ရက် ၆၀ တော်လှန်ရေး

၂၀၁၅ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးခြင်းကိုစတင် ခွင့်ပြုပေးလိုက်တဲ့နေ့ဖြစ်တဲ့ စက်တင်ဘာ ၈ ရက်မှာပဲအင်အားကြီးပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ရဲ့အလှပြယာဉ်တွေ မန္တလေးမြို့ရဲ့လမ်းမထက်မှာစတင်မြင်တွေ့ကြရပြီး ပါတီဝင်တွေဟာလည်း ဆိုင်းဘုတ်တွေလွှင့်ကိုင်လို့ မိမိတို့ပါတီ အောင်နိုင်ရေးအတွက် လှုပ်ရှားမှုတွေ စတင်အသက်ဝင်လာတာကိုပြည်သူအများသတိပြုမိခဲ့ကြပါတယ်။
မဲဆွယ်စည်းရုံးခွင့်ကို ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ  ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀  ခွင့်ပြုပေးထားတဲ့အတွက် အဲဒီရက်၆၀ အတွင်းမှာ ပါတီအသီးသီးက မိမိတို့ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်မဲဆွယ်စည်းရုံးမှုများကို စတင်လုပ်ဆောင်လာကြပြီ ဖြစ်သလိုတစ် သီးပုဂ္ဂလအမတ်လောင်းများကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များကို စတင်အကောင် အထည်ဖော်လာကြပြီဖြစ်ပါတယ်။
လာမယ့်ရွေးကောက်ပွဲမှာ ပါတီပေါင်း ၉၀ ကျော်က အမတ် လောင်း ခြောက်ထောင်ကျော် (တစ်သီးပုဂ္ဂလအမတ်လောင်း အပါအဝင်)ဝင်ရောက်ယှဉ်ပြိုင် ကြမှာဖြစ်ပြီး အဲဒီအမတ်လောင်း ခြောက်ထောင်ကျော်ဟာ ဒီရက် ၆၀ အတွင်းမှာ သက်ဆိုင်ရာ မဲ ဆန္ဒနယ်တွေက ပြည်သူတွေထံ ရောက်ရှိလာပါလိမ့်မယ်။ မိမိတို့ ဟာ ပြည်သူလူထုအတွက် ဘယ် လိုမျိုးရပ်တည်ချက်တွေနဲ့ လွှတ် တော်ထဲကိုဝင်ရောက်မယ်၊ ပြည် သူလူထုအတွက် ဘာတွေကိုလုပ် ဆောင်ပေးသွားမယ်ဆိုတဲ့ ကတိ ကဝတ်များစွာနဲ့အတူ ပြည်သူထံ က မဲရရှိရေးကြိုးစားကြမှာဖြစ်ပါ တယ်။ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေ ရဲ့ အဓိကပစ်မှတ်က ပြည်သူလူ ထုပဲဖြစ်ပါတယ်။
ပြည်သူလူထုဘက်ကလည်း လာမယ့်ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲထက် အဆပေါင်း များစွာပိုတဲ့ မျှော်လင့်ချက်ကို ထားပါတယ်။ ပြုပြင်ပြောင်းလဲမှု တစ်ခုဖြစ်ဖို့အတွက် ဆန္ဒပြင်းပြ ကြပါတယ်။ အဓိကကတော့ ပြည်သူ့အကျိုးကို လိုလားတဲ့ အစိုးရအဖွဲ့အစည်းတစ်ရပ်ပေါ် ထွက်လာစေဖို့ဆိုတဲ့ မျှော်လင့် ချက်၊ ဆန္ဒများပြင်းထန်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ လာမယ့် ရွေးကောက်ပွဲကနေ ပြည်သူ့အ ကျိုးကိုလိုလားတဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းသွားနိုင်ရေးဆိုတဲ့ အဆင့်ထိ ပြည်သူအများစု ရည်မှန်းချက်ထားကြပါတယ်။
အဲဒီအတွက်လည်း ပါတီကို ကြည့်ပြီး မဲပေးမလား။ လူကို ကြည့်ပြီးမဲပေးမလားဆိုတဲ့ အား ပြိုင်မှုတွေရှိနေပါတယ်။ ပါတီကို ကြည့်ပြီးမဲပေးဖို့ဆိုတဲ့စကားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားထားခဲ့သလို သမ္မတဦးသိန်းစိန်ကတော့ လူပုဂ္ဂိုလ်ရဲ့အရည်အချင်းကို ကြည့်ပြီး မဲပေးဖို့ဆိုတဲ့စကားကိုဆိုထားပါတယ်။ ပါတီကိုကြည့်ပြီး မဲပေးမလား။ အမတ်လောင်းကိုကြည့်ပြီးမဲပေးမလားဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆဲဗင်းဒေးသတင်းစာကလည်း အွန်လိုင်းကနေတစ်ဆင့် စစ်တမ်းတစ်ခုကို ပြုလုပ်ခဲ့ပါ တယ်။ အဲဒီစစ်တမ်းကို သြဂုတ်၂၃ ရက်ကစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပါတီကိုကြည့်ပြီး မဲပေးမယ်ဆိုသူက ၈၀ ရာခိုင်နှုန်းနီးပါးရှိပြီး လူကိုကြည့်ပြီးမဲပေးမယ်ဆိုသူက ၂၀ ရာခိုင်နှုန်းကျော်ရှိတယ်ဆိုတဲ့အဖြေကို ရရှိခဲ့ပါတယ်။
အဲဒီစစ်တမ်းမှာ ဖြေဆိုခဲ့သူ တွေထဲက တစ်ဦးဖြစ်တဲ့ကိုမျိုး အောင်ဆိုသူပြောဆိုထားတဲ့ မှတ် ချက်တစ်ခုကို ပြန်လည်ဖော်ပြ ပေးချင်ပါတယ်။ အဲဒါကတော့ ‘‘ပါတီကိုကြည့်ပြီးမဲပေးမှာ။ နှစ် ၆၀ ကျွန်ပြုအုပ်ချုပ်ခဲ့တဲ့ စစ်အာ ဏာရှင်စနစ်ကျဆုံးသွားရင်းပြီး ပြီ’’ဆိုတဲ့ မှတ်ချက်ဖြစ်ပါတယ်။ ပြည်သူအများစုဟာလည်း ကိုမျိုး အောင်လို ခံစားမှုမျိုးရှိနေသူများ ဖြစ်ပါတယ်။ အာဏာရှင်စနစ် ခေါင်းထောင်လာမှာကို စိုးရိမ်ကြ ပါတယ်။ အာဏာရှင်စနစ်ကျဆုံး ဖို့နဲ့ ပြည်သူ့အကျိုးကို ထိထိ ရောက်ရောက်ဖော်ဆောင်နိုင်ဖို့ အတွက်ဆိုရင် မဲပေးရာမှာ လူ (အမတ်လောင်း)အချို့ကို ကြည့် ဖို့လိုမှာဖြစ်ပါတယ်။ ထိုသူများ ကတော့ ၂၀၁၅ ရွေးကောက်ပွဲ မှာ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားတဲ့ လက်ရှိလွှတ် တော်တွင်းက အမတ်များနဲ့ အစိုးရအဖွဲ့အတွင်းက ဝန်ကြီးများပဲဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာ လတုန်းက မိမိတို့မဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ အမတ်လောင်း ဖြစ်တဲ့ အခုလွှတ်တော်တွင်းက အမတ်တွေနဲ့ ဝန်ကြီးတွေဟာ ဘယ်လိုမျိုးစကားတွေ ဘယ်လို မျိုး ကတိကဝတ်တွေကို ဆိုခဲ့ပြီး မိမိတို့ရင်ထဲက မဲတစ်ပြားကို ရ ယူသွားခဲ့သလဲ။ အဲဒီအမတ်ဟာ ရွေးကောက်ပွဲမှာအနိုင်ရရှိသွား ပြီးတဲ့နောက် ပြည်သူလူထုအကျိုး ကို ဘာတွေလုပ်ပေးခဲ့သလဲ၊ ပေး ခဲ့တဲ့ ကတိကဝတ်တွေအပေါ်မှာ ကော ဘယ်လောက်အထိ တည်ခဲ့ သလဲဆိုတဲ့ တိုင်းတာမှုနဲ့ လာ မယ့်ရွေးကောက်ပွဲမှာ အဲဒီအမတ် ကို ထပ်မံရွေးချယ်သင့်၊ မသင့် ဆုံးဖြတ်သွားရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပါတီကိုကြည့် မလား။ လူကိုကြည့်မလားဆိုတဲ့ အားပြိုင်မှုမှာတော့ လက်ရှိလွှတ် တော်အမတ်တွေ၊ ဝန်ကြီးတွေနဲ့ ပတ်သက်လာရင် လူကိုကြည့်ဖို့လိုမှာဖြစ်တယ်လို့ ဆိုချင်ပါတယ်။
လွန်ခဲ့တဲ့ငါးနှစ်တာကာလ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ပိုင်းကစလို့ မိမိကိုယ်စားပြုခဲ့တဲ့ မဲဆန္ဒနယ်ဘက်ကို ရောက်မလာ တော့တဲ့ အမတ်တွေလွှတ်တော် ထဲမှာရှိပါတယ်။ မိမိမဲဆန္ဒနယ် တွင်းက ပြည်သူ့အကျိုးအတွက် အဆိုတင်သွင်းခြင်း၊ မေးခွန်းမေး မြန်းခြင်းမပြုနိုင်ခဲ့တဲ့အမတ်တွေ လွှတ်တော်ထဲမှာရှိပါတယ်။ ပြည် သူ့အကျိုးကို မျက်ကွယ်ပြုထား တတ်တဲ့ အမတ်တွေ လွှတ်တော် ထဲမှာရှိပါတယ်။ လာမယ့်လွှတ် တော်အတွင်း ပြန်လည်ဝင်ရောက်ခွင့်ပေးဖို့ မထိုက်တန်သူများ ဖြစ်ပါတယ်။ ငါးနှစ်မှတစ်ကြိမ်သာ ပြည်သူကိုသတိရတတ်၊ စေတနာထားတတ်တဲ့ အမတ်တွေကတော့လာမယ့် ရွေးကောက်ပွဲမှာ ရွေးချယ်ခံရခြင်းဆိုတာထက် ရွေးပယ်ခံရခြင်းနဲ့သာ ထိုက်တန်သူ များဖြစ်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကခွင့်ပြုပေးခဲ့တဲ့ အမတ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်ကာလ ရက် ၆၀ ဟာ ပြည်သူလူထုအတွက်တော့ မိမိတို့ထံ ရောက်ရှိလာမယ့် အမတ်တွေဟာ မိမိတို့အကျိုးကိုလိုလားမယ့်သူဟုတ်၊ မဟုတ်၊ မိမိတို့ရင်ထဲကမဲတစ်ပြားနဲ့ ထိုက်တန်သူဟုတ်၊ မဟုတ်စိစစ်ပြီး မထိုက်တန်သူများကို ပြတ်သားတဲ့စိတ်နဲ့ ဖယ်ရှားပစ်ရမယ့်ကာလ၊ တားဆီး တော်လှန်ရမယ့်ကာလ ဖြစ်ပါကြောင်း။။
http://www.7daydaily.com/
Share on Google Plus

About Kyauk Phru Net

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment

မှတ်ချက်တွေကို ဖော်ပြရန် ခဏလေးစောင့်ကြပါ။