ဘတေးဗီးယားမြို့ကို တည်ထောင်သည်။ ခြံကြီးများအတွက် လိုအပ်သော အလုပ်သမားများအတွက် လိုအပ်သောစားနပ်ရိက္ခာများ ရရှိနိုင်ရန်အတွက် ဘင်္ဂလား၊ရခိုင်၊ ပဲခူး၊ တနင်္သာရီ စသည်တို့နှင့် လာရောက်ဆက်သွယ်ကြသည်။ ထို့ကြောင့်သီရိသုဓမ္မရာဇာခေတ်တွင်လည်း ဒတ်(ချ)တို့သည် ပေါ်တူဂီတို့နှင့်အပြိုင်ပင် ရခိုင်တိုင်းတွင် ဝင်ထွက်ကူးသန်းခဲ့ကြသည်။ ပေါ်တူဂီတို့သည် အိန္ဒိယပြည်၊ ဂိုအာနယ်ကိုအခြေပြု၍ဆက်သွယ်ပြီး ဒတ်(ချ)တို့သည် ဘတေးဗီးယားမြို့(ဂျကာတား)ကို အခြေပြုကာ ဆက်သွယ်ကြလေသည်။ ထိုအချိန်က ရခိုင်တိုင်းသည် ဒတ်(ချ)ပေါ်တူဂီတို့နှင့်သာမက ဘင်္ဂလား၊ သီဟိုဠ်စသောပြည်များလည်း ကူးသန်းရောင်းဝယ်ကြပြီး ထိုသင်္ဘောကြီးများသည် မြောက်ဦးမြို့တော်အထိပင် ဝင်ထွက်သွားလာခဲ့ကြသည်။

ဒတ်(ချ)တို့သည် ရခိုင်တိုင်းနှင့်ဆက်သွယ်ရာတွင် ကိုရိုမင်ဒယ်လ် ပင်လယ်ကမ်းခြေမှ ရခိုင်တိုင်းသို့လည်းကောင်း၊ ဗတေးဗီးယားမှ ရခိုင်တိုင်းသို့လည်းကောင်း၊ရွက်သင်္ဘောကြီးများဖြင့် ကုန်စည်များရောင်းဝယ်ခဲ့ကြသည်။ ထိုစဉ်က ရခိုင်တိုင်းသည် ဒတ်(ချ)၏ အရှေ့အနောက်သွား ပင်လယ်လမ်းကြောင်းဝယ် တထောက်နားရာ ဗဟိုစခန်းလည်းဖြစ်သည်။ ထို့ကြောင့် ဒတ်(ခ်ျ)တို့သည် ကိုရိုမန်ဒယ်လ်ကမ်းခြေတွင်လည်းကောင်း၊ ဗတေးဗီးယားတွင်လည်းကောင်း ကုန်ပစ္စည်းထုတ်လုပ်ရောင်းချသော လုပ်ငန်းကုန်ရုံများ တည်ဆောက်ခဲ့ကြသည်။ ထို့ပြင် ရခိုင်တိုင်းတွင်လည်း ကုန်ပစ္စည်းထုတ်လုပ်ရောင်းသော လုပ်ငန်းကုန်ရုံများ တည်ဆောက်ခဲ့ကြသည်။ မြို့ဟောင်းမြို့တော်တွင်လည်း ဒတ်(ချ)ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချသောလုပ်ငန်း ကုန်ရုံများ တည်ရှိခဲ့သေးသည်။

ဒတ်(ချ)တို့ထံမှတင်သွင်းသော သွင်းကုန်များအနက် ဗတေးဗီးယားမှလာ သော သင်္ဘောများတွင် ဟင်းခတ်အမွှေးအကြိုင်နှင့် ဂျပန်ပြည်လုပ်သံမှာ အဓိကဖြစ်သည်။ ဂျပန်သံမှာ တမောင်းလျှင် (၄)ကျပ်ဈေးဖြစ်၍ ဈေးကောင်းသည်။ကိုရိုမန်ဒယ်ကမ်းခြေမှလာသောသင်္ဘောများမှ ကြွေစေ့များ ဒေါ်လာများနှင့် တခါတရံ ဆေးများကိုတင်သွင်းသည်။ ကိုရိုမန်ဒယ်ကမ်းခြေမှလာသော သံမှာမူ ဂျပန်သံလောက် ဈေးကောင်းမရချေ။ ကြွေစေ့များကို ငွေကြေးသုံးစွဲရာတွင် အကြွေအဖြစ်သုံးသည်။ ၎င်းတို့ကို ပိဿာချိန်ဖြင့်ရောင်းချပြီး (၁၄၈)ပိဿာကို ရခိုင်ဒင်္ဂါးတစ်ကျပ်ဈေးရှိသည်။ ရခိုင်ဒင်္ဂါးတစ်ကျပ်တွင် ကြွေစေ့(၂၆၆၀)ရှိသည်ဟု မှတ်သားရဘူးသည်။

ရခိုင်တိုင်းမှ အဓိကတင်ပို့ကုန်မှာ ဆန်စပါးပင်ဖြစ်သည်။ ထို့ပြင် မဲနယ်၊ချိပ်၊ ပျား၊ ဖယောင်း၊ ဆင်နှင့် အထည်ကြမ်း အနက်စများတို့ကိုလည်း ဒတ်(ချ)တို့အား ရောင်းချနိုင်ခဲ့သည်။ ထိုအချိန်က ရခိုင်ဘုရင်သည် အိန္ဒိယတွင်အင်အားကြီးလာသော မဂိုလ်တို့၏ရန်ကို ကာကွယ်ရန်အတွက် ပေါ်တူဂီတို့အား ရခိုင်တိုင်းတွင်နေရာချပေးထားသည်။ ထိုပေါ်တူဂီတို့သည် မိမိတို့၏စီးပွားရေးအတွက် ဘင်္ဂလားနှင့် ဩရိဿကမ်းခြေများမှလူများကို ဖမ်းဆီးပြီး ကျွန်အဖြစ်ရောင်းချသည်။ ထို့ကြောင့် ဒတ်(ချ)တို့သည် အရှေ့အိန္ဒိယကျွန်းစုရှိ ဟင်းခတ်အမွှေးအကြိုင်ခြံကြီးများတွင် လိုအပ်သောအလုပ်သမားတချို့ကို ရခိုင်တိုင်းရှိ ပေါ်တူဂီတို့၏ ကျွန်ရောင်းဝယ်ရေးစခန်းများမှ ဝယ်ယူကြသည်။ တစ်နှစ်တစ်နှစ်လျှင် ကျွန်ပေါင်းတစ်ထောင်ကျော်မျှ ရောင်းချခြင်းခံရသည်။ ကျွန်များမှာ အသက်အရွယ်အလိုက်တန်ဖိုးကွာခြားသည်။ (၁၀)ဖလော်ရင် (၁-ဖလော်ရင်သည် သျှလင်-၆ပဲနီနှင့်ညီမျှ၏)မှ (၃၀)ဖလော်ရင်အထိ ဈေးရှိသည်။

လက်မှုပညာကျွမ်းကျင်သောကျွန်များကိုမူ ရခိုင်ဘုရင်သည် ဒတ်(ချ)တို့အားယူဆောင်ခွင့် မပေးချေ။ဆန်စပါး၊ ချိပ်နှင့်မဲနယ်တို့ကို နိုင်ငံခြားသားတို့အား ရောင်းချခြင်းကို နန်းတော်က ကြိုးကိုင်သည်။ ထိုပစ္စည်းတို့ကို ဘုရင်တစ်ဦးတည်းကသာ နိုင်ငံခြားသို့ရောင်းချနိုင်သည်။ မဲနယ်မှာ တစ်မောင်းလျှင် စစ်တကောင်း၌ ရခိုင်ဒင်္ဂါး(၁)ကျပ်ရှိပြီး မြောက်ဦးတွင် (၃)ကျပ်ရှိသည်။ ချိပ်မှာ တန်ဘိုးရှိသည်။ ပထမပိုင်းတွင် ချိပ်ရောင်းဈေးမှာ တစ်မောင်းလျှင် (၃)ကျပ်ရှိပြီး (၁၆၄၁)တွင် (၈)ကျပ်အထိဈေးတက်သွားခဲ့သည်။ အထည်ကြမ်းအနက်စများကို တိုပါရတွင် ရက်လုပ်ပြီးစစ်တကောင်းနှင့် မြောက်ဦးမြို့ နှစ်ခုစလုံး၌ပင်ရရှိနိုင်သည်၊ ဆင်များမှာ ရခိုင်ဒင်္ဂါး (၁၃၆၀-၁၄၀၀)အထိ ဈေးရှိသည်။ ယင်းဆင်များကို ပူလိကက်နှင့် ကိုရိုမန်ဒယ်လ်ကမ်းခြေရှိ ကုန်ရုံများတွင် ဒတ်(ချ)ကုန်သည်များသည် ဈေး(၄)ဆလောက အမြတ်တင်ကာ ရောင်းချကြသည်။

ဆန်စပါးရောင်းချမှုမှာ တိုင်းပြည်တွင် အရေးအကြီးဆုံးဖြစ်သည်။ ဘုရင်သည် အဝယ်တော်ကိုယ်စားလှယ်များလွှတ်ကာ မိမိတိုင်းပြည်အရပ်ရပ်မှ ဆန်များကို သိမ်းကျုံးဝယ်ထားသည်။ ထို့ကြောင့် နိုင်ငံခြားသားများမှာ ဘုရင်တစ်ဦးထံမှသာ ဆန်စပါးကိုရရှိနိုင်သောကြောင့် ဘုရင်ကတောင်းသည့်ဈေးအတိုင်း ဝယ်ယူကြရသည်။ ဆန်စပါးဈေးနှုန်းကို ဘုရင်၏ကိုယ်စားလှယ်က သတ်မှတ်သည်။ ဈေးနှုန်းမှာ တင်ပို့ရောင်းချရမည့် ဆန်စပါးအနည်းအများနှင့်ဒတ်(ချ)တို့၏လိုအပ်မှုအပေါ်မူတည်ပြီး အတက်အကျရှိသည်။ ပြည်တွင်းဆန်ဈေးမှာ ဆန်တကာရာ(၄၄၀-ပေါင်)လျှင် ရခိုင်ဒင်္ဂါး(၂)ကျပ်မှ (၃)ကျပ်အထိ ဈေးရှိသည်။ ဒတ်(ချ)တို့ကသက်သာသော ပြည်တွင်းဈေးအတိုင်းဝယ်လိုသော်လည်း ဘုရင်က အားလုံးဝယ်ထားပြီးဖြစ်၍ ဈေးကြီးပေးဝယ်ရသည်။

(၁၆၃၁-၃၄)တွင် အရှေ့အိန္ဒိယကျွန်းစု၌ ကပ်ရောဂါနှင့် ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်နေခြင်းကြောင့် ဒတ်(ချ)တို့မှာ ဆန်စပါး အရေးတကြီးလိုအပ်နေသည်။ ထိုအကြောင်းကို ရခိုင်ဘုရင်သည် ဘတေးဗီးယားသို့အကြောင်းအမျိုးမျိုးပြကာ သံများစေလွှတ်စုံစမ်းပြီးဖြစ်သဖြင့် ဒတ်(ချ)တို့၏အကျပ်အတည်းကို သိရှိပြီးဖြစ်သည်။ ထို့ကြောင့် ဆန်ဈေးကို ထကာရာလျှင် (၁၀)ကျပ်အထိတိုးမြှင့်လိုက်သည်။ ထိုအကျပ်အတည်းအချိန် ကုန်လွန်ပြီးသည်နောက်တွင်မူ ဒတ်(ချ)တို့သည် ဆန်တစ်ကာရာလျှင် (၅)ကျပ်ဈေးနှင့်ရရှိအောင် ကြိုးစားနိုင်ခဲ့ပေသည်။

ဒတ်(ချ)တို့သည် ဆန်စပါးဈေးကြီးမိသည်ဟု ဆိုရစေကာမူ ဗတေးဗီးယားတွင်ဆန်ရောင်းဈေးမှာ တစ်ကာရာလျှင် (၁၈)ကျပ်ဖြစ်သည်။ဒတ်(ချ)တို့မှာ ထိုမျှအမြတ်ရသော်လည်း နည်းသည်ဟု ထင်သေးသည်။ထို့ကြောင့် (၁၉၃၆)တွင် ဒတ်(ချ)ကုန်သည်တို့သည် ဘုရင်ထံမှာ ဈေးကြီးမမိစေရန်စစ်တကောင်းသို့ ကိုယ်စားလှယ်များလွှတ်ကာ တစ်ကာရာလျှင် (၂)ကျပ်မှ(၃)ကျပ်အထိ ဈေးပေးကာအဝယ်လွှတ်သော်လည်း ထိုဒေသရှိ ဆန်များအားလုံးမှာ ဘုရင့်အဝယ်တော်များက တကာရာကို (၂)ကျပ်ဈေးနှင့် ဝယ်ယူထားနှင့်လေပြီ။ ထို့ကြောင့်ဒတ်(ချ)တို့အား (၃)ကျပ်မှ(၄)ကျပ်ဈေးနှုန်းအတိုင်းရောင်းရန် ရခိုင်ဘုရင်က ငြင်းပယ်နိုင်ခဲ့လေသည်။

ထိုအချိန်တွင် ဒတ်(ချ)တို့မှာ အခက်အခဲနှင့်ရင်ဆိုင်နေရသည်။ မလက္ကာတွင် ပေါ်တူဂီနှင့်တိုက်ပွဲများဖြစ်ပွားနေသည်။ ဆင်တန်ဘုရင်နှင့် အရှေ့အိန္ဒိယတိုင်းရင်းသားများက ပုန်ကန်နေကြသည်။ ထို့ကြောင့် ဆန်စပါးမှာ အရေးတကြီးလိုအပ်နေသည်။ ထိုအခြေအနေအားလုံးကို ဗတေးဗီးယားမှ ပြန်လာသောသံများက ရခိုင်ဘုရင်အား တင်လျှောက်ပြီးဖြစ်သည်။ ထို့ပြင် နောင်နှစ်များတွင်လည်းဒတ်(ချ)တို့၏ အခြေအနေကိုပိုသိစေရန် အထောက်တော်သူလျှိုများ စေလွှတ်ဖို့ကိုလည်း သံတို့က အကြံပေးသည်။ ဒတ်(ချ)ဘုရင်ခံကလည်း ဘတေးဗီးယားသို့စီးပွားရေးရာများကို စုံစမ်းမည့်သူများ မလာနိုင်စေရန် တားမြစ်သည်။ ထို့ပြင်မိမိတို့ကုန်သည်များ ဤသို့ ဈေးပိုပေးနေရသည်။ ကျေနပ်ဘွယ်ရာ မရှိကြောင်း။

ဆန်ဈေးမှာ တစ်ကာရာလျှင် (၅)ကျပ်ဆိုလျှင် သင့်တော်မည်ဖြစ်ကြောင်း စာရေးသားတောင်းဆိုသည်။ သို့သော်လည်း ရခိုင်ဘုရင်မှာ အလျော့မပေးခဲ့။ မိမိ၏အမိန့်ကိုဖောက်ဖျက်ကာ နိုင်ငံခြားသားများထံသို့ ဆန်များရောင်းချရန် ကြိုးစားသူကိုပင်သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ကာ ပို၍အတိအကျလုပ်သည်။ ဤသို့ဖြင့် ဒတ်(ချ)တို့သည် လွတ်လပ်စွာရောင်းဝယ်နိုင်ရေးအတွက် အကြိမ်ကြိမ်တောင်းဆိုကြိုးစားခဲ့သော်လည်း စန္ဒသုဓမ္မရာဇာလက်ထက်သာလျှင် တိုင်ခဲ့သည်။ မအောင်မြင်ခဲ့ချေ။

သီရိသုဓမ္မခေတ် ရခိုင်တိုင်း၏ စီးပွားရေးကိုချုံ၍လေ့လာကြည့်လျှင် ထုတ်ကုန်နှင့်သွင်းကုန်တွင် ရခိုင်တိုင်း၏ထုတ်ကုန်က ပို၍များပြားသည်။ သွင်းကုန်မှာ ထွက်ကုန်နှင့်စာသော် မပြောပလောက်ချေ။ ရခိုင်တိုင်းအနေနှင့် ထိုအချိန်ကမည်သူနှင့်မျှပင် မဆက်ဆံ၊မရောင်းဝယ်ဘဲ ရပ်တည်နိုင်သည်အထိ စီးပွားရေးအခြေအနေ ခိုင်ခံ့သည်။ စားနပ်ရိက္ခာ၊ ဆန်ရေစပါး ကြွယ်ဝပိုလျှံသည်။ အဝတ်အထည်များကိုလည်း ပြည်တွင်း၌ပင် ရက်လုပ်သည်။ အသုံးအဆောင်များမှာလည်းယခုကဲ့သို့ မထွေပြားသေး၍ ပြည်တွင်းဖြစ် ပစ္စည်းကိရိယာများနှင့်ပင် လုံလောက်သည်။ သို့သော် ထိုအချိန်က ရခိုင်တိုင်းအတွက် အရေးတကြီးလိုအပ်သည်မှာလက်နက်ခဲယမ်း မီးကျောက်ဖြစ်သည်။ တဖက်တွင် အိန္ဒိယ၌မဂိုလ်တို့ အင်အားကောင်းလာ၍ ရခိုင်တိုင်း၏လွတ်လပ်ရေးကို စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။

ထို့ကြောင့် ရခိုင်ဘုရင်မှာ မဂိုလ်တို့၏အင်အားက ခြောက်လှန့်မှုကြောင့် လက်နက်ခဲယမ်းများနှင့် ကျွမ်းကျင်သူစစ်သားများ အမြဲတမ်းလိုအပ်လျှက်ရှိရာ ပေါ်တူဂီတို့နှင့် ဆက်သွယ်လာခဲ့ရသည်။ ပေါ်တူဂီ ကြေးစားစစ်သားများကို လက်သပ်မွေးထားခဲ့ရသည်။ ပေါ်တူဂီတို့ကို အကြောင်းပြု၍ပင် တဆင့်တက်၍ ဒတ်(ချ)တို့နှင့်ဆက်သွယ်မှုရခဲ သည်။ ထိုသို့ နိုင်ငံခြားသားများနှင့် စီးပွားရေးဆက်သွယ်မှုများပိုမိုများပြားလာလေလေ၊ စီးပွားရေးအမြင် ကျယ်လာလေလေဖြစ်သည်။

တစ်ဦးနှင့်တစ်ဦး၊ တစ်ပြည်နှင့်တစ်ပြည် ကူးသန်းရောင်းဝယ်သည်ဆိုရာတွင်တစ်ယောက်ထက်တစ်ယောက် မျက်စိလျင်ဘို့လိုသည်၊ နားလျင်ဘို့လိုသည်၊ လက်မြန်ဘို့လိုသည်။ နှေးသောသူသည် ထိပ်ကွက်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ကွက်ကျော်မြင်တတ်ဘို့ လိုသည်။ ထိုအချိန်က ရခိုင်တို့မှာ ဒတ်(ချ)တို့၏ ကုန်သွယ်ရေးစနစ်ကို နားလည်နေကြလေပြီ။ ပို၍ပင် ကွက်ကျော်မြင်တတ်နေပြီဖြစ်သည်။ ထို့ကြောင့် ဆန်စပါးရောင်းချရာတွင် ဒတ်(ချ)တို့၏ဈေးနှိမ်ဝယ်မှုကို တရံမျှ မခံခဲ့ရဘူးသည့်အပြင် ပို၍ပင် ဈေးမြှင့်ကာရောင်းချနိုင်ခဲ့ကြသည်။ထိုသို့ရောင်းဈေးနှုန်းကို ထိန်းသိမ်းကြပ်မတ်နိုင်ခြင်းမှာ ဆန်ရောင်းချမှုကို ဘုရင်တစ်ဦးတည်းကသာ ချယ်လှယ်ကြိုးကိုင်ထား၍ဖြစ်သည်။ အကယ်၍ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုမည်ဆိုပါက ရခိုင်ဆန်ကုန်သည်ပွဲစားများအပေါ်ဒတ်(ချ)ကုန်သည်တို့က လွှမ်းမိုးချယ်လှယ်သွားပေလိမ့်မည်။ ထိုအချိန်က အုပ်ချုပ်ရေးပုံစံမှာ သက်ဦးဆံပိုင်စနစ်ဖြစ်ရာ ဘုရင်သည် နိုင်ငံတော်၏အထွတ်အထိပ်ဖြစ်သည်။

အစိုးရလည်းဖြစ်သည်။ ယခုအခါ ဆန်စပါးရောင်းချမှုကို အစိုးရကကြိုးကိုင်သကဲ့သို့ ဘုရင်က ကြပ်မတ်ထိန်းသိမ်းခြင်းသာ ဖြစ်သည်။ ဤသို့ နိုင်ငံခြားရောင်းဝယ်မှုအစိုးရက ကွပ်ကဲထိန်းသိမ်းခြင်းသည် တိုးတက်သော စီးပွားရေးစနစ်ပုံစံဖြစ်သည်။

ထို့ကြောင့် သီရိသုဓမ္မရာဇာခေတ် ရခိုင်တိုင်း၏စီးပွားရေးမှာ ခေတ်နှင့်နှိုင်းလျှင်အဆင့်အတန်းမြင့်မားခဲ့ကြောင်း တွေ့ရပေသည်။

စောသိန်းတန်
၎-၁၁-၆၇

မြန်မာနိုင်ငံ သုတေသနအသင်းထုတ် FIFTIETH ANNIVERSARY PUBLICATIONS
NO.2 rS D.G.E HALL\ STUDIES IN DUETH RELATIONS WITH ARAKAN ကိုမှီငြမ်းရေးသားပါသည်။
---------------------------------
ဝန်ခံချက်။  ။  ရခိုင့်ညွှန့်ဖူး အမှတ် (၁)+(၂) ယဉ်ကျေးမှုဆောင်းပါးများ စာအုပ်မှ ကူးယူဖော်ပြပါသည်။
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။