ပထမဆုံး ဖမ်းဆီးသူသည် နတ်ကွန်းဗုံးခွဲသည့် အဓိက တရားခံဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ



ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးခဲ့သည့် သံသယတရားခံသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သွားခဲ့သည်။

ပြီးခဲ့သည့်လက ဘန်ကောက်ရှိ လူစည်ကားရာ ဟိန္ဒူနတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူ နိုင်ငံခြားသား အချို့ကို ထိန်းသိမ်း စစ်ဆေးနေပြီးနောက် တစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ပယာရွတ်သ် သာဗွန်ဆီရီက အဒမ် ကာရာဒက်ဟု ကြေညာထားသည့် သံသယ တရားခံသည် လုံခြုံရေး ကင်မရာ မှတ်တမ်းများတွင် တွေ့ရှိရသည့် အင်္ကျီအဝါနှင့်လူမှာ ၎င်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ ကင်မရာ မှတ်တမ်းများတွင် အင်္ကျီအဝါ ဝတ်ဆင်ထားသူ တစ်ဦးသည် ကျောပိုးအိတ် တစ်လုံးကို အခင်းဖြစ်ရာ နေရာ၌ ချသွားပြီး မကြာမီ ဗုံးပေါက်ကွဲခဲ့သည်ကို ဖော်ထုတ် တွေ့ရှိရသည်။

ရဲတပ်ဖွဲ့က အခြားနာမည်ဝှက်များပါ ရှိနေသည့် ကာရာဒက်သည် အဓိက ဗုံးသမားဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် အခြားသော ထောက်လှမ်းရေး ပုံရိပ်မှတ်တမ်းများကို ဖော်ထုတ် အသုံးပြုခဲ့ကြောင်း ဆိုသည်။ အသစ်ထုတ်ပြန်သော ဗီဒီယို မှတ်တမ်းတွင် ဗုံးသမားသည် အိမ်သာတစ်ခုထဲ ဝင်သွားကာ အဝတ်များ လဲလှယ်ပြီးမှ ထွက်ခွာသွားသည်ကို တွေ့ရသည်။

“ဓာတ်ပုံထဲကလူဟာ သူပဲလို့ တရားခံက ဝန်ခံပါတယ်။ သူ့ရဲ့ ထွက်ဆိုမှုတိုင်းက တစ်ခုနဲ့တစ်ခု ကွင်းဆက်မိလာပါတယ်။ နောက်ဆုံးတော့ သူက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံလာရတာ ဖြစ်ပါတယ်”ဟု ပယာရွတ်သ်က ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် ကာရာဒက်အပြင် အခြား သံသယ တရားခံ တစ်ဦးဖြစ်သည့် ယူဆူဖူ မိုင်ရိုင်လီကိုပါ အခင်းဖြစ်ရာ နေရာသို့ ခေါ်ယူပြီး ပြစ်မှု ကျူးလွန်ပုံကို သရုပ်ပြစေရန် စီစဉ်ထားကြောင်း သိရသည်။

မိုင်ရိုင်လီသည် ဗုံးအိတ်ကို ယူလာပြီး ဟွာလွမ်ဖောင် ရထားဘူတာတွင် ကာရာဒက်ထံ လွှဲပေးခဲ့ကြောင်း ရဲများက ပြောကြားခဲ့သည်။ ထို့အပြင် ဖုန်းကို အဝေးထိန်း ဖောက်ခွဲရန် မိုဘိုင်းဖုန်းတစ်လုံး ချထားခဲ့သည့် နေရာကိုလည်း ရဲများက တရားခံများကို ခေါ်ဆောင်ကာ သတင်းထောက်များရှေ့တွင် သရုပ်ပြသွားစေဖွယ် ရှိသည်။

အဆိုပါ ဗုံးခွဲမှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရက မသင်္ကာသူ တရားခံ ၁၇ ဦး၏ အမည်များကို ကြေညာကာ ဖမ်းဝရမ်း ထုတ်ပြန်ထားသည်။ အဆိုပါ အသိုက်အဝန်းတွင် အလီနောနှင့် မန်နျူမူဟာမက် အစ္စမေးလ်တို့သည် ဗုံးကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရာတွင် အသုံးပြုမည့် ဖုန်းဆင်မ်ကတ်များ ဝယ်ယူခဲ့သည်ဟု ယူဆရသည်။ ဧရာဝဏ် ဗုံးကွဲမှုအပြီး နောက်တစ်နေ့တွင် ဘန်ကောက်ရှိ ဆိပ်ခံတံတား တစ်ခုအနီး ဖြစ်ပွားသော ဗုံးခွဲမှုကို ကျူးလွန်သည်ဟု ယူဆရသော အခြားသံသယ တရားခံ တစ်ဦးကိုလည်း ထိုင်းရဲများက ရှာဖွေနေသည်။ အဆိုပါ ဖြစ်ရပ်တွင် ဗုံးသည် ရေထဲ ကျကာ ပေါက်ကွဲခဲ့ပြီး အထိအခိုက် အနာတရ မရှိခဲ့ချေ။

ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ ဗုံးဖောက်ခွဲမှုများအတွက် အပြစ်ရှိသော သံသယ တရားခံများကို လူသတ်မှု၊ လူသေစေသည့် ဗုံးလက်နက်များ အသုံးပြုမှု၊ လူအများ ထိခိုက်ဒဏ်ရာရစေမှု၊ ဆုံးရှုံးနစ်နာမှုများအတွက် စွဲချင်တင်ရန် စီစဉ်ထားသည်။ ဧရာဝဏ် နတ်ကွန်း ဗုံးခွဲမှု ကျူးလွန်ရသည့် အဓိက အကြောင်းရင်းကိုမူ ထိုင်းရဲတပ်ဖွဲ့က ကွဲကွဲပြားပြား ပြောဆိုမှု မရှိသေးကြောင်း သိရသည်။

http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။