လိပ်ကျွန်းအမှု၌ ထိုင်းရဲတပ်ဖွဲ့၏ သက်သေအဖြစ် တင်သွင်းထားသည့်အချက်များ ကွဲလွဲနေ



ချင်းမိုင်၊ စက်တင်ဘာ ၂၃။ ။

ထိုင်းတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရမှုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်ပေးနေသော အင်္ဂလန်နိုင်ငံသား အန်ဒီဟော(Andy Hall) က တရားခံပြ သက်သေအဖြစ် ထွက်ဆိုခဲ့သည်။

၎င်း၏ ထွက်ဆိုချက်တွင် ထိုင်းရဲတပ်ဖွဲ့၏ သက်သေအဖြစ် တင်သွင်းထားသည့်အချက်များ ကွဲလွဲနေမှုကို တင်ပြခဲ့သည်ဟု မြန်မာသံရုံးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

ထိုင်းနိုင်ငံ မဟာချိုင်တွင် အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) မှ နိုင်ငံခြား ရေးရာအတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်နေသူ အန်ဒီဟောက အင်္ဂလန်နိုင်ငံသားများ အသတ်ခံရမှု အမှုမှန် ပေါ်ပေါက်ရေး ကူညီဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။

“အမှုတွဲမှာ တယ်လီဖုန်းနဲ့ ပတ်သက်ပြီးတော့ ဒေးဗစ်ရဲ့ ဖုန်းပါလို့ ထိုင်းရဲက သက်သေခံ အထောက် အထားနဲ့ အင်္ဂလန်နိုင်ငံက ပြန်ကြားစာပါဆိုပြီးတော့ တင်ထားတဲ့ စာရွက်ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ တယ်လီဖုန်းဌာနအကြီးအကဲကို ဆက်သွယ် ဆောင်ရွက်တဲ့ အခါမှာ သူတို့နိုင်ငံက သေဒဏ် ထိုက်တဲ့အမှုတွေမှာ အဖြေပေးတဲ့ အလေ့အထ မရှိပါဘူး”

“ ဒီစာရွက်ကလည်း သူတို့ စာရွက်မဟုတ်ပါဘူးဆိုပြီးတော့ ကန့်ကွက်တဲ့ စာကို ထိုင်းသံရုံးနဲ့ တရားခံ ရှေ့နေများထံကို အဲဒီကန့်ကွက်စာကို ပို့ပါတယ်။ အဲဒါ မိတ္တူကိုလည်း ဒီနေ့အပြည့်အစုံ သက်သေခံ တင်ပြပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ဒေးဗစ်ရဲ့ ဖုန်းဟာ ရဲက ပြောတာ မှားယွင်းတယ်။ ကွဲလွဲချက် ဖြစ်တယ် ဆိုတာ ပေါ်လွင်နေတဲ့ အချက်ပါပဲ”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

နိုင်ငံခြားသားအမှုနှင့် ပတ်သက်လျှင် အလုပ်သမားအရေးဆောင်ရွက်ရာ၌ ထိုင်းရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ သံရုံးမှ နားလည်ကျွမ်းကျင်သည့် ဘာသာပြန်ကို ခေါ်သင့်ကြောင်း၊ ယခုအမှုတွင် သင့်တော်သည့်၊ ရင်းနှီးသည့် ဘာသာပြန်ကို အသုံးပြုခြင်းသည်လည်း အမှုကို မှားယွင်းစေသလို မြန်မာသံရုံးကိုလည်း အကူအညီမတောင်းခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

တရားလိုဘက်မှ သက်သေအဖြစ် တင်ပြထားသည့် တရားခံ ဇော်လင်း၏ ပြေးနေသည့် ဓာတ်ပုံကို  အင်္ဂလန်နိုင်ငံရှိ ပညာရှင်နှင့် စစ်ဆေးစဉ် ယင်းဓာတ်ပုံသည် ကိုဇော်လင်း ၏ ဓာတ်ပုံမဟုတ်ကြောင်း အင်္ဂလန် နိုင်ငံမှ ပညာရှင်က အဖြေထုတ်ဖော်ပြောကြားချက်ကိုလည်း ယနေ့ တရားခွင်သို့ တင်ပြခဲ့သည်ဟု ၎င်းက ပြောသည်။

ထို့ပြင် သေဆုံးသူ ဟန်နာ၏ အလောင်းကို စစ်ဆေးခဲ့သူ အင်္ဂလန်နိုင်ငံမှ ဆရာဝန် Jonh Cerry က သူစစ်ဆေးတွေ့ရှိချက်များ ကွဲလွဲမှုကိုလည်း ထွက်ဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

“ သူက စစ်ဆေးတဲ့အခါမှာ ရဲတွေ တင်ပြထားစစ်ချက်အရ တန်ဆာနဲ့ စအိုကြားမှာ ဒဏ်ရာရှိတယ် ဆိုပြီးတော့ ရဲစစ်ချက်အရ ဖော်ထားတာ ရှိပါတယ်။ ဒါပေမဲ့ ဒီဆရာဝန် စစ်ဆေးတဲ့အခါ တန်ဆာနှင့် စအိုကြားမှာ  ဘာဒဏ်ရာမှ မရှိဘူးဆိုတဲ့အဖြေကို ရပါတယ်။ ဒါတွေ မကသေးဘူး။ ဒီလို မုဒိန်းမှုမှာ ဒဏ်ရာဒဏ်ချက် ရှိပါတယ် လို့ပြောလို့ ရှိရင် ဒီတန်ဆာနဲ့ စအိုကြားရှိ အသားကို လှီးထုတ်ပြီးတော့မှ အပြင်မှာ စစ်ဆေးရမယ်။ ထိုင်းရဲက ဒီလိုမစစ်ဆေးဘဲနဲ့ ဒဏ်ရာရှိတယ်ဆိုပြီး ပြောတာ မှားပါတယ်” ဟု ဆိုသည်။

လူသတ်မှုဖြစ်စဉ်တွင် နှိပ်စက်ခံခဲ့ရသော ရခိုင်လူမျိုး မင်းမောင်ဆိုသူ၏ ပြောကြားချက်အရ သူ့အား ရေနွေးလောင်းခြင်း၊ ပလတ်စတစ်အိတ်နှင့် ခေါင်းစွပ်ခြင်းတို့ကိုလည်း တင်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။

တရားခံပြသက်သေအဖြစ် စက်တင်ဘာလ ၁၁ ရက်က ထိုင်းနိုင်ငံ ဗဟိုမှုခင်းဆေးပညာသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဖွန်းထစ်ရိုကျနာဆူလန် အပါအဝင် ယနေ့ထိ ၅ ဦး စစ်ဆေးပြီးသွားပြီ ဖြစ်ကြောင်း ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

မနက်ဖြန် စက်တင်ဘာလ ၂၄ ရက်တွင် ဖမ်းဆီးခံနေရသူ ဝင်းဇော်ထွန်းအား ကော့သောင်းကျွန်းမှ ဆူရတ်ဌာနီသို့ အသွား သဘောင်္ဆိပ်တွင် လာကြိုခဲ့သော မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ ဦးကို စစ်ဆေး သွားမည် ဖြစ်ကြောင်း သိရသည်။

အန်ဒီဟောသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၅ ရက်က ဖွဲ့စည်းခဲ့သော မြန်မာသံအမတ် ဦးဝင်းမောင် ဦးဆောင်၍ မြန်မာအထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် လုပ်ပိုင်ခွင့်များ ရရှိလာခဲ့ရာမှ အင်္ဂလန်နိုင်ငံ  လူ့အခွင့်အရေးအဖွဲ့နှင့်သော်လည်းကောင်း၊ အင်္ဂလန်သံရုံးနှင့် သော်လည်းကောင်း ဆက်သွယ်၍ မှန်ကန်သည့် အထောက်အထားများ ရယူကာ တရားခွင်သို့ တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

လိပ်ကျွန်းကမ်းခြေတွင် ဗြိတိန်နိုင်ငံသား ခရီးသည် ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က အသတ်ခံခဲ့မှုတွင် ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ မြန်မာရွှေ့ပြောင်း လုပ်သား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား တရားခံအဖြစ် ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။

http://mizzimaburmese.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။